အသင်းကို နောက်တစ်ကြိမ် ပြန်လည် တည်ဆောက်သွားဦးမယ့် Dendi ဦးဆောင်တဲ့ B8 Dota2

ပရိသတ် အချစ်တော် ကစားသမား Dendi ဦးစီး တည်ထောင်ထားတဲ့ B8 Dota2 အသင်းကတော့ ကစားသမား နှစ်ဦး ထွက်ခွာခြင်းနဲ့အတူ နောက်တစ်ကြိမ် အသင်းကို ပြန်လည် တည်ဆောက်သွားဖို့ အကြောင်းဖန်လာခဲ့ပြီ ဖြစ်ပါတယ်။

အသင်းကို စတင် တည်ထောင်စဉ် အချိန်ကတည်းက ကစားသမား အပြောင်းအလဲပေါင်း များစွာ ပြုလုပ်ခဲ့ပေမယ့် ရလဒ်ပိုင်းမှာ ပိုလို့သာ ဆိုးဝါးလာခဲ့တဲ့ B8 Dota2 အသင်းရဲ့ အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ Carry ကစားသမား “Crystallis” နဲ့ Hard Support ကစားသမား Fishman တို့ကတော့ အသင်းကနေ ထွက်ခွာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။
B8 Dota2 အသင်းရဲ့ Carry ကစားသမားဟောင်းဖြစ်သူ Crystallis ဟာ 11K MMR ကစားသမား တစ်ဦး ဖြစ်သလို Fishman ဟာ ဆိုရင်လည်း Hard Support ကစားသမားကောင်း တစ်ဦး ဖြစ်ပေမယ့် B8 Dota2 အသင်းမှာတော့ လက်တွဲညီညီ အစွမ်းပြသနိုင်ခြင်း မရှိခဲ့ဘဲ ယခုအခါမှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
👉🏻 @Crystallis_Dota and @FishmanDota2 leave B8
— B8 (@B8esportsGG) December 7, 2020
We are grateful to them for the time spent together and wish them to reach new heights in the future! GL ✌🏻#b8d pic.twitter.com/E2gMFwG6Xm
“Crystallis နဲ့ Fishman တို့ နှစ်ဦးလုံး အသင်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ အတူရှိနေခဲ့တဲ့ အချိန်တွေ အတွက် ကျေးဇူးတင်ရှိသလို ရှေ့ဆက်ပြီး အောင်မြင်မှုတွေ ရယူနိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။”
အခုလို အသင်းရဲ့ အဓိက ကစားသမား နှစ်ဦး ထွက်ခွာသွားခဲ့တာကြောင့် B8 Dota2 အသင်း အနေနဲ့ အသင်းကို ပြန်လည် တည်ဆောက်သွားဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး မကြာခင် ပြန်လည် ကျင်းပသွားမယ့် DPC ရာသီ အသစ်မှာ လူစာရင်းအသစ်နဲ့ ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။

Dota2 လောကအတွင်းမှာ နှစ်ကာလရှည်ကြာစွာ ကျင်လည်ခဲ့တဲ့ Dendi ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တာကြောင့် B8 Dota2 အသင်းအပေါ် Dota2 ပရိသတ် အများစုက မျှော်လင့်ထားခဲ့ကြပေမယ့် B8 Dota2 အသင်းဟာ အမြင့်ဆုံး အဆင့်အဖြစ် ထိပ်ဆုံး (၈) သင်း နေရာအထိသာ တက်လှမ်းနိုင်ခဲ့ပြီး အသင်း စတင် တည်ထောင်ခဲ့တဲ့ ဇန်နဝါရီလ ၂၀၂၀ ကနေ လက်ရှိအချိန်အတွင်း ကစားသမား အဝင်အထွက် ၁၀ ဦးခန့် ပြုလုပ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ B8 အသင်းကို ပြန်လည် တည်ဆောက် သွားမယ်လို့သာ ကြေညာထားပြီး အသင်းမှာ ကျန်ရှိနေသေးတဲ့ LastHero နဲ့ 5up တို့ကိုပါ အသင်းကနေ ထုတ်ပယ်သွားမလား ဆိုတာကို သိရှိရခြင်း မရှိသေးတာကြောင့် DPC ရာသီ ပြန်လည် စတင်ချိန်မှာ B8 Dota2 အသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေနဲ့ မြင်တွေ့သွားရမလား ဒါမှမဟုတ် လစ်လပ်သွားတဲ့ ၂ နေရာ အတွက် ကစားသမား အသစ် နှစ်ဦးနဲ့သာ မြင်တွေ့သွားရမလား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
B8 Dota2 အသင်းရဲ့ လက်ရှိကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Danil “Dendi” Ishutin – Pos 2
- Oleg “LastHero” Demidovich – Pos 3
- Enis “5up” Elfki – Pos 4
REF: VpEsports