တစ်ချိန်က လမ်းဘေးပလက်ဖောင်းပေါ်မှာ မင်းမူခဲ့သူ

တစ်ချိန်က လမ်းဘေးပလက်ဖောင်းပေါ်မှာ မင်းမူခဲ့သူ

“နှလုံးသားထဲ အေးမြသွားမယ် ရေခဲရေ သောက်မလားအကို သောက်မလားအကို” ဆိုပြီး လူရွှင်တော် ငြိမ်းချမ်းတစ်ယောက် ပါးစပ်ကလည်း သီချင်းတဆိုဆို၊ လက်ကလည်း ခွက်ခေါက်မပြတ်နဲ့ လူပြက်လုပ်တာကို ကြည့်ဖူးကြမယ် ထင်ပါတယ်။

တစ်ချိန်က လူစည်ကားတဲ့ မြို့လယ်ခေါင်တွေရဲ့ လမ်းဘေးနေရာတွေမှာ နေရာယူထားသူတွေက တခြားသူတွေ မဟုတ်ပါဘူး။ ဒီစာကိုဖတ်နေတဲ့ တချို့လည်း သူ့ကိုရင်းနှီးကြမှာပါ။ သူ့ပုံစံကိုပြောရမယ်ဆိုရင်တော့ မြင်မြင်ချင်းတွေ့ရမှာက ရေခဲတုံးကို ပိတ်စရေစစ်ပေါ်မှာ တင်ထားတယ်။ ပြီးတော့ သူ့အောက်မှာ ရေထည့်ထားတဲ့ ရေပုံးတစ်ပုံးလည်း ရှိသေးတယ်။ ဒါတွေအကုန်လုံးက သံအသုံးပြုထားတဲ့ စင်တစ်ခုပေါ်မှာ သူ့နေရာနဲ့သူ အကျအနေ။ ဘေးပတ်ပတ်လည်မှာ ခွက်တွေ ထားဖို့ နေရာပါလုပ်ထားသေးတယ်။ ဈေးရောင်းသူက ဝယ်သူတွေကိုခေါ်ရင် ပါးစပ်က ရေခဲရေအေးလေး တစ်ခွက် ၅၀ ၅၀ ဆိုပြီး လက်ကလည်း ခွက်တခေါက်ခေါက်နဲ့။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဆိုတဲ့အတိုင်း သွားရင်းလာရင်း ရေဆာလာရင် လမ်းဘေးက ရေခဲရေရောင်းသူတွေကို မြင်လိုက်တဲ့ အခိုက်အတန့်ဟာ ဘာမှလဲ မလဲနိုင်ပါဘူး။
စိတ်ထဲမှာ မှတ်မိနေတဲ့ အချိန်ကာလတွေက ခုနှစ်အားဖြင့်တော့ ၂၀၀၀ ခုနှစ်ကျော်တွေလောက်ကပါ။ ဒိမတိုင်ခင်အချိန်ကတည်းက ရေခဲရေရောင်းသူတွေ ရှိပါတယ်။ အတိအကျ စစ်တမ်းကောက်ထားတာမျိုးမရှိတော့ ဘယ်နှခုနှစ်ဆိုပြီး အတိအကျတော့ မပြောနိုင်ပါဘူး။
တစ်ခါတစ်ခါလည်း စဉ်းစားတယ်။ အဲ့အချိန်တွေတုန်းက ဘာလို့ရေသန့်ဗူးတွေ ခုလိုမရောင်းတာလဲပေ့ါ။ ခုများတော့ လမ်းဘေးမှာရောင်းလည်း ဒီရေသန့်ဗူးတွေပဲ၊ ဟိုစတိုးဆိုင် ဒီစတိုးဆိုင်သွားလည်း ဒီရေသန့်ဗူးတွေပဲ။ ဒီလောက်ပေါများတဲ့ ရေသန့်ဗူးတွေက ဘာလို့ အဲ့အချိန်တုန်းက အစအနတောင် မတွေ့ရတာလဲ စဉ်းစားမရ။ ဘာပဲပြောပြော ဒီလိုမျိုးတွေမရှိခဲ့လို့ဘဲ ရေခဲရေရောင်းသူတွေရဲ့ ခေတ်တစ်ခေတ်က ရှိခဲ့တာမဟုတ်လား။

တစ်နေ့ ပန်းဆိုးတန်းဘတ်စ်ကားမှတ်တိုင်မှာ အမေနဲ့အတူ အိမ်ပြန်ဖို့ ကားစောင့်ရင်း ရေခေဲရေသည်ကို တွေ့တယ်။ ရေတော့မဆာပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ရာသီဥတုဆိုတာ သိတဲ့အတိုင်းပဲ မဟုတ်လား။ ခပ်ပူပူနဲ့ရယ်။ ဒီလိုအချိန်ဆို ကားဂိတ်မှာ ရောင်းတဲ့ ရေခဲရေသည်ဆီက ရေခဲတုံးကလည်း မနည်းမနောကြီးနဲ့ ဆွဲဆောင်မှုပြင်းချက်။ ဒီလိုမြင်ကွင်းဆိုတာ ကိုယ့်စီးပွားရေးကို Graphic Designer တွေ ငှားပြီး အကုန်အကျခံ ကြော်ငြာစရာမလိုလောက်အောင် ဆွဲဆောင်လွန်းတာ။ ထုံးစံအတိုင်း ကလေးပီပီ ရေခဲရေ ဝယ်တိုက်ပါပေါ့ အမေရယ်ပေါ့။ အမေကတော့ ရေသန့်မသန့် မသိဘဲနဲ့ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ့်အဆိုပြုချက်ကို ပယ်ချပစ်လိုက်တာပဲ။
ခုများတော့ သူတို့တတွေကကို တွေ့ချင်ပါတယ်ဆိုရင်တောင် ဘယ်နားလိုက်ရှာရမလဲမသိတော့။ တစ်ခါတစ်ခါလည်း မထင်မှတ်တဲ့ နေရာမှာ တွေ့လိုက်မိသလိုလိုပါပဲ။ ဒါပေမယ့် အတွေးတွေက ဝိုးတိုးဝါးတာရယ်။
ခုနေများ အပြင်သွားလို့ မီးပွိုင့်မိတယ်ဆိုရင်ပဲ ရေသန့်အေးလေး သောက်ဦးမလား၊ တစ်ဗူး ၂၀၀” ဆိုပြီး မီးပွိုင့်နားမှာ စတည်းချပြီး ဝမ်းကျောင်းသူတွေက အဆင်သင့်။ ဒါမှမဟုတ်လည်း ရေခဲရေမှမဟုတ်ဘူး၊ ဘာအအေးသောက်ချင်လဲ ရွေးစရာအစုံရှိတဲ့ လမ်းဘေးအအေးဆိုင်တွေကလည်း အပြည့်မဟုတ်လား။

တစ်ခါတလေလည်း ဒါတွေမရှိခင်က အချိန်ကို ကိုယ့်လိုမျိုးပြန်ပြောင်းတွေးမိတဲ့သူ ဘယ်လောက်တောင်များ ရှိမလဲ သိချင်မိတယ်။
Photo Credit: tofu.blogspot.com, Kadist, flickr.com, myanmartravelessentials.comNSC (Akhayar)