ပုဂံဒေသကြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ သေချာနေပြီလား

ပုဂံဒေသကြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ သေချာနေပြီလား

လက်ရှိမှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီက အစည်းအဝေးပြုလုပ်နေပါတယ်။ အဲဒီအစည်းအဝေးကိုတော့ မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ကလည်း တက်ရောက်နေပြီး မကြာခင်မှာတော့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာသတင်းတစ်ခုကို အိမ်အပြန်ခရီးအဖြစ် ယူဆောင်လာနိုင်မယ်လို့ မျှော်မှန်းရပါတယ်။ အဲဒါကတော့ ပုဂံဒေသကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံဒေသဟာ ယူနက်စကိုဆီကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့ အစောကြီးကတည်းက တင်ပြထားပြီးဖြစ်တဲ့အပြင် လက်တွေ့ကွင်းဆင်းစစ်ဆေးမှုတွေကိုလည်း ၂၀၁၈ခုနစ် စက်တင်ဘာလက ပြုလုပ်ပြီးပါပြီ။ဒီလိုစစ်ဆေးမှုပြုလုပ်ပေးခဲ့တဲ့ ICOMOS အဖွဲ့ဟာလည်း ပုဂံဒေသကို ထောက်ခံပေးထားတဲ့အတွက် မကြာခင်မှာ သတင်းကောင်းကြားရဖို့ မြန်မာပြည်သူအားလုံးက စောင့်ဆိုင်းနေကြပါတယ်။

ဇွန်လ (၃၀)ရက်နေ့ကနေ ဇူလိုင်လ (၁၀)ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်နေတဲ့ (၄၃)ကြိမ်မြောက်ယူနက်စကိုအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ်နေရာဒေသတစ်ခုအဖြစ် သတ်မှတ်ပေးဖို့အတွက် နီးစပ်နေပြီး လာမယ့် ဇူလိုင်လ (၇)ရက်နေ့မှာတော့ အဖြေထွက်တော့မှာပါ။

မြန်မာနိုင်ငံရဲ့ ပထမမြန်မာနိုင်ငံတော်ဖြစ်တဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကြီး ကမ္ဘာ့အလယ်မှာ ထင်ရှားကျော်ကြားစွာ ရပ်တည်သွားနိုင်ဖို့အတွက် အားလုံးဝိုင်းပြီး ဆုတောင်းပေးကြပါဦးနော်။
Moethaesay (Akhayar)