ဦးနှောက်နဲ့ မှတ်ဉာဏ်ကောင်းဖို့အတွက် အထောက်အကူဖြစ်စေမယ့် အစားအစာများ

ဦးနှောက်နဲ့ မှတ်ဉာဏ်ကောင်းဖို့အတွက် အထောက်အကူဖြစ်စေမယ့် အစားအစာများ

ဦးနှောက်က ခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းချုပ်ထားတဲ့ အဓိကပင်မအရင်းအမြစ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းတွေ၊ အစားအသောက်တွေကို မှန်မှန်ကန်ကန်စားတာတွေ လုပ်ပေးလို့ရပေမယ့် ဦးနှောက်နဲ့ မှတ်ဉာဏ်အတွက်ကတော့ သူ့အတွက် သီးသန့်ဆိုပြီး လေ့ကျင့်ခန်းတွေ ရှိမနေပါဘူး။ ဒါပေမယ့် နေ့စဉ်စားသောက်တဲ့ အစားအစာတွေမှာ မှတ်ဉာဏ်ကောင်းမွန်စေမယ့် အစားအစာတွေ ရှိတယ်ဆိုတာ မေ့ထားလို့ မရပါဘူးနော်။


(၁) Omega-3 Fatty acid ကြွယ်ဝတဲ့ ငါးတွေ


Omega-3 Fatty acid ကြွယ်ဝတဲ့ ဆာဒင်းနဲ့ ဆယ်လ်မွန် ငါးတွေကတော့ လူ့ခန္ဓာကိုယ်အတွက် တော်တော်လေး ကောင်းကျိုး ဖြစ်စေပါတယ်။ ခန္ဓာကိုယ်တစ်ခုတည်းအတွက်ပဲ မဟုတ်ပါဘူး။ ဦးနှောက်ဖွံ့ဖြိုးစေတဲ့ ဓာတ်တွေအပြည့်အဝ ပါဝင်ပါသေးတယ်။ မကြာခဏမေ့တတ်တာတွေနဲ့ အယ်လ်ဇိုင်းမား လိုရောဂါမျိုးကနေလည်း ကာကွယ်ပေးပါတယ်။ ကဲ ဒီလောက်အကျိုးရှိတဲ့ ငါးကို အရိုးများလို့ မစားချင်ဘူးဆိုပြီး ဂျီကျမနေနဲ့နော်။

(၂) နနွင်း


နနွင်းတွေကို မြန်မာ့ဆေးနည်းဖော်စပ်ရမှာ မပါမဖြစ်အဖြစ် ထည့်သုံးကြတော့ သူ့ကို ဟင်းခတ်အမွှေးအကြိုင်အတွက်ပဲ မဟုတ်ဘဲ ဆေးဖက်လဲဝင်တယ်ဆိုတာ သိကြမှာပေါ့။ နနွင်းက ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေကို ကောင်းကောင်းအလုပ်လုပ်ဖို့ အထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံက အိမ်တွေမှာ ချက်စားလေ့ရှိတဲ့ ဟင်းတွေမှာလည်း တစ်ခုမဟုတ်တစ်ခုက နနွင်းထည့်လေ့ရှိကြတော့ အတော်ပဲ ဖြစ်သွားတာပေါ့။

(၃) ပန်းဂေါ်ဖီစိမ်း


ဈေးဝယ်ဖူးသူတိုင်း သိမှာပါ။ ရိုးရိုးစားနေကျ ပန်းဂေါ်ဖီထက် ပန်းဂေါ်ဖီစိမ်းက ပိုလို့တောင် ဈေးကြီးတယ်ဆိုတာ။ ပေးရတဲ့ဈေးနဲ့ တန်သလောက် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ် ဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။ ရင်သားကင်ဆာကို ကာကွယ်ပေးတယ်လို့လည်း ကြားဖူးတဲ့ ပန်းဂေါ်ဖီစိမ်းက မှတ်ဉာဏ်အတွက်ပါ ကောင်းစေပါတယ်တဲ့။

(၄) ဖရုံစေ့


ဖရုံစေ့မှာ အိုမင်းရင့်ရော်တာကို တားဆီးပေးတဲ့ Antioxidant ဓာတ်တွေ အများကြီးပါတဲ့အပြင် မှတ်ဉာဏ်ပိုမိုကောင်းမွန်စေတဲ့ ဓာတ်တွေပါ ပါဝင်တာကြောင့် မုန့်အဖြစ်စားတတ်တဲ့ ကိုယ်တွေအတွက်တော့ ကွက်တိပဲပေါ့။

(၅) Dark Chocolate

လူပေါင်း ၉၀၀ ကျော်ကို လေ့လာထားတဲ့ သုတေသနတစ်ခုမှာတော့ ဉာဏ်ရည်ပိုင်းဆိုင်ရာသုံးပြီး လုပ်ရတဲ့ လုပ်ငန်းဆောင်တာကို လုပ်တဲ့အခါ ချောကလက်စားထားတဲ့လူတွေက ပိုပြီး အလုပ်လုပ်နိုင်တာကို တွေ့ရပါတယ်တဲ့။ တခြားလူတွေကတော့ ချောကလက်ကို တော်ရုံတန်ရုံစားလေ့မရှိတဲ့သူတွေဆိုတာ တွေ့ရပါတယ်။ ကဲ ချောကလက်ကလည်း အလွယ်ဝယ်လို့ရတာမို့ ပုံမှန်လေး စားဖို့ တိုက်တွန်းချင်ပါတယ်နော်။

(၆) လိမ္မော်သီး

Vitamin C ဟာ စိတ်ပိုင်းဆိုင်ရာ၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေကို ဖွံ့ဖြိုးဖို့အတွက် အဓိကကျတဲ့ အရာတစ်ခုပါ။ လိမ္မော်သီးတွေမှာ Vitamin C အပြည့်အဝပါတဲ့အတွက် မှတ်ဉာဏ်ကောင်းဖို့အတွက် မဖြစ်မနေ စားသုံးပေးသင့်တဲ့အထဲ ပါပါတယ်။

အကယ်၍ လိမ္မော်သီးမကြိုက်ဘူးဆိုရင် Vitamin C ဓာတ်အများကြီးပါဝင်တဲ့ တခြားအသီးအနှံတွေဖြစ်တဲ့ ငရုတ်ပွ၊ မာလကာ၊ ကီဝီသီး၊ ခရမ်းချဉ်သီးတွေနဲ့ စတော်ဘယ်ရီတို့ကို စားသုံးပေးလို့ ရပါတယ်နော်။
NSC (Akhayar)