သူငယ်ချင်းနဲ့ပြတ်တာက ရည်းစားနဲ့ပြတ်တာထက် အဆပေါင်းများစွာခံစားရတယ်

သူငယ်ချင်းနဲ့ပြတ်တာက ရည်းစားနဲ့ပြတ်တာထက် အဆပေါင်းများစွာခံစားရတယ်

ကိုယ်နဲ့သွားအတူ ၊ လာအတူ ၊ စားအတူနေခဲ့တဲ့သူငယ်ချင်း ။ မနေ့တစ်နေ့ကထိစကားတွေပြောဖြစ်ကြပေမယ့် ဒီနေ့တော့သူစိမ်းတွေလိုပဲ။ မနက်ဖြန်ရောက်ရင် ရန်သူတွေလိုဖြစ်သွားတော့မယ်လို့ခံစားရတဲ့ခံစားချက် ၊ ကိုယ်နဲ့အနီးစပ်ဆုံးလူတစ်ယောက်ကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ခံစားချက်က အသဲကွဲတာထက်ပိုနာကျင်ရတယ်။ အသဲကွဲနေခဲ့တဲ့အချိန်တုန်းက ကိုယ့်နားမှာတဖွဖွနဲ့အားပေးစကားတွေ ပြောခဲ့တဲ့သူငယ်ချင်း ၊ ကိုယ့်မျက်ရည်တွေကိုသုတ်ပေးပြီး ပျော်စရာတွေကြံဖန်ပြော ၊ စိတ်ပြန်ကြည်လာအောင်လုပ်ပေးတဲ့သူငယ်ချင်း သူမရှိတော့တဲ့အခါ ဘယ်သူကအားပေးစကားလာပြောပေးမှာလဲ ၊ သူမရှိတော့ရင်ဘယ်သူကမျက်ရည်လာသုတ်ပေးမှာလဲဆိုတဲ့အသိတွေက အသဲကွဲတာထက်ဆယ်ဆနာကျင်ရတယ်။ အသဲကွဲတာက ကုစားလို့ရတယ် ၊ အစားထိုးလို့ရတယ်…..ဒါပေမယ့် သူငယ်ချင်းက ဘယ်တော့မှပြန်အစားထိုးလို့မရဘူး။

သူငယ်ချင်းထားတယ်ဆိုတာက အချိန်တန်ရင်ပြတ်မယ်ဆိုတဲ့ စိတ်ကူးအစကတည်းကမရှိဘူး
အချစ်ရေးတစ်ခုကိုစတင်တဲ့အခါတွေမှာ ၊ လူတစ်ယောက်နဲ့စတွဲတဲ့အခါမှာ မသိစိတ်ထဲမှာရောသိစိတ်မှာပါ အမြဲတွေးမိနေတာက တကယ်လို့အဆင်မပြေခဲ့ရင် အချိန်တန်ရင်ပြတ်မှာပဲ ၊ တကယ်လို့အဆင်မပြေခဲ့ရင် အချိန်တန်ရင်အသဲကွဲမယ် ၊ ပြီးရင်ပြီးသွားမယ်ဆိုတာပါ။ ဒါပေမယ့် သူငယ်ချင်းဆက်ဆံရေးကိုတည်ဆောက်တဲ့အခါ ဒီအတွေးတွေက အစရောအလယ်ရောအဆုံးမှာပါ မရှိပါဘူး။ သူငယ်ချင်းမို့လို့ မျက်လုံးစုံမှိတ်ပြီးတော့ချစ်တယ် ၊ ယုံကြည်တယ် ၊ သံသယတွေမဝင်ဖြစ်ဘူး။ ဒါကြောင့်မို့လို့ သူငယ်ချင်းဆက်ဆံရေးပြတ်ဆဲတဲ့အခါ အဆပေါင်းများစွာနာကျင်ခံစားရတာ။ ဘာလို့လဲဆိုတော့ ကိုယ်ပြတ်မယ်လို့ဘယ်တုန်းကမှမမျှော်လင့်ထားတဲ့သူနဲ့ ပြတ်ဆဲလိုက်ရတာမို့လို့ပါ။

ကိုယ့်သူငယ်ချင်းကိုပဲ ကိုယ့်ရဲ့သရုပ်မှန်ကိုပြတာမို့လို့ပါ
ဘယ်သူမဆိုပါ ၊ ကိုယ့်ရဲ့မိဘကိုတောင် အရာအားလုံးလိုလိုမပြောပြဖြစ်ပေမယ့် ကိုယ့်သူငယ်ချင်းကို ဘယ်တော့မှမဖုံးကွယ်ထားဘူး။ ကိုယ်ဒီနေ့ဘာစားဖြစ်တယ်ကအစ ၊ ကိုယ်ဘာအောက်ခံဝတ်ထားတယ်အဆုံး ၊ ကိုယ့်ရဲ့အမှောင်ဆုံးလျှို့ဝှက်ချက်တွေအားလုံးပြောပြကြတယ်။ ကိုယ့်ရဲ့ရည်းစားကိုတောင် မပြောဖြစ်တဲ့အရာတွေ ၊ ရှက်လို့ဖုံးကွယ်ထားတာတွေ ၊ ကိုယ့်ရဲ့သရုပ်မှန်တွေအားလုံးကို ဘယ်သူ့ကိုမှမပြောပြရင်နေမယ် ၊ ကိုယ့်သူငယ်ချင်းကိုတော့ ဘယ်တော့မှမဖုံးကွယ်ကြဘူးလေ။ ကိုယ့်သူငယ်ချင်းက ကိုယ့်ကိုအသိဆုံးသူမို့လို့ သူ့ကိုဆုံးရှုံးရရင် ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းလောက်ဆုံးရုံှုးသွားသလိုပဲ သေလောက်အောင်ခံစားရတယ်။

အမှတ်တရတွေဆိုတာ သူငယ်ချင်းကိုဆုံးရှုံးရချိန်မှာ ပိုပြီးပျောက်ဆုံးကုန်တယ်
ချစ်သူတွေကြားမှာလည်း အမှတ်တရတွေရှိပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အမှတ်တရတွေဖန်တီးတဲ့အခါမှာ တဖြည်းဖြည်းနဲ့တစ်ယောက်စိတ်အခြေအနေကိုကြည့်ပြီး ဖန်တီးတာမို့လို့ အမှတ်တရတွေဖြစ်တဲ့အခိုက်အတန့်တွေက ကြာပြီးအရမ်းမများဘူး။ ဒါပေမယ့်သူငယ်ချင်းနဲ့ကြတော့ အမှတ်တရတွေကို အချိန်တိုင်းလိုလိုနေရာတိုင်းမှာ ဖန်တီးနေတာမို့လို့ ကိုယ့်သူငယ်ချင်းနဲ့ကိုယ့်ကြားက အမှတ်တရတွေက ကိုယ့်ရည်းစားနဲ့ကိုယ့်ကြားအမှတ်တရထက် ထပ်ကိန်းတွေပိုများပါတယ်။ သူငယ်ချင်းကိုဆုံးရှုံးလိုက်ရချိန်မှာ ဒီအမှတ်တရတွေအကုန်အမှုန့်ဖြစ်သွားတယ်လို့ ခံစားရတယ်။ ကိုယ့်ဘဝပုံပြင်စာအုပ်ရဲ့ထက်ဝက်လောက်ကို ဆုတ်ဖြဲလိုက်သလိုပဲ ခံစားရပါလိမ့်မယ်။

ရင်ဖွင့်စရာလူမရှိတော့တဲ့ အမှောင်ကမ္ဘာထဲကိုရောက်သွားတာ
သူငယ်ချင်းဆိုတာ ကိုယ့်ရဲ့အတွေးတွေ ၊ ကိုယ့်ခံစားချက်တွေအားလုံးကိုနားထောင်ပေးတဲ့သူပါ။ ကိုယ့်ရည်းစားတောင် ကိုယ့်ရဲ့လေပွားတဲ့ဒဏ်ကိုအမြဲခံနိုင်မှာမဟုတ်ပါဘူး။ လူဆိုတာခံစားချက်တွေကိုမြိုသိပ်ထားလို့ရတဲ့အမျိုးမဟုတ်ပါဘူး။ ခံစားချက်တွေကိုမြိုသိပ်ထားရင် နောက်ပိုင်းမှာပေါက်ကွဲပြီး စိတ်ကျကုန်မယ် ၊ လမ်းမှားကိုရောက်မယ် ၊ စိတ်ဒဏ်ရာရမယ် ၊ အဆိုးဆုံးပြောရရင် ကိုယ့်ကိုယ်ကိုယ်သတ်သေတာတွေအထိဖြစ်သွားနိုင်တယ်။ ဒါတွေကိုမဖြစ်အောင်လုပ်ပေးနိုင်တာက သူငယ်ချင်းပါ။ ဒီလိုလူကိုသာဆုံးရှုံးလိုက်ရမယ်ဆိုရင် ဘယ်လိုရှင်သန်မလဲစဉ်းစားကြည့်ပါ။

ဒါကြောင့် သူငယ်ချင်းကိုဆုံးရှုံးတာက ရည်းစားကိုဆုံးရှုံးရတာထက် အဆထောင်သောင်းပေါင်းများစွာ ခံစားရတာပါ။ ဒါကြောင့် ကိုယ့်ရဲ့သူငယ်ချင်းကို ဘယ်သောအခါမှကိုယ့်ကိုမထားခဲ့ဘူးလို့ အတည်ယူထားပြီး အနိုင်ကျင့်တာ ၊ ဗိုလ်ကျတာတွေမလုပ်ပါနဲ့။ သူတို့ကိုဆုံးရှုံးတဲ့တစ်နေ့ ပိုပြီးခံစားရမှာမို့လို့ပါ။

Piki (Akhayar)

Photo Credit -Pinterest