သွားတိုက်ရင် ဘယ်လောက်ကြာအောင် တိုက်ပေးသင့်သလဲ

သွားတိုက်ရင် ဘယ်လောက်ကြာအောင် တိုက်ပေးသင့်သလဲ

ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးကို ပိုင်ဆိုင်နိုင်ဖို့အတွက်ဆို သွားမှန်မှန်တိုက်ပေးဖို့က အရေးကြီးပါတယ်။ သွားတိုက်တာနဲ့ ပတ်သက်ပြီး ငယ်ရွယ်စဉ်အခါတုန်းက မိဘတွေက သင်ကြားပေးသလို ကျောင်းတက်တဲ့အခါမှာလည်း ကျောင်းဖတ်စာအုပ်ထဲမှာ ထည့်သွင်းသင်ကြားပေးကာ ဆရာ၊ ဆရာမတွေလည်း သင်ကြားပေးကြပါတယ်။ နံနက်အိပ်ယာထတိုင်း သွားတိုက်ပေးပြီး အိပ်ယာဝင်ခါနီးတိုင်း သွားတိုက်ပေးတာဟာ ခံတွင်းကျန်းမာရေးကို တကယ်ပဲ ဂရုစိုက်ရာ ရောက်စေသလား။ လုံကော လုံလောက်ရဲ့လားဆိုတာက မေးခွန်းထုတ်ချင်စရာပါပဲ။ လုံလောက်လား မလုံလောက်လား သိစေဖို့အတွက် အောက်မှာ ဆက်ဖတ်ကြည့်ကြရအောင်။

သွားကို တစ်နေ့နှစ်ကြိမ်တိုက်ပါလို့ သင်ကြားခဲ့ရပေမယ့် သွားတိုက်ရင် ဘယ်နှမိနစ်လောက်ထိ တိုက်ပေးပါ။ ဘယ်လောက်ကြာကြာတိုက်မှ မှန်ကန်တယ်ဆိုပြီးတော့ သင်ကြားပေးတဲ့သူတွေ ရှိတော့ ရှိပေမယ့် နည်းပါတယ်။ သွားတိုက်ရမယ်ဆိုတဲ့ အသိရှိပေမယ့် သွားဘယ်လောက်ကြာကြာတိုက်ရမလဲဆိုတာ မသိဘဲ တိုက်နေမိရင် သွားကျန်းမာရေးကို ဂရုစိုက်ရာမရောက်ဘဲ ထိခိုက်စေနိုင်ပါတယ်။

teeth brushသွားတိုက်မယ်ဆိုရင်တော့ အနည်းဆုံး နှစ်မိနစ်လောက်ကြာအောင် တိုက်ပေးသင့်ပါတယ်။ အမှန်ကတော့ နှစ်မိနှစ်တိုက်ပေးတာက လုံလောက်တယ်လို့ ပြောလို့မရပါဘူး။ သွားတိုက်တဲ့အခါ လူတွေက ပြီးချင်ဇောအားကြီးကြပြီး မြန်မြန်တိုက်ချင်ကြတဲ့အတွက် နှစ်မိနှစ်လောက်တော့ အနည်းဆုံးတိုက်ပေးပါလို့ ပြောရတာပါ။ ဘယ်လိုမှ နှစ်မိနစ်ပြည့်အောင် မတိုက်နိုင်တဲ့သူတွေအနေနဲ့တော့ သွားတိုက်ခါနီးကျရင် ဖုန်းနဲ့ Timer လေးပေးထားတာမျိုး (သို့) နှစ်မိနစ်လောက်ကြာတဲ့ ကိုယ်အကြိုက်ဆုံးသီချင်းကို ဖွင့်ထားပြီး တိုက်တာမျိုး လုပ်ကြည့်လို့ ရပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ပုံစံတွေနဲ့ တိုက်ပေးဖို့ လိုအပ်သလို မှန်ကန်တဲ့ ဖိအားတွေနဲ့လည်း တိုက်ပေးဖို့ လိုအပ်ပါသေးတယ်။ တချို့တွေက သွားတိုက်ရင် ဘယ်သန်လို့ ဘယ်ကိုဖိတိုက်တာမျိုး လုပ်တဲ့သူတွေရှိကြပါတယ်။ အဲဒီလို ဖိတိုက်မယ့်အစား နှစ်ဖက်လုံးကို မျှမျှတတတိုက်ပေးတာ ပိုကောင်းပါတယ်။ အရမ်းဖိတိုက်မိရင် သွားအပေါ်ယံကြေလွှာတွေ ပျက်စီးစေပြီး သွားဖုံးသွေးထွက်၊ သွေးယိုတာတွေ ဖြစ်စေနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေကလည်း နှစ်မိနစ်လောက် အချိန်ပေးပြီး သွားတိုက်ပေးဖို့ အရေးကြီးတယ်ဆိုတာကို လက်ခံယုံကြည်ထားကြပါတယ်။ သွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဂျာနယ်တစ်ခုထဲမှာလည်း ရေးသားထားတာက သွားကိုအချိန်ပေးပြီး သေချာလေးတိုက်ပေးတာက သွားမှာကပ်နေတဲ့ သွားချေးတွေကို ဖယ်ရှားပေးရာရစေပါတယ်။ သိပ္ပံပညာရှင်တွေ လေ့လာထားပြီး မှတ်တမ်းတင်ထားတွေအရ ၃၀ စက္ကန့်ကနေ သုံးမိနစ်အတွင်း တိုက်ပေးတာက သွားမှာကပ်နေတဲ့ သွားချေးတွေကို ကောင်းကောင်းဖယ်ရှားပေးနိုင်ပါတယ်။ ၄၅ စက္ကန့်လောက်ပဲ တိုက်ပေးတဲ့လူတွေဟာ နှစ်မိနစ်လောက် တိုက်ပေးတဲ့ လူတွေနဲ့ယှဉ်ရင် သွားချေးဖယ်ရှားနိုင်မှု ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းလောက် လျော့နည်းနေတာကို တွေ့ရပါတယ်။

သွားကို တစ်နေ့နှစ်ကြိမ် မှန်မှန်တိုက်ပေးတာက ခံတွင်းကျန်းမာရေးကောင်းစေဖို့ မလုံလောက်တဲ့အတွက် Dental Floss လေးနဲ့ သွားကြားကို သန့်ရှင်းရေးလုပ်ပေးတာမျိုးနဲ့ ပလုတ်ကျင်းဆေးရည်သုံးပြီး ဆေးကြောပေးတာမျိုးပါ တွဲလုပ်ပေးသင့်ပါတယ်။ Dental Floss လေးနဲ့ သွားကြားကို သန့်ရှင်းရေးလုပ်ပေးတာက သွားကြားမှာ ညှပ်နေတဲ့ သွားချေးတွေနဲ့ သွားတွေကို ပျက်စီးစေတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားရာမှ ကူညီပေးပါတယ်။

သွားတိုက်ပြီး Dental Floss လေးနဲ့ သွားကြားကို သန့်ရှင်းရေးလုပ်ပေးပြီးတဲ့နောက် ပလုတ်ကျင်းဆေးရည်လေးနဲ့ပါ ထပ်ကျင်းပေးလိုက်ရင် လက်ကျန်ကျန်ရှိနေတဲ့ သွားချေတွေကိုပါ ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ ပလုတ်ကျင်းဆေးရည်ကို သုံးမယ်ဆိုရင်တော့ Alcohol- free ဖြစ်တဲ့ အမျိုးအစားကို ရွေးသုံးပေးပါ။ ဒါမှ ပါးစပ်က အရမ်းကြီး ခြောက်ခြောက်သွေ့သွေ့ ဖြစ်မနေမှာပါ။


အခုဖော်ပြထားတဲ့ အချက်တွေကို သေသေချာချာလေး လိုက်နာမယ်ဆိုရင်တော့ ခံတွင်းကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ရာ ရောက်ပါတယ်။ သွားနာ၊ သွားကိုက်လို့ သွားဆေးခန်းကို သွားမယ်ဆိုရင် ကုန်ကျမယ့်စရိတ်က ဘယေ်လာက်များလဲဆိုတော့ သွားဆေးခန်းသွားဖူးသူတိုင်း သိကြလို့ ဒီနည်းလမ်းအတိုင်း သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

Photo Credit: timesofindia.indiatimes.com, SmilesForAll.com, www.blodgettdentalcare.com