အဝေးပြေးကားစီးတဲ့သူတွေ မှတ်သားစရာအဖြာဖြာ

အဝေးပြေးကားစီးတဲ့သူတွေ မှတ်သားစရာအဖြာဖြာ

လကုန်ရက်ဆိုတာ လစာတွေပိုက်ပြီး ခရီးသွားမယ့်လူ ဘယ်နှစ်ယောက်ရှိလဲ။ ဒီအချိန်က နေရာတကာ ပရိုမိုးရှင်းတွေ အပြည့်ပဲဆိုတော့ Low Budget Trip သွားချင်တဲ့သူတွေအတွက် ခရီးသွားလို့ ကောင်းနေတဲ့ရာသီလို့ ဆိုရမှာပါပဲ။ ခရီးသွားမယ့်လူတွေကို ဒီနေ့ သတိပေးစရာနည်းနည်းရှိပါတယ်။ အဲဒါကတော့ အဝေးပြေးကားစီးပြီး ခရီးသွားမယ့် အခရာပရိသတ်တွေ အဝေးပြေးကားစီးတော့မယ်ဆို ဘာတွေသတိထားရမလဲဆိုတာပါပဲ။

နာမည်ကြီးလူကြိုက်များတဲ့ကားလိုင်းကို ရွေးချယ်ပါ

အရင်ဆုံး ကားလိုင်းရွေးချယ်မှုကို အကြံပြုပေးချင်ပါတယ်။ ဈေးလေး တစ်ထောင်၊ နှစ်ထောင်ကွာတာကို တွက်ဆနေပြီး လူကြိုက်နည်းတဲ့ကားလိုင်းကို ရွေးချယ်လိုက်တာဟာ အမှားကြီးမှားတာပါပဲ။ အချိန်မမှန်တာတွေ၊ လုံခြုံစိတ်ချရမှုမရှိတာတွေ၊ တာဝန်ယူတာဝန်ခံမှုမရှိတာတွေနဲ့ ယာဉ်မောင်းတွေ မကျွမ်းကျင်တာတွေဖြစ်မယ်ဆိုရင် အသက်အန္တရာယ်အထိပါ ထိခိုက်နိုင်ပါတယ်။ လူကြိုက်များပြီး နာမည်ကောင်းနဲ့ ရပ်တည်နေတဲ့ကားလိုင်းတွေကတော့ နောက်ဆုံး သူတို့ ကားလိုင်း နာမည်ပျက်ပြီး စီးပွားရေးထိခိုက်မှာစိုးရိမ်လို့ပဲဖြစ်ဖြစ် လိုအပ်တဲ့ကျင့်ဝတ်တွေကို စောင့်ထိန်းကြပါတယ်။ ဒီတော့ နာမည်ကြီးလူကြိုက်များတဲ့ကားလိုင်းကိုသာ ရွေးချယ်ပါ။

အားဖြည့်သွားပါ

ရှိတာအကုန်အားဖြည့်သွားပါ။ ညလုံးပေါက်စီးရမယ့်ခရီးအတွက် လူရော၊ စိတ်ရော ကျန်းမာအောင်၊ ဖုန်းတွေ၊ Power Bank တွေ အားရှိအောင် အားဖြည့်သွားပါ။ ဖုန်းကလည်း သီချင်းနားထောင်စရာတောင် အားမရှိတော့ဘူးဆိုရင်တော့ တစ်ညလုံး ပျင်းခြောက်ခြောက်နဲ့ သွားရမှာဖြစ်ပြီးတော့ လူကလည်း နေမကောင်းဘူးဆိုရင် ညလုံးပေါက်သက်သောင့်သက်သာမရှိတဲ့ ကားထိုင်ခုံပေါ်မှာ လမ်းတဝက်က လှည့်ပြန်ချင်စိတ်တောင် ပေါက်သွားပါလိမ့်မယ်။ ဒါကြောင့် လူရော၊ စိတ်ရော၊ ဖုန်းရော၊ Power Bank ရော အားလုံး အားရှိအောင် အားဖြည့်သွားသင့်ပါတယ်နော်။

သက်သောင့်သက်သာဖြစ်အောင် ပြင်ဆင်သွားပါ

လှုပ်ခါနေတဲ့ကားပေါ်မှာ အိပ်ပျော်ဖို့ဆိုတာကလည်း တကယ်တော့ မလွယ်ပါဘူး။ ကားစီးရတာဟာ ကိုယ့်ရဲ့ အိမ်က အိပ်ရာလောက်တော့ ဘယ်သက်သောင့်သက်သာရှိပါ့မလဲလေနော်။ ဒီတော့ စသွားကတည်းက ဂျင်းဘောင်းဘီတွေ၊ အင်္ကျီအကျပ်တွေကို ရှောင်ပြီး ကိုယ်ခန္ဒာပေါ်မှာ သက်သောင့်သက်သာရှိမယ့် အဝတ်အစားမျိုး၊ နောက်ပြီး အိမ်သာဝင်ရလွယ်မယ့်အဝတ်အစားမျိုးကို ရွေးချယ်သင့်ပါတယ်။ အိမ်သာဆိုတာကလည်း ဟိုတယ်က အိမ်သာတွေလိုမဟုတ်ဘဲ ပုံစံမျိုးစုံကြုံရဦးမှာလေ။ ဒီလိုပဲ မျက်နှာဆိုရင်လည်း လန်းဆန်းအောင်ပဲ Skincare လုပ်သွားသင့်ပြီး မိတ်ကပ်တွေလိမ်းသွားတာမျိုး မလုပ်ပါနဲ့။ ထိန်းသိမ်းစောင့်ရှောက်နေရမယ့် လက်ဝတ်လက်စားတွေကိုလည်း ချွတ်ခဲ့ပါ။ ဘယ်အရာကမှ ကိုယ့်ရဲ့ စိတ်နဲ့ ကိုယ်ကို ကသိကအောက်ဖြစ်စေအောင် မလုပ်သွားပါနဲ့နော်။

ကျန်းမာရေးအတွက် ကြိုတင်အစီအစဉ်ချထားပါ

ကျန်းမာရေးဆိုတာ နေ့စဉ်လုပ်နေကျ ရေသောက်တာ၊ အလေးသွား၊ အပေါ့သွား၊ အစာစားတာကို ပြောချင်တာပါ။ ဗိုက်ဆာတတ်တဲ့သူဆို မသွားခင် (၃)နာရီလောက်အလိုကတည်းက ဝအောင် စားသွားပါ။ နီးကပ်မှစားရင်လည်း ကားပေါ်ရောက်မှ အလေးစွန့်ချင်နေပါလိမ့်မယ်။ အဝေးပြေးကားစီးမယ့်နေ့ကို တစ်နေကုန် ရေဝအောင်သောက်ပြီး အပေါ့ခဏခဏသွားထားပါ။ သွားခါနီး (၁)နာရီလောက်အလိုမှာတော့ ရေသောက်တာ ရေဆာပြေရုံလောက်ပဲ သောက်ပါတော့။ ဒီနည်းနဲ့ ခရီးချိန်မှာ အပေါ့သွားချင်စိတ်ကို ထိန်းလို့ရပါတယ်။ ဒီလိုမဟုတ်ဘဲ ကြိုက်သလိုစား၊ ကြိုက်သလိုသွားနေရင်တော့ ကားပေါ်ရောက်မှ ဆာသလိုလို၊ အိမ်သာသွားချင်သလိုလိုနဲ့ ဒုက္ခများပါလိမ့်မယ်နော်။ ခရီးသွားမယ့်နေ့မှာ ဝမ်းပျက်စေနိုင်တဲ့အစားအစာတွေကိုလည်း ရှောင်ပေးပါဦးနော်။

အရေးကြီးပစ္စည်းတွေကို ကိုယ်နဲ့မကွာထားမယ်

ရေအရမ်းဆာရင် သောက်ဖို့ ရေပုလင်း၊ အသင့်စားမုန့်နည်းနည်း၊ ကိုယ်လိုအပ်တဲ့ဆေးဝါးနဲ့ အနွေးထည်တစ်ထည်လောက်ကို ယူလို့လွယ်တဲ့နေရာမှာထားပါ။ ကိုယ်နဲ့မကွာဆောင်ထားပေါ့။ အောက်ထဲထည့်လိုက်တဲ့ပစ္စည်းတွေအားလုံးဟာ ခရီးဆုံးမှာ ပြန်ထုတ်လို့ရမှာဆိုတော့ အရေးကြီးတဲ့အခုလိုပစ္စည်းတွေကိုပါ သတိလက်လွတ် အောက်ထဲထည့်လိုက်ရင် ဒုက္ခရောက်ပါလိမ့်မယ်။


အခု ဒါတွေဖတ်ပြီးရင်တော့ စိတ်ချမ်းသာစွာနဲ့ အဝေးပြေးကားစီးလို့ရပါပြီ။ လူအများနဲ့ ရောစီးရတာဆိုတော့ အဆင်မပြေတာလေးတွေရှိနိုင်ပေမယ့် အကောင်းမြင်စိတ်လေးထားပြီး ခရီးတစ်ခု အတူတူသွားကြရအောင်။ အခုပြောပြတဲ့အချက်လေးတွေကို ဂရုတစိုက်နဲ့ ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင်တော့ လမ်းခရီးမှာ အပျော်ဆုံးသူက ကိုယ်တွေပဲဖြစ်နေမှာနော်။


Moethaesay (Akhayar)

www.akhayarmedia.com