လမ်းဘေးခွေးလေးတွေနဲ့ လူသားများကြားထဲက ဝန်ထမ်းမဟုတ်သော ဝန်ထမ်း မနှင်းဆီမြင့်

လမ်းဘေးခွေးလေးတွေနဲ့ လူသားများကြားထဲက ဝန်ထမ်းမဟုတ်သော ဝန်ထမ်း မနှင်းဆီမြင့်

“Catch Up, Ketchup” ဆိုတဲ့အစီအစဉ်လေးမှာ အခရာပရိသတ်ကြီးတွေအနေနဲ့ သိမြင်ခံစားနိုင်မယ့် ဇာတ်လမ်းလေးများပေါင်းစုံကို တင်ဆက်ပေးသွားမှာဖြစ်ပြီး ဒီတစ်ပတ်အတွက် “Catch Up, Ketchup” အစီအစဉ်ကနေ ရွေးချယ်ထားတာကတော့ “Golden Heart Animal Rescue” ကိုခေါင်းဆောင်နေတဲ့ မနှင်းဆီမြင့်ပဲဖြစ်ပါတယ်။ ဘာကြောင့် သူမကို ရွေးချယ်ဖြစ်ခဲ့လဲဆိုတာ အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ကြရအောင်နော်။

ခွေးလေးတွေဟာ လူသားတွေရဲ့ အကောင်းဆုံအဖော်ပဲလို့ ဆိုစမှတ်ပြုကြပါတယ်။ ဒီအဆိုက မြန်မာနိုင်ငံမှာ ရာနှုန်းပြည့်မှန်ကန်မှု ရှိမှ ရှိရဲ့လား။ ဘာကြောင့်လဲဆိုရင်တော့ လက်ရှိမှာဆိုရင် လမ်းဘေးခွေးပေါက်ဖွားမှုနှုန်းကို မြန်မာနိုင်ငံဟာ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ခွေးရူးရောဂါဖြစ်ပွားနှုန်းကိုလည်း လျှော့ချနိုင်ခြင်း မရှိသေးလို့ပါပဲ။ မြန်မာနိုင်ငံအနှံ့အပြားမှာ လမ်းဘေးခွေးကောင်ရေ (၄)သန်းဝန်းကျင် ရှိနေပါတယ်။ ဒါဟာ လမ်းဘေးခွေးအရေအတွက် အများဆုံးရှိနေတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး အန္တရာယ်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်။ ဒီလိုနဲ့ပဲ တိရစ္ဆာန်ချစ်တတ်တဲ့သူတွေနဲ့ တိရစ္ဆာန်ကြောက်တတ်တဲ့သူတွေကြားမှာ ပဋ္ဋိပက္ခဖြစ်နေရတဲ့ လူမှုရေးပြဿနာတစ်ခုပါပဲ။

ကျွန်မ လွန်ခဲ့တဲ့ (၄)နှစ်လောက်က ဒီပြဿနာတွေကြားမှာ ဝင်ရပ်ပြီး တက်နိုင်တဲ့ဘက်က ကူညီပေးနေတဲ့အမျိုးသမီးလေးတစ်ဦးနဲ့ ခင်မင်ခဲ့ပါတယ်။ သူမဟာ လမ်းဘေးခွေးလေးတွေရဲ့ လူမှုရေး၊ ကျန်းမာရေးပြဿနာတွေကို အစိုးရအဖွဲ့ကမဟုတ်ပါဘဲ လိုက်လံကူညီပေးနေပြီး လမ်းဘေးခွေးလေးတွေအတွက် လိုအပ်နေတဲ့ ဆေးဝါးကုသမှုနဲ့ သားဆက်ခြားကျန်းမာရေးတွေကို ဖြည့်ဆည်းပေးနေတဲ့အပြင် လူ့အဖွဲ့အစည်းက လက်သင့်မခံတဲ့ လမ်းဘေးခွေးလေးတွေကို ခေါ်ယူစောင့်ရှောက်ပေးလေ့ရှိပါတယ်။ သူမနာမည်ကတော့ နှင်းဆီမြင့်ပဲ ဖြစ်ပါတယ်။

သူမဟာ လက်ရှိမှာတော့ “Golden Heart Animal Rescue” ကို တည်ထောင်ထားပြီးတော့ လူ့ပတ်ဝန်းကျင်က လက်မခံတော့တဲ့ နောက်ပြီးတော့ နာမကျန်းဖြစ်နေလို့ တစ်ကိုယ်ရည်ရှင်သန်ဖို့ မဖြစ်နိုင်တော့တဲ့ လမ်းဘေးခွေးပေါင်း (၆၀၀) ကျော်ကို ကယ်ဆယ်မွေးမြူထားပါတယ်။ ဒီလို လမ်းဘေးခွေးတွေကို ကယ်ဆယ်ရင်း ဘဝကိုရှင်သန်နေတဲ့ သူမရဲ့ ဘဝဟာ လွယ်ကူနေမှာတော့ မဟုတ်လောက်ပါဘူး။

“ဒီခွေးဂေဟာမှာပဲ အချိန်ပြည့်ပဲ ရှိနေရတယ်။ အလုပ်ကတော့ ရှိတယ်။ “Parami Energy” မှာ စလုပ်ကတည်းကတော့ ကျွန်မက ပရဟိတ စလုပ်နေပြီ။ ဒါပေမယ့် ကျွန်မတို့ရဲ့ CEO က ကျွန်မကို နားလည်ပေးတဲ့အတွက် အခုလို အဆင်ပြေနေတာပါ။ ကျွန်မ စိတ်ဓာတ်တွေကျတဲ့အခါတိုင်းလည်း သူတို့တွေ လမ်းပြပေးခဲ့ပါတယ်။ ဂေဟာမှာပဲ (၂၄)နာရီနေပြီး ကိစ္စအရေးကြီးမှပဲ အပြင်ထွက်ဖြစ်တော့တယ်။ ကိုယ့်မိသားစုနဲ့တောင် သိပ် မတွေ့ဖြစ်တော့ဘူး။ ကျွန်မမှာ တစ်လ (၁)ခါ၊ (၂)ခါလောက်ပဲ မိဘကို သွားကြည့်နိုင်တယ်။ ခွေးဂေဟာမှာ ခန့်ထားတဲ့ဝန်ထမ်းတွေ ထွက်သွားပြီဆိုရင်လည်း ကျွန်မတစ်ယောက်တည်းပဲ ရုန်းကန်ရတယ်။ တော်တော်ပင်ပန်းပါတယ်။”

(၅)နှစ်တာဆိုတဲ့အချိန်ဟာ သူမကို ပြောင်းလဲသွားစေခဲ့ပြီး လက်ရှိဘဝကတော့ သူမ အမြဲတမ်းနေထိုင်နေတဲ့ လူနေမှုပုံစံဖြစ်ခဲ့ပါပြီ။ အဲဒီ့ (၅)နှစ်တာကာလကို သူမ ဘယ်လိုဖြတ်သန်းနေခဲ့သလဲဆိုရင်တော့ အထူးသဖြင့် ကင်ဆာရောဂါနဲ့ ရောဂါအထွေထွေ၊ နောက်ပြီး မတော်တဆမှုကြောင့် နာမကျန်းဖြစ်ကြရရှာတဲ့လမ်းဘေးခွေးလေးတွေကို ကယ်တင်ပေးနေပြီး လူမယဉ်လို့ လူ့ပတ်ဝန်းကျင်က ငြင်းပယ်လိုက်တဲ့ခွေးလေးတွေနဲ့ သခင်ဖြစ်သူကိုယ်တိုင်က အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်သွားတဲ့ခွေးလေးတွေကို ကူညီစောင့်ရှောက်ပေးနေခဲ့တာပါ။

“ဒီခွေးဂေဟာကို ရေရှည်ထိန်းသိမ်းပေးနိုင်ဖို့ရယ်၊ နောက်ပြီး လမ်းဘေးခွေးတွေကို ဆေးဆက်ကုသပေးနိုင်ဖို့ဆိုတာ ငွေကြေးအင်အားအများကြီးလိုအပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုရင် အသစ်ထပ်မကယ်ရင်တော့ ရှိနေတဲ့ခွေးလေးတွေကို ဆက်ပြီးစောင့်ရှောက်သွားရမယ်လေ။ ဂေဟာမှာဆိုရင်လည်း အကောင်ရေ (၆၅၀) ဖြစ်သွားတဲ့အပြင်ကို ပတ်ဝန်းကျင်ကိုလည်း ကြည့်ရသေးတယ်။ ပတ်ဝန်းကျင်နဲ့ ခြံနဲ့က ကပ်နေတာဆိုတော့လေ။ တအားကြီးရောဂါဝေဒနာခံစားနေရတဲ့၊ ကယ်မယ့်ကူမယ့်သူမရှိတဲ့ခွေးတွေကိုကျတော့ ပစ်မထားရက်တော့ ကယ်နေပါသေးတယ်။ တော်တော်ကြီးအခြေအနေဆိုးနေတဲ့ ကလေးတွေဆိုရင်တော့ ခြံကို ခေါ်နေပါသေးတယ်။”

လက်ရှိမှာတော့ (၂၀၁၉)ခုနှစ် စည်ပင်သာယာရွေးကောက်ပွဲကြီးလည်း ပြီးဆုံးပြီး ရွေးကောက်တင်မြောက်မှုတွေလည်း ပြည်သူ့အလိုကျ ဖြစ်ခဲ့ပါပြီ။ ဒီတော့ လမ်းဘေးခွေးထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတော့လည်း သူမရဲ့ မျှော်လင့်ချက်ကို ပြောပြပါတယ်။

“အခုမြင်နေရတာက အဆင်မပြေဘူး။ အဆိပ်ချတယ်ဆိုပေမယ့် ချက်ချင်းလည်း မသေဘဲ Budget ကြောင့် အဆိပ်ကို လျှော့သုံးတယ်။ အရင်တုန်းက အဆိပ်ချလိုက်တာနဲ့ ခွေးက (၃)မိနစ်လောက်ဆို သေသွားတယ်။ အခုကတော့ (၁၅)မိနစ်နဲ့လည်း မသေဘူး။ တချို့ဆို (၁)နာရီ၊ (၂)နာရီနဲ့လည်း မသေနိုင်ဘူး။ ဆန့်ငင်ဆန့်ငင်နဲ့။ ကုန်ကျမယ့်အဆိပ်ရဲ့ တန်ဖိုးငွေနဲ့ ခွေးလေးတွေကို သားအိမ်ထုတ်တာတို့၊ သင်းတာတို့လုပ်လိုက်မယ်ဆိုရင် ထပ်ပြီးပွားလာစရာမရှိတော့ဘူးပေါ့နော်။ နိုင်ငံတော်က လုပ်ထားတဲ့ဂေဟာတွေလည်း ရှိနေတယ်ဆိုတော့ ဆိုးတဲ့အကောင်တွေကို ဂေဟာကို ပို့လို့ရပါတယ်။ ကျွန်မတို့လို ပုဂ္ဂလိကတွေထက် စည်ပင်တွေကို ပိုပြီးထိထိရောက်ရောက်ဖြစ်စေချင်ပါတယ်။”

တချို့သခင်မဲ့လမ်းဘေးခွေးလေးတွေဟာ ရောဂါဝေဒနာဒဏ်ခံစားနေရပြီဆိုရင် မနှင်းဆီမြင့်တို့လို ပရဟိတတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့အစည်းတွေက သက်သာပျောက်ကင်းအောင် ကုသပေးပြီးခဲ့ပေမယ့် နေရပ်က ပြန်လည်လက်မခံတာမျိုးတွေလည်း ရှိပါတယ်။ တချို့တွေကတော့ ခွေးတွေကိုကယ်ဖို့ Social Media မှာ အသိလာပေးခဲ့ပေမယ့်လည်း တကယ်တမ်းသွားကယ်တဲ့အခါမျိုးမှာ တာဝန်ယူမယ့်သူမရှိတာမျိုးတွေ၊ လိုက်လံပြသခေါ်ဆောင်ပေးမယ့်လူတောင် မရှိတာမျိုးနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

“ခွေးကယ်ဖို့ အကူအညီတောင်းတဲ့သူတွေက ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တော့တင်တယ်။ ပြီးတော့ လိပ်စာတွေရေးပေးတယ်။ ဒါပေမယ့် အဲဒီ့နားက ဆိုင်တစ်ဆိုင်ပဲဖြစ်ဖြစ်၊ ဒေသခံရဲ့ ဖုန်းနံပါတ်ပဲဖြစ်ဖြစ် တွဲပြီးသတင်းပေးရင်တော့ ပိုကောင်းတာပေါ့။ အဲဒီလိုမဟုတ်ဘဲ တွေ့လိုက်တယ်ဆိုပြီးပဲ တင်လိုက်တော့ ခွေးတွေက မရှိတော့တဲ့အခါ ကျွန်မတို့ဘက်က အခက်အခဲတွေဖြစ်တာပေါ့။”

လက်ရှိမှာ နွေရာသီလည်း ရောက်လာပြီဆိုတော့ ရာသီဥတုက ပူပြင်းလာတာနဲ့အမျှ လူတွေအတွက်လည်း ခွေးရူးအန္တရာယ်ရှိသလို ခွေးလေးတွေအနေနဲ့လည်း ရောဂါဝေဒနာတွေကို ခံစားကြရပါတယ်။ နွေရာသီမှာ ခွေးတွေနဲ့ပတ်သက်ပြီး အဖြစ်များတဲ့ရောဂါတွေကတော့ ခွေးရူးရောဂါ၊ အပူလွန်ရောဂါ၊ သန်းရောဂါနဲ့ အတက်ရောဂါတို့ပဲဖြစ်ပါတယ်။

“ဒီလိုအချိန်မှာ အများဆုံးအဖြစ်များတာက အပူလွန်တာပေါ့။ အဲဒီ့အချိန်ရောက်ရင် သူတို့လေးတွေက သွားရည်တွေကျလာတယ်။ လမ်းလျှောက်ရတာ ယိုင်နဲ့လာတယ်။ ဒါပေမယ့် ရေသောက်ပြီး အစားစားတယ်။ ပြီးရင်ရုတ်တရက်လဲကျသေဆုံးတတ်တယ်။ တချို့ခွေးလေးတွေဆိုရင် တက်တယ်။ အဲဒါက ခွေးရူးလက္ခဏာမဟုတ်ပါဘူး။ ဒါမျိုးတွေဖြစ်လာရင် ရေလောင်းပေးပြီး ဓာတ်ဆားရည်တိုက်ပေးရမယ်။ ပြီးရင် ဆေးခန်းသွားရမယ်ပေါ့။ အမွှေးပွခွေးလေးတွေဆိုရင်လည်း အမွှေးကို (၁)လက်မလောက်ပဲအရှည်ထားပြီး ညှပ်ထားတာအကောင်းဆုံးပါပဲ။ ရေပုံမှန်ချိုးပေးဖို့လိုတယ်။ နောက်တစ်မျိုးကတော့ သန်းတွေပေါလာမယ်။ သန်းအစက်ချတာတို့၊ ပေါင်ဒါသုံးတာတို့လုပ်လို့ရတယ်။ မဟုတ်ရင် လူတွေကိုပါ သန်းတွေကူးပြီး အရေပြားရောဂါဖြစ်လာနိုင်တော့ မလွယ်ဘူးလေ။ နောက်ဆုံးကတော့ ခွေးရူးရောဂါပါပဲ။ စဖြစ်ချင်းဆို မျက်လုံးအကြည့်တွေမမှန်တော့ဘဲ သွားရည်တွေကျလာမယ်။ ပတ်ပြေးမယ်။ နောက်တစ်ဆင့်တက်လာရင် လိုက်ကိုက်မယ်။ အလင်းကြောက်မယ်။ ရေကြောက်မယ်။ နောက်ဆုံး ခွေးရူးပိုးက ဦးနှောက်ထဲရောက်ရင် သေသွားမယ်။ အဲဒီလိုလက္ခဏာတွေပြလာမယ်ဆိုရင်တော့ ခွေးရူးဖြစ်ဖို့များပါတယ်။ ဒါဆိုရင်တော့ ဒီခွေးကို သပ်သပ်ဖယ်ထားပြီး အကာအကွယ်မပါပဲမကိုင်ဖို့ ဂရုစိုက်ရမယ်။”

လွန်ခဲ့တဲ့ (၃)နှစ်ဝန်းကျင်က ဓာတ်ပုံဆရာ စိုင်းထင်လင်းထက်ဟာ မနှင်းဆီမြင့်ရဲ့ လှုပ်ရှားမှုတွေကို “A New Family” နာမည်လေးနဲ့ Photo Essay တစ်ပုဒ် ဖန်တီးဖူးပါတယ်။ အဲဒီ့ Photo Essay လေးဟာဆိုရင်လည်း သူမရဲ့ ဘဝကို တစ်စိတ်တစ်ပိုင်း မီးမောင်းထိုးပြနေခဲ့ပါတယ်။ သူမဆီမှာ ခွေးလေးတွေတင်မကသေးပါဘူး။ မွေးစားထားတဲ့ကလေးလေးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီကလေးလေးဟာဆိုရင်လည်း သူမ ခွေးကယ်ဆယ်ရေးလုပ်ရင်းနဲ့ အဲဒီ့နယ်မြေမှာ စွန့်ပစ်ခဲ့တဲ့ ကလေးလေးတစ်ဦးကို တိုက်တိုက်ဆိုင်ဆိုင် အမှတ်မထင်တွေ့ရှိခဲ့ရာကစပြီး မွေးစားထားခဲ့တာပါ။

ဒီတော့ ကျွန်မနဲ့ မနှင်းဆီမြင့်နဲ့ စကားပြောခဲ့တဲ့အချိန်တွေဟာ တော်တော်လေးကြာမြင့်ခဲ့ပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း အချိန်တွေကုန်ပြီး လမ်းခွဲရမယ့်အချိန်ကို ရောက်ရှိလာခဲ့ပါတယ်။ သူမရဲ့ ဘဝလေးကို ပုံဖော်ထားတဲ့ “A New Family” Photo Essay လေးကိုတော့ အောက်မှာ ကြည့်ရှုပေးပါဦးနော်။

“တာဝန်ယူစိတ်၊ တာဝန်သိစိတ်ရယ်၊ ကိုယ်ချင်းစားတရားရှိဖို့ လူတိုင်းလိုအပ်ပါတယ်။ ခွေးမမြင်ချင်ဘူးဆိုရင်လည်း စနစ်တကျ သားအိမ်ထုတ်မယ်၊ သင်းမယ်။ ဒီလိုနဲ့ ထပ်ပြီး မပေါက်ဖွားတော့မှ မမြင်ရတော့မှာမဟုတ်ဘူးလား။ သဟဇာတဖြစ်ဖို့ကတော့ အခုပြောခဲ့သလိုနေလိုက်ကြမယ်ဆိုရင်တော့ အားလုံးအဆင်ပြေသွားကြမှာပါ။”

“Golden Heart Animal Rescue” ကို ဆက်သွယ်လှူဒါန်းချင်တယ်ဆိုရင်တော့ အောက်ပါလိပ်စာအတိုင်း ဆက်သွယ်လှူဒါန်းလို့ရပါတယ်နော်။

“Catch Up, Ketchup” အစီအစဉ်ကနေ လမ်းဘေးခွေးနဲ့ လူသားတွေကြား မပြေလည်မှုတွေ ဖြေရှင်းသွားနိုင်ဖို့ သူမ နိုင်တဲ့ဘက်က တာဝန်ထမ်းနေတဲ့ ဝန်ထမ်းမဟုတ်သော ဝန်ထမ်း မနှင်းဆီမြင့်အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်လိုအကြောင်းအရာတွေ ဖတ်ရှုရဦးမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

Photo Credit: A New Family by Sai Htin Linn Htet

Moethaesay (Akhayar)