ကလေးဘဝက Idol မျာ

ကလေးဘဝက Idol မျာ

မျက်မှန်ပါဝါ ပုလင်းဖင်လောက်တပ်ထားတဲ့ ခါးကုန်းကုန်းအဘိုးအိုတစ်ယောက်က သူ့အိမ်ရှေ့ လွတ်နေတဲ့နေရာမှာ ဆိုင်ခန်းလေးတစ်ခုဖွင့်လို့ တစ်ခုခုကို ရေးမှတ်နေတတ်ပါတယ်။ သူ့ဘေးမှာတော့ ကြောင်သေးနံ့တွေ၊ ဖုန်တွေနဲ့ ပြည့်နေတတ်တဲ့ ကာတွန်းစာအုပ်တွေနဲ့ ဝတ္ထုစာအုပ်တွေ ဝန်းရံထားပါတယ်။ ကာတွန်းစာအုပ်ငှားဖို့အတွက်ဆိုပြီး ကလေးတွေအဝင်အထွက်များနေတတ်တဲ့အတွက်ကြောင့် လူပြတ်တယ်လို့ မရှိပါဘူး။ အရင်အချိန်တုန်းကပေါ့။

ပြီးခဲ့တဲ့ကာလတွေမှာ ကလေးတွေရဲ့ အပန်းဖြေချိန်ဆိုတာ ကာတွန်းဖတ်လိုက်၊ အိပ်လိုက် ကစားလိုက် ဆော့လိုက် လုပ်လို့ ကောင်းတဲ့ အချိန်ကာလတွေပါ။ ကာတွန်းစာအုပ်ဖတ်ရင်း ကာတွန်းထဲက ဇာတ်ကောင်တွေအတိုင်း ကျောင်းမှာလိုက်လုပ်နဲ့ မမောမပန်းနိုင်အောင်ပါပဲ။ တချို့ဇာတ်ကောင်တွေကတော့ ကြီးလာရင် ကိုယ် ဒီလို ဖြစ်ချင်တယ်ဆိုတဲ့အထိ ရူးသွပ်ခဲ့ကြတယ်။

ကိုပူစီလာပြီဗျို့

ကာတွန်း ပိုးဇာ လက်ရာဖြစ်တဲ့ ကိုးတန်းကျောင်းသားကြီး ဖိုးသင်္ကြန်ကတော့ ညဘက်ဆို ကိုပူစီဆိုတဲ့ နာမည်နဲ့ မကောင်းမှုတွေ ကယ်တင်ဖို့ တာဝန်ထမ်းဆောင်တတ်ပါတယ်။ မွေးနေ့လက်ဆောင်အဖြစ် အဘိုးဆီက ရထားတဲ့ သိပ္ပံဝတ်စုံကို ကောင်းကောင်းအသုံးချတတ်တဲ့ လူစွမ်းကောင်း ကိုပူစီဆိုတာ အိမ်မက်ထဲက သူရဲကောင်းကြီးပါ။ ကိုယ်တိုင်လည်း ကျောင်းသူမို့ ကိုပူစီစာအုပ်ဖတ်ပြီး ကိုပူစီလို ဖြစ်ချင်ခဲ့ဖူးတယ်။ တခါတခါလည်း စာအုပ်ဖတ်နေရင်း အိမ်ခေါင်မိုးပေါ်တွေ လိုက်ကြည့်မိတယ်။ ကိုပူစီများ တွေ့မလားလို့။

တွတ်ပီ

ဆွေမင်း (ဓနုဖြူ) ရဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ပေါက်ပီရဲ့မြေး၊ ဒဲ့ပီရဲ့ သား တွတ်ပီတစ်ယောက် တောထဲလာပြီဆို သားကောင်တွေများ အေးဆေးပဲ။ မရှောင်ရင် လွတ်တယ် မဟုတ်လား။ အကြမ်းကြီးနော် စကေးက။ ဂုဏ်ပုဒ်ကလည်း သေးသေးမွှားမွှားမှ မဟုတ်တာ မြိုင်ရာဇာတွတ်ပီလေ။ သူ့အထာမသိတဲ့ အကောင်တွေဆို ခံပေလျော့ပဲ။  ဒီလို အထာမသိတဲ့ အကောင်တွေရှိမှ မသေးမျှင်တစ်ယောက် မျက်နှာချိုမှာပေါ့။ ဒီနေ့ ကံမကောင်းပါလားဆိုပြီး ပြောတတ်တဲ့ တွတ်ပီကိုလည်း တခါတခါလွမ်းမိပါတယ်။ ကျောင်းသင်ခန်းစာမှာ မသင်တဲ့ ခလောက်မြွေအကြောင်းတို့ ပုရွက်ဆိတ်စားတတ်တဲ့ သင်းခွေချပ်အကြောင်းတို့ဆို တွတ်ပီကြီး ပြောလို့ သိခဲ့ရတာ။ တွတ်ပီကြီး ရှိမယ်ထင်တဲ့ ကြုံတိုင်းရွာလည်း ကြီးလာရင် သွားမယ့်စာရင်းထဲ ထည့်ထားလိုက်သေးတယ်။

ပြာဂလောင် ပြာလချောင်

မောင်ထူးနဲ့ ခင်ချောစွိတို့ သားတွေလို့ ပြောလိုက်တယ်ဆိုရင်ပဲ ရပ်ကွက်ထဲ မသိသူမရှိ။ နွေရာသီမှာ အချိုရည်အေးအေးလေး သောက်ချင်လို့ ပြာဂလောင် ပြာလချောင်တို့ သူငယ်ချင်းတစ်စု ဖြတ်ထိုးဉာဏ်ကောင်းကောင်းနဲ့ လုပ်ပုံက ဒီနေ့ထိ မျက်လုံးမှာ စွဲနေသေးတယ်။ ကောက်ရိုးတွေ စုပြီး အလယ်မှာ အအေးဗူးထည့်၊ ရလာတဲ့ ကောက်ရိုးစုကို တုတ်ချောင်းတစ်ခုနဲ့ သစ်ကိုင်းမှာ ကြိုးနဲ့တွဲချည်ပြီး ကောက်ရိုးစုပေါ် ရေလောင်းပေးလိုက် ပုခက်လွှဲလိုက်နဲ့ အချိုရည်အေးအေး လုပ်သောက်ကြတဲ့သူတွေ။ ရာမရဲ့ စတိုင်ကိုကြိုက်လို့တောင် နွေကျောင်းပိတ်ရက်တိုင်း ခေါင်းတုံးတုံး တတ်တဲ့ ညီမဖြစ်သူကို ရာမပုံစံအတိုင်းရအောင်ဆိုပြီး သူ့ခေါင်းတုံးပေါ်မှာ ရေခဲမုန့်ခွက်ကို တိပ်တွေနဲ့ ကပ်တာ မှတ်မိသေးတယ်။  တိပ်တော့ အတော်သုံးရတယ်။

ဘိုဘိုနဲ့ အီးတီ

ဘိုဘိုရဲ့ ပဲ့ကိုင်ရှင်က ကာတွန်းမင်းဇော်မှန်း သိနေတော့ အီးတီ သူငယ်ချင်းမျိုး ဖန်တီးပေးလို့ ရမလားဆိုပြီး ပေါက်ကရတွေလည်း တွေးဖူးတယ်။ အီးတီလို တီထွင်တတ်တဲ့ သူငယ်ချင်းတစ်ယောက် ဘယ်သူကများ မလိုချင်ဘဲ နေမတုန်း။ အီးတီသာရှိရင် အမေခိုင်းတဲ့ အိမ်အလုပ်တွေလည်း ဘိုဘို့လို အချောင်ခိုလို့ရမယ် မဟုတ်လား။ ဖက်တီးလို အနိုင်ကျင့်တတ်တဲ့ သူငယ်ချင်းရှိလည်း ကြောက်စရာမလိုဘူးလေ။

ဒီလိုပဲ ကာတွန်းတွေ ဖတ်လိုက်၊ တွေးလိုက်၊ အိမ်မက်တွေထဲ ထည့်မက်လိုက်နဲ့ပဲ ကျောင်းပိတ်ရက်တွေက ကာတွန်းဆိုင်တွေမှာပဲ ခြေရာတွေထပ်။ အခုဆို ဒီကာတွန်းဇာတ်ကောင်တွေ ဖန်တီးတဲ့ ကာတွန်းဆရာ တချို့လည်း မရှိကြတော့ပါ။ စာအုပ်ဆိုင်တွေလည်း လမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ မရှိတော့သလို တချို့ စာအုပ်တွေက ဖတ်ချင်ရင်တောင် အဟောင်းတန်းထဲမှာ မွှေရနှောက်ရပေါ့။ အခုစာဖတ်နေသူတွေထဲမှာ ဘယ်ကာတွန်းဇာတ်ကောင်က ကိုယ့်အတွက် Idol ဖြစ်ခဲ့ဖူးလဲ။ ငယ်ငယ်တုန်းက အရူးထခဲ့တဲ့ အကြောင်းတွေပြောပြီး အတိတ်ကို စားမြုံ့ပြန်ကြရအောင်လေ။

Photo Credit – Pinterest, facebook

NSC (Akhayar)