Bubble Tea ထဲက ပုလဲလုံးလေးကြောင့် တရုတ်နိုင်ငံကမိန်းကလေး ဘယ်လိုဖြစ်သွားလဲ

Bubble Tea ထဲက ပုလဲလုံးလေးကြောင့် တရုတ်နိုင်ငံကမိန်းကလေး ဘယ်လိုဖြစ်သွားလဲ

တရုတ်နိုင်ငံက အသက် (၁၄) အရွယ် ကောင်မလေးတစ်ယောက်ဟာ ငါးရက်တစ်ပတ်လောက် ဝမ်းမသွားနိုင်ဖြစ်တဲ့အတွက် ဆေးရုံကို ရောက်ရှိလာပါတယ်။ တစ်ရက်လောက်ဝမ်းမသွားနိုင်ရင်တောင် လူဟာ မအီမသာဖြစ်ပြီး ခေါင်းတွေကိုက်တောမျိုး ဖြစ်တတ်တာဆိုတော့ ငါးရက်တောင် ဝမ်းမသွားနိုင်ဘူးဆိုတော့ ဒီကောင်မလေး ဘယ်လိုခံစားနေရမလဲဆိုတာ စာဖတ်သူတွေ တွေးသာကြည့်တော့နော်။

Zhejiang မှာနေထိုင်တဲ့ ဒီကောင်မလေးဟာ ဝမ်းချုပ်တာကို ငါးရက်တိတိ ခံစားနေရတဲ့အတွက် အချိန်တိုင်း ညည်းညူနေခဲ့ပါတယ်။ သူမဟာ ဘာမှထပ်ပြီးမစားနိုင်ဘဲ ဗိုက်အောင့်ဗိုက်နာတာကိုပဲ ခံစားနေရပါတယ်တဲ့။ တရုတ်မီဒီယာတွေရဲ့တင်ပြချက်အရ သူမ ဗိုက်အဆက်မပြတ်အောင့်နေတာ ဘယ်လိုမှ မသက်သာတဲ့အတွက် မေလ (၂၈) ရက်နေ့မှာ သူမမိဘတွေဟာ သူမကို ဆေးရုံတင်လိုက်ရပါတယ်။

သူမခံစားနေရတာနဲ့ပတ်သက်ပြီး CT (Computed tomography) Scan ဖတ်တဲ့အခါ ဘာကြောင့်ဖြစ်တယ်ဆိုပြီး တိတိကျကျ ရှာဖွေမတွေ့ရှိပေမယ့် ဆရာဝန်တွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ သူမရဲ့ ဝမ်းဗိုက်ထဲမှာ ပုံမှန်မဟုတ်တဲ့ စက်လုံးအရွယ်အစား အရိပ်လေးတွေရှိနေတာပါပဲ။

ရှာဖွေတွေ့ရှိတဲ့ စက်လုံးအရွယ်အရိပ်လေးတွေနဲ့ပတ်သက်ပြီး ဆရာဝန်တွေ ကောက်ချက်ချလိုက်တာကတော့ သူမသောက်သုံးလိုက်တဲ့ Bubble Tea တွေထဲက ပုလဲလုံးလေးတွေဖြစ်ပါတယ်တဲ့။

ဗိုက်အောင့်ပြီး ရောက်လာတဲ့သူမကို ဆရာဝန်တွေက ဘာတွေစားလဲဆိုပြီး မေးတဲ့အခါ အစပိုင်းမှာ သူမဟာ ပြန်မဖြေဘဲ အင်တင်တင်လုပ်နေခဲ့ပါတယ်။ နောက်ဆုံးမှာ ဗိုက်အောင့်တာမဖြစ်ခင် ငါးရက်လောက်တုန်းက Bubble Tea သောက်ပြီး ပဲတွေပြန်အန်ထွက်ခဲ့တယ်ဆိုပြီး ပြောပါတယ်။

သူမကို ကုသပေးတဲ့ Dr Zhang Louzhen သုံးသပ်တာကတော့ သူမဟာ မိဘတွေကို ဘာစားခဲ့တယ်လို့ ပြန်ပြောရင် အဆူခံထိမှာစိုးလို့ မပြောဘဲနေရာကနေ ဒီလောက်ထိ ဖြစ်သွားခဲ့တာပါ။ သူမဆေးရုံကို ရောက်လာတဲ့အချိန်မှာ အခြေအနေဟာ တော်တော် ပြင်းထန်နေပြီး အချိန်မီသာ မရောက်လာခဲ့ရင် အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်ခြေရှိပါတယ်။ သူမရဲ့ဗိုက်ထဲမှာ ပုလဲတွေဟာ အမြောက်အမြားရှိနေပြီး အဲဒီပုလဲတွေ ကြေဖျက်နိုင်အောင် အချိန်တွေယူရာကနေ ဗိုက်အောင့်တာတွေ၊ ဝမ်းချုပ်တာတွေ ဖြစ်လာတာပါ။

သူမရဲ့ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် ဆရာဝန်တွေက သူမကို ဝမ်းနုတ်ဆေးတွေ တိုက်ခဲ့ရပါတယ်။ သူမဖြစ်တာနဲ့ပတ်သက်ပြီး နောက်ထပ်ဆရာဝန်တွေနဲ့ အင်တာဗျုးမေးကြည့်တဲ့အခါ Bubble Tea မှာပါတဲ့ ပုလဲတွေကို ကစီဓာတ်တွေနဲ့ပြုလုပ်ထားတဲ့အတွက် အစာခြေဖျက်နိုင်ဖို့ ခက်ခဲတဲ့အတွက်ကြောင့် ဒီလိုခံစားရတာ ဖြစ်ပါတယ်။ ဒါအပြင် ပုလဲတွေကို လုပ်တဲ့အခါ တချို့ဆိုင်တွေက ပုလဲလုံးကို ကိုက်လိုက်ရင် ထူထူထဲထဲကြီးဖြစ်တဲ့ ခံစားချက်ရရှိအောင်နဲ့ အထားခံအောင် တာရှည်ခံဆေးတွေ ထည့်လုပ်ထားတဲ့အတွက်ကြောင့် အစာအိမ်နာတဲ့အထိ ဖြစ်သွားတာပါ။

အခုခေတ် ပုလဲပါတဲ့ Bubble Tea တွေကို မသောက်ရင်ပဲ ခေတ်မမီတော့သလို ဖြစ်နေတော့ သူမဖြစ်တဲ့ ဖြစ်ရပ်ကို နမူနာယူပြီး အတိုင်းအတာလေးနဲ့ သောက်သုံးစေချင်ပါတယ်။ သူဖြစ်တိုင်းလည်း ကိုယ်မဖြစ်နိုင်ဘူးဆိုပေမယ့်လည်း ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုထိရောက်လို့ ကြိုက်တယ်ဆိုတိုင်း နေ့စဉ်ရက်ဆက်သောက်တာမျိုး၊ မကြာခဏသောက်တာမျိူး အကျင့်မလုပ်ဖို့တော့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် မိဘတွေအနေနဲ့လည်း ကိုယ်သားသမီးတွေ ကျန်းမာရေးနဲ့ မညီညွတ်တာကို မသိဘဲ စားလာမိတဲ့အခါမျိုးမှာလည်း ဆူတာမျိုးချည်းပဲ မလုပ်ဘဲ ဒါကတော့ ကျန်းမာရေးအတွက် မကောင်းစေလို့ အမြဲမစားသင့်ဘူး။ စားချင်ရင် တစ်ခါတရံပဲစားရမယ်ဆိုပြီး နားလည်အောင် ရှင်းပြပေးပါ။ ကျန်းမာတဲ့ဘဝကြီးကို လူတိုင်းရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: www.straitstimes.com , www.youngparents.com.sg

Reference: www.straitstimes.com

H.H(Akhayar)