OG Dota2 အဖွဲ့သားတွေကို TI မှာ ဆေးချကစားခဲ့ကြောင်း စွပ်စွဲလိုက်တဲ့ Winstrike Dota 2 အသင်း နည်းပြ

OG Dota2 အဖွဲ့သားတွေကို TI မှာ ဆေးချကစားခဲ့ကြောင်း စွပ်စွဲလိုက်တဲ့ Winstrike Dota 2 အသင်း နည်းပြ

CIS အခြေစိုက် Dota2 အသင်း Winstrike ရဲ့ နည်းပြဖြစ်သူ Timur “Ahilles” Kulmuhambetov ကတော့ TI နှစ်ထပ်ကွမ်း ချန်ပီယံတွေနဲ့ ပက်သက်ပြီး အခြေအမြစ် မရှိတဲ့ စွပ်စွဲမှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက Cyber.Sports.Ru နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ် တစ်ခုမှာ Ahilles အနေနဲ့ OG Dota2 အဖွဲ့သားတွေဟာ The International ပြိုင်ပွဲတွေမှာ စွမ်းဆောင်ရည် ၁၀၀ ရာခိုင်နှုန်း အပြည့် အသုံးချနိုင်ဖို့ အတွက် တားမြစ်ဆေးတွေကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Ahilles အနေနဲ့ OG Dota2 အဖွဲ့သားတွေရဲ့ The International ပြိုင်ပွဲ အပေါ် စိတ်အားထက်သန်မှုဟာ အတော်လေးကို ပြင်းထန်သလို ဖိအားများတဲ့ TI လို ပြိုင်ပွဲမျိုးမှာ ထင်မှတ်မထားလောက်အောင် တည်ငြိမ်လွန်းလှတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ The International 2018 ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ်တစ်ခုဖြစ်တဲ့ Game 4 မှာဆိုရင် PSG.LGD အသင်းသားတွေရဲ့ စိတ်လှုပ်ရှားမှုတွေကို အထင်းသား မြင်နိုင်ပေမယ့် OG Dota2 အဖွဲ့သားတွေကတော့ Game 2 နဲ့ Game 3 တို့ကို ဆက်တိုက် ရှုံးနိမ့်ထားပေမယ့် တားမြစ်ဆေးတွေကို အသုံးပြုထားတာကြောင့် တည်ငြိမ်စွာနဲ့ ဆက်လက် ကစားနိုင်ခဲ့တာ ဖြစ်တယ်လို့ Ahilles ကတော့ စွပ်စွဲသွားခဲ့ပါတယ်။

Ahilles အနေနဲ့ အခုလို စွပ်စွဲပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ ဖြေရှင်းချက် တစ်ခုကို ကိုယ်ပိုင် VK အကောင့်ကနေ တစ်ဆင့် အောက်ပါအတိုင်း ကြေညာသွားခဲ့ပါတယ်။

“OG Dota2 အသင်းသားတွေ TI ပြိုင်ပွဲမှာ တားမြစ်ဆေးတွေ အသုံးပြုခဲ့တယ်လို့ ကျွန်တော် စွပ်စွဲခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက် တစ်ခုကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ TI လို ပြိုင်ပွဲမျိုးမှာ OG Dota2 အသင်း အနေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို စိတ်ဖိစီးမှုတွေ အင်မတန်ကို များပြားတဲ့ ပြိုင်ပွဲမှာ ခံစားချက်တွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာကြောင့် အခုလို ထင်မြင်ယူဆမိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။”

OG အဖွဲ့သားတွေ အတွက် အခုလို စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရတာ ဒီတစ်ကြိမ်က ပထမဆုံး အကြိမ်တော့ မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းတုန်းကလည်း CIS အခြေစိုက် Dota2 ကစားသမားဟောင်းလည်းဖြစ်၊ လက်ရှိ Dota2 Analyst အဖြစ် တာဝန်ယူလျက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တဲ့ ARS-ART အနေနဲ့ OG Dota2 အသင်းသားတွေကို TI 9 ပြိုင်ပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ ဆေးတစ်မျိုး အသုံးပြုခဲ့တယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း စွပ်စွဲပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ OG Dota2 အဖွဲ့သားတွေ အပေါ် မတရား စွပ်စွဲမှုတွေ ပြုလုပ်မိခဲ့တဲ့ အတွက် ARS-ART တစ်ယောက် ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

“OG Dota2 အဖွဲ့သားတွေ အားလုံးနဲ့ Esports မိသားစုဝင်တွေ အားလုံးကို အထူးပင် တောင်းပန်အပ်ပါတယ်။ ကျွန်တော့် အနေနဲ့ အခြေအမြစ် မရှိတဲ့ ကောလာဟလတွေကို ယုံကြည်ပြီး OG Dota2 အသင်း အပေါ် စွပ်စွဲမှုတွေ ပြုလုပ်ခဲ့မိပါတယ်။ တကယ်တော့ OG Dota2 အသင်းဟာ ချန်ပီယံ အစစ်အမှန်တွေဖြစ်ကြောင်းကို ၂ နှစ်ဆက် ချန်ပီယံဆုကို ရယူပြီး သက်သေပြနိုင်ခဲ့တဲ့ အသင်းကောင်း တစ်သင်းပဲ ဖြစ်ပါတယ်။”

REF: AfkGaming