LGBT တွေကို လက်ခံတဲ့ နိုင်ငံများနဲ့ ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံများ

LGBT တွေကို လက်ခံတဲ့ နိုင်ငံများနဲ့ ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံများ

တလောလေးဆီက ဘရူနိုင်းမှာ လိင်တူဆက်ဆံတာကို မိရင် ကျောက်တုံးနဲ့ မသေမချင်းထုသတ်ဖို့ ဥပဒေအသစ်တွေ ထွက်ရှိခဲ့တာကို ကြားမိကြမှာပါ။ ဒါပေမယ့် ဘရူနိုင်းနိုင်ငံတစ်ခုတည်း Gay ဖြစ်ခြင်းကို နှိပ်ကွပ်တာ မဟုတ်ပါဘူး။

သေဒဏ်ချမှတ်တဲ့ နိုင်ငံများ
အပြည်ပြည်ဆိုင်ရာ Lesbian ၊ Gay ၊ Trans နဲ့ Intersex အဖွဲ့အစည်း (ILGA) ရဲ့ ထုတ်ဖော်မှုအရ လိင်တူချင်းဆက်ဆံတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး သေဒဏ်အထိ ချမှတ်တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံ ရှိပြီး ဘရူနိုင်းကတော့ ၇ နိုင်ငံမြောက်နိုင်ငံဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကတော့ အီရန်၊ ဆော်ဒီအာရေးဘီးယား၊ ဆူဒန်၊ ယီမင်၊ နိုင်ဂျီရီးယား၊ ဆိုမာလီယာနဲ့ ဘရူနိုင်းနိုင်ငံတို့ပဲ ဖြစ်ပါတယ်။

ဒီလို သေဒဏ်အထိချမှတ်တဲ့ နိုင်ငံတွေဟာ နောက်ထပ် ၅ နိုင်ငံလောက် တိုးလာဖွယ်ရှိပြီး ဘရူနိုင်းလို နိုင်ငံမျိုးကတော့ အစ္စလာမ်မစ်ရှာရီယာဥပဒေကနေ အခြေခံပြီး ချမှတ်တာ ဖြစ်ပါတယ်။

ပြစ်မှုမြောက်တဲ့ နိုင်ငံများ
နောက်ထပ် နိုင်ငံပေါင်း ၇၃ လောက်ကတော့ အရွယ်ရောက်ပြီးသား လူနှစ်ယောက် လိင်တူချင်းဆက်ဆံရင် ပြစ်မှုမြောက်ပြီး အဲဒီနိုင်ငံတွေထဲက ၂၆ နိုင်ငံမှာဆိုရင် လိင်တူဆက်ဆံတာကို မိရင် ထောင်ဒဏ် ၁၀နှစ်ကနေ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်ပါတယ်။ ဘယ်လို နိုင်ငံတွေလဲဆိုရင် အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှတိုက်က နိုင်ငံအများစုပဲ ဖြစ်ပါတယ်။ တချို့ နိုင်ငံတွေမှာဆိုရင်တော့ အမျိုးသားချင်းလိင်ဆက်ဆံတာကိုပဲ တားမြစ်ရာကနေ Bisexual နဲ့ Lesbian အမျိုးသမီးတွေအထိ ဥပဒေထုတ်တားမြစ်မှုတွေ ကျယ်ပြန့်လာခဲ့ပါတယ်။

လိင်တူချစ်သူတွေလက်ထပ်ခွင့်ရှိတဲ့ နိုင်ငံများ
၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ သြစတြေးလျ နိုင်ငံဟာ လိင်တူလက်ထပ်မှုကို ခွင့်ပြုတဲ့ ၂၆ နိုင်ငံမြောက် နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဂျာမဏီနိုင်ငံဟာလည်း တခြား မော်လ်တာ၊ ဘာမြူဒါနဲ့ ဖင်လန်တို့လိုပဲ ပြီးခဲ့တဲ့နှစ်က လိင်တူထိမ်းမြားမှုကို ခွင့်ပြုခဲ့ပါတယ်။ သြစတြေးလျရဲ့ ပြောင်းလဲလိုက်တဲ့ ဥပဒေတွေအရ လိင်တူချစ်သူတွေဟာ ၂၀၁၉ ကနေစပြီး လိင်တူချင်း လက်ထပ်နိုင်ပါပြီ။

လိင်တူထိမ်းမြားမှုကို စတင်ခွင့်ပြုတာကတော့ နယ်သာလန်နိုင်ငံဖြစ်ပြီး ၂၀၀၀ ခုနှစ်တည်းက စတင်ခဲ့တာမှာ အခုထိ ၂၇ နိုင်ငံရှိခဲ့တာ ဖြစ်ပါတယ်။ ခွင့်ပြုတဲ့ နိုင်ငံတွေကိုတော့ အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။

LGBT တွေအပေါ် ခွဲခြားမှုကို ကာကွယ်ပေးထားတဲ့ နိုင်ငံများ

ဘိုလီဗီးယား၊ အီကွေဒေါ၊ ဖီဂျီ၊ မော်လ်တာနဲ့ UK နိုင်ငံရဲ့ အခြေခံဥပေဒမှာ နိုင်ငံသားတွေရဲ့ လိင်စိတ်ခံယူမှုနဲ့ တိမ်းညွတ်မှုအပေါ် တန်းတူညီမျှရှိမှုကို အာမခံပေးထားပြီး မက္ကဆီကို၊ နယူးဇီလန်၊ ပေါ်တူဂီ၊ တောင်အာဖရိကနဲ့ ဆွီဒင်နိုင်ငံတို့မှာတော့ လိင်စိတ်တိမ်းညွှတ်မှုအပေါ် အခြေခံပြီး ဥပဒေနဲ့ အကာအကွယ်ပေးထားပါတယ်။

Yoe Lu (Akhayar)


Source: CNN.com, www.weforum.org, abcnews.go.com