2020 LOL World Championship ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ DAMWON Gaming

2020 LOL World Championship ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ DAMWON Gaming

အချို့သော ဂိမ်းကုမ္ပဏီကြီးတွေ အနေနဲ့ ကိုဗစ်-၁၉ ကို အကြောင်းပြပြီး LAN ပြိုင်ပွဲတွေ ကျင်းပဖို့ တုံ့ဆိုင်းနေခဲ့ပေမယ့် Riot Games ကတော့ League of Legends လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ 2020 LOL World Championship ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ အောင်မြင်စွာ ကျင်းပ ပြီးစီးလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

LOL ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲလို့ အမည်ပေးထားတာနဲ့ အညီ Worlds 2020 ပြိုင်ပွဲမှာ ကမ္ဘာ့နေရာ အနှံ့အပြားမှ နာမည်ကျော် LOL အသင်းပေါင်း ၂၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပချိန် ၁ လကျော် အချိန်ယူကာ ကျင်းပသွားခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းပေါင်း ၂၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပေမယ့် EU နဲ့ NA အခြေစိုက် LOL အသင်း အများစုဟာ အုပ်စုအဆင့်နဲ့တင် ကျေနပ်ခဲ့ရပြီး ရှုံးထွက်အဆင့်ကို EU အခြေစိုက် အသင်း ၂ သင်းဖြစ်တဲ့ Fnatic နဲ့ G2 Esports၊ CN အသင်း ၃ သင်းဖြစ်တဲ့ Suning, Top Esports, JD Gaming၊ ကိုရီးယား အသင်း ၃ သင်းဖြစ်တဲ့ Gen.G, DAMWON Gaming, DRX စတဲ့ အသင်းတို့သာ တက်လှမ်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ Worlds 2018 နဲ့ Worlds 2019 တို့မှာ တရုတ် အခြေစိုက် LOL အသင်းတွေဖြစ်တဲ့ Invictus Gaming, FunPlus Phoenix တို့က အနိုင်ရ ဗိုလ်စွဲခဲ့သလို ယခုနှစ် Worlds 2020 ပြိုင်ပွဲကို တရုတ်နိုင်ငံမှာ ကျင်းပတာ ဖြစ်တာကြောင့် Worlds 2020 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကိုလည်း တရုတ် အသင်း တစ်သင်းသင်းကသာ ရယူသွားနိုင်တယ်လို့ ပရိသတ် အများစုက ခန့်မှန်းခဲ့ကြပါတယ်။

ထင်မှတ်ထားတဲ့ အတိုင်း ဆီမီးဖိုင်နယ်အဆင့်ကို တရုတ်အသင်း ၂ သင်းဖြစ်တဲ့ Top Esports နဲ့ Suning၊ ကိုရီးယားအသင်းဖြစ်တဲ့ DAMWON Gaming, EU အသင်းဖြစ်တဲ့ G2 တို့ တက်လှမ်းနိုင်ခဲ့ပြီ Top Esports နဲ့ Suning တို့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ Suning အနေနဲ့ 3-1 ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို DAMWON Gaming အနေနဲ့လည်း G2 Esports ကို 3-1 ဆိုတဲ့ ရလဒ်ဖြင့်ပဲ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ကိုရီးယား အခြေစိုက် LOL အသင်းတွေဟာ ၂၀၁၃ ခုနှစ်က စတင်ပြီး ၂၀၁၇ ခုနှစ် အထိ Worlds Championship ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း ၂၀၁၈ ခုနှစ်က စတင်ပြီး လက်စွမ်းပိုင်း ကျဆင်းကာ ချန်ပီယံဂုဏ်ပုဒ်ကို တရုတ်အသင်းတွေထံ လွှဲပြောင်းပေးခဲ့ရတာကြောင့် ပရိသတ်တွေ အနေနဲ့ Worlds 2020 ပြိုင်ပွဲမှာ တရုတ်အခြေစိုက် LOL အသင်းဖြစ်တဲ့ Suning ကပဲ အနိုင်ယူသွားမလား၊ ဒါမှမဟုတ် ကိုရီးယားအခြေစိုက် LOL အသင်းဖြစ်တဲ့ DAMWON Gaming ကပဲ ဆုဖလားကို လွှဲပြောင်းရယူသွားမလား ဆိုတာကို စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုခဲ့ကြပါတယ်။

2020 LOL World Championship ပြိုင်ပွဲရဲ့ Finals ပွဲစဉ်ကို Best of Five Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Game 1 ရဲ့ ပွဲစဉ်အစပိုင်းတွေကို Suning ဘက်မှ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ DAMWON Gaming ဘက်က ပွဲစဉ်ကို ပြန်လည် အသာစီး ရယူနိုင်ခဲ့ပြီး Game 1 ရဲ့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။

ပထမ ပွဲစဉ်မှာ ထင်မှတ်မထားဘဲ ရှုံးနိမ့်ခဲ့တဲ့ Suning ဟာ Game 2 မှာတော့ ပွဲစဉ်အစပိုင်းမှာသာ အနည်းငယ် ရုန်းကန်ခဲ့ရပြီး ပွဲချိန်ကြာလာတာနဲ့ အမျှ ကြီးစိုးနိုင်ခဲ့သလို နောက်ဆုံးမှာ အနိုင်ရလဒ်ကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

Game 3 နဲ့ Game 4 တို့မှာလည်း နှစ်ဘက် ကစားသမားတွေ အနေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာကြောင့် အတော်လေးကို ကြည့်ကောင်းတဲ့ Finals ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Suning အနေနဲ့ အဆုံးအဖြတ် ပွဲစဉ်တွေဖြစ်တဲ့ Game 3 နဲ့ Game 4 တို့မှာ DAMWON Gaming ကို ယှဉ်နိုင်ခြင်း မရှိခဲ့တာကြောင့် 2020 LOL World Championship ပြိုင်ပွဲကြီးရဲ့ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

2020 LOL World Championship ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ DAMWON Gaming အနေနဲ့ World Championship ဆုဖလားကြီးကို ကိုရီးယားနိုင်ငံကို ပြန်လည် သယ်ဆောင် လာနိုင်ခဲ့ပြီ ဖြစ်သလို ဆုကြေးငွေ အဖြစ် ဒေါ်လာ ၂ သန်းခွဲခန့်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

REF: VpEsports