Dota2 ကစားသူဦးရေ ငါးလဆက်တိုက် ကျဆင်းလျက်ရှိ

Dota2 ကစားသူဦးရေ ငါးလဆက်တိုက် ကျဆင်းလျက်ရှိ

ပရိုဖက်ရှင်နယ် Dota2 ကစားသမားတွေ၊ Talents တွေ၊ အဖွဲ့အစည်းတွေရဲ့ အပြစ်တင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလျက်ရှိတဲ့ Valve အတွက်ကတော့ တစ်ပူပေါ် တစ်ပူဆင့်ဆိုတဲ့ အနေအထားနဲ့ စတင် ရင်ဆိုင်ရလျက် ရှိပါတယ်။ Steam Charts မှ ထုတ်ပြန်ကြေညာလိုက်တဲ့ အချက်အလက်များ အရ Dota2 ကစားသူဦးရေဟာ ငါးလဆက်တိုက် ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိတယ်လို့ သိရပါတယ်။

အခုလို ငါးလဆက်တိုက် ကစားသူဦးရေ ကျဆင်းမှုတွေနဲ့ နောက်ဆုံး ရင်ဆိုင်ခဲ့ရတာ ၂၀၁၂ ခုနှစ်ကဖြစ်ပြီး ၂၀၂၀ ခုနှစ် မေလမှာ ပြန်လည် ကြုံတွေ့လာရတာ ဖြစ်ပါတယ်။ Dota2 အနေနဲ့ ယခုနှစ် ဖေဖော်ဝါရီလ၊ မတ်လနဲ့ ဧပြီလအတွင်းမှာ ကစားသူဦးရေ တိုးပွားလာခဲ့ပေမယ့်လည်း မေလက စတင်ပြီး ပြန်လည် ကျဆင်းသွားခဲ့တာ အခုဆိုရင် ကစားသူဦးရေ ၁ သိန်းခန့် ကျဆင်းလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြပြီး TI10 ပြိုင်ပွဲကျင်းပမယ့် နေ့ရက်ကို နောက်ဆုတ်ခဲ့သလို DPC ရာသီကိုလည်း ဘယ်အချိန်မှ ပြန်လည် စတင်သွားမယ် ဆိုတာကို အတိအကျ ကြေညာခြင်း မရှိတာကြောင့် ကစားသမားတွေ၊ ပရိသတ်တွေရဲ့ အပြင်းအထန် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် အခုလို ကစားသမားဦးရေ သိသိသာသာ ကျဆင်းသွားခဲ့ခြင်းက Valve အတွက်တော့ တကယ်ကို စိတ်မအေးစရာပါပဲ။

လွန်ခဲ့တဲ့ လေးနှစ်အတွင်း ဇွန်လကနေ အောက်တိုဘာလအတွင်းဟာ TI ပြိုင်ပွဲများ ကျင်းပခဲ့တဲ့လများ ဖြစ်တာနဲ့ အညီ Dota2 ကစားသမားဦးရေ အမြင့်ဆုံး တိုးပွားလာခဲ့တဲ့ လများအဖြစ် တည်ရှိခဲ့ပေမယ့်လည်း ယခုနှစ်မှာ TI ပြိုင်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့တာကြောင့် ကစားသမားဦးရေ အခုလို ကျဆင်းသွားခဲ့တာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများကတော့ သုံးသပ်ထားကြပါတယ်။

ဒါပေမယ့်လည်း အခုလို ငါးလဆက်တိုက် ကစားသူဦးရေ ကျဆင်းသွားခဲ့ခြင်းဟာ Dota2 ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ အတွက်တော့ သူတို့ချစ်မြတ်နိုးတဲ့ Dota2 ကြီး Dead Game ဖြစ်သွားမလားဆိုပြီး စိုးရိမ် ပူပန်စေခဲ့တာ အမှန်ပါပဲ။ ဒါကြောင့် DPC ရာသီ ပြန်လည် စတင်လာချိန်မှာ ကစားသူဦးရေ ပြန်လည် တိုးတက်လာမလား ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming