Fighting Pandas Dota 2 အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ EternalEnvy နဲ့ Sneyking

မြောက်အမေရိက အခြေစိုက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ EternalEnvy နဲ့ Sneyking တို့ အနေနဲ့ 2019-2020 DPC ရာသီမှာ ဝင်ရောက် ယှဥ်ပြိုင်ရန် အတွက် စိတ်ကြိုက် ကစားသမား သုံးဦးကို ခေါ်ယူကာ Fighting Pandas Dota 2 အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။
Fighting Pandas Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမမြောက် Major ပြိုင်ပွဲနဲ့ ဒုတိယမြောက် Minor ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့သလို တတိယမြောက် Minor ပြိုင်ပွဲဖြစ်တဲ့ StarLadder ImbaTV Minor ပြိုင်ပွဲမှာ ဝင်ရောက်ခွင့် ရရှိထားပေမယ့် ပူးတွဲတည်ထောင်သူ နှစ်ဦးဖြစ်တဲ့ EE နဲ့ Sneyking တို့ကတော့ အသင်းကနေ နှုတ်ဆက် ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။

EnternalEnvy အနေနဲ့ MDL Chengdu Major မှာ ဝင်ရောက် ယှဥ်ပြိုင်နေစဥ် အချိန်အတွင်း VP Esports နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ရာမှာ သူ့အနေနဲ့ Fighting Pandas Dota 2 အသင်းကို ကိုယ်တိုင်ကိုယ်ကျ ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း၊ TI 9 မှာ ဝင်ရောက် ကစားခွင့် မရှိခဲ့တာကြောင့် မိမိ စိတ်တိုင်းကျ ကစားသမားတွေကို ခေါ်ယူပြီး အသင်းကို ဖွဲ့စည်းဖို့ အတွက် အချိန်ယူ လုပ်ဆောင်နိုင်ခဲ့ကြောင်းတွေ ပြောသွားခဲ့ပါတယ်။
I have left Fighting Pandas
— EternaLEnVy (@EternaLEnVy1991) February 23, 2020
ဒါပေမယ့်လည်း VP Esports က EternalEnvy ကို အသင်းပြောင်း ကစားဖို့ ရည်ရွယ်ချက် ရှိသေးလားလို့ ထပ်မံ မေးမြန်းခဲ့ရာမှာတော့ အခု အသင်းထက် ပိုကောင်းတဲ့ အသင်းကို ရှာဖွေတွေ့ရှိခဲ့မယ် ဆိုရင်တော့ အသင်းပြောင်းဖို့ ဝန်လေးနေမှာ မဟုတ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ကြည့်ရတာ EE တစ်ယောက် VP Esports က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တဲ့ အတိုင်း အသင်းသစ်ကို ရှာဖွေသွားခဲ့ပြီ ထင်ပါတယ်။

EternalEnvy တစ်ယောက် FightingPandas Dota 2 အသင်းကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေငြာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Sneyking အနေနဲ့ အသင်းကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်းကို ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ပြောကြားသွားခဲ့သလို ရှေ့ဆက်သွားမယ့် ဘဝလမ်းခရီးနဲ့ ပတ်သတ်ပြီး မကြာခင်အချိန် အတွင်း ကြေငြာသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
I have left FP and I wish all the boys good luck in their future endeavors @Aui_2000 @MoonMeanderated @bryledota. Further announcements/details will come later.
— JingJun Wu (@Sneyking1995) February 23, 2020
Fighting Pandas Dota 2 အသင်း အနေနဲ့ မတ်လ၊ ၅ ရက်နေ့မှာ ကျင်းပသွားမယ့် StarLadder ImbaTV Dota 2 Minor မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိထားတာကြောင့် ကျန်ရှိနေတဲ့ ကာလအတွင်းမှာ လစ်လပ်သွားတဲ့ ကစားသမား နှစ်နေရာ အတွက် ဘယ်သူတွေကို အစားထိုး ကစားသမား အဖြစ် ခေါ်ယူသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Fighting Pandas Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Jonathan “Bryle” Santos De Guia – Pos 2
- Kurtis “Aui_2000” Ling – Pos 4/ 5
- David “MoonMeander” Tan – Pos 4/ 5
REF: VpEsports