MIBR အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ Zews ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ EG CSGO

Evil Geniuses CSGO အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က ဘရာဇီးနိုင်ငံ အခြေစိုက် နာမည်ကျော် CSGO အသင်း MIBR မှာ ထွက်ခွာလာခဲ့တဲ့ နည်းပြဖြစ်သူ Wilton “Zews” Prado ကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိတယ်လို့ သိရပါတယ်။

Zews အနေနဲ့ MIBR CSGO အသင်းမှာ ၁၅ လခန့် နည်းပြ အဖြစ် တာဝန် ထမ်းဆောင်ခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အသင်းသားတွေ အကြား စိတ်သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်နေပြီး ကျရှုံးမှုတွေနဲ့သာ ဆက်တိုက် ဆိုသလို ရင်ဆိုင်ရလျက် ရှိတာကြောင့် အခုလို အသင်းကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
Evil Geniuses CSGO အသင်း အနေနဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက နည်းပြဖြစ်သူ Chet “ImAPet” Sigh နဲ့ ကစားသမားတွေဖြစ်တဲ့ Peter “Stanislaw” Jarguz နဲ့ Tarik “Tarik” Celik တို့ အကြား ပြဿနာတွေ ဖြစ်ပွားခဲ့တာကြောင့် ImAPet ကို အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။

ImAPet အနေနဲ့ Evil Geniuses CSGO အသင်းကို စတင် တည်ထောင်ခဲ့စဉ် အချိန်ကတည်းက နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ESL One New York 2019, StarSeries Season 8 တို့မှာ ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Evil Geniuses CSGO အသင်း အနေနဲ့ နာမည်ကျော် နည်းပြကြီး Zews ကို ခေါ်ယူပြီး အသင်းကို အဆင့်မြှင့်တင်နိုင်ဖို့ အတွက် ကြိုးပမ်းလျက် ရှိပေမယ့် နှစ်ဦးနှစ်ဖက်အကြား သဘောတူညီ ရရှိခြင်း မရှိသေးတာကြောင့် တရားဝင် ခေါ်ယူသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports