Olof နေရာမှာ အစားထိုးဖို့ အတွက် အသက် (၁၆) နှစ်အရွယ် ကစားသမားကို ခေါ်ယူခဲ့တဲ့ Faze CSGO

Faze CSGO အသင်းရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Olofmeister အနေနဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ အတွက် စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးလျက် ရှိတာကြောင့် ပရိုကစားသမား ဘဝကနေ ခေတ္တ အနားယူသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာသွားခဲ့ပါတယ်။

ယခုအခါမှာတော့ Olof နေရာမှာ အစားထိုး ဝင်ရောက် ကစားသွားမယ့် ကစားသမားနဲ့ ပတ်သတ်ပြီး Faze CSGO အသင်းဘက်က တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ Olof နေရာမှာ အစားထိုး ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကစားသမားကတော့ အသက် (၁၆) နှစ် အရွယ်သာ ရှိသေးတဲ့ Aurimas “Bymas” Pipiras ပဲ ဖြစ်ပါတယ်။
Bymas အနေနဲ့ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးပေမယ့် FPL ပြိုင်ပွဲတွေမှာ အရွယ်နဲ့ မလိုက်အောင် လက်စွမ်းကောင်းတွေ ပြသလျက် ရှိတာကြောင့် Faze CSGO အသင်း အနေနဲ့ အစားထိုး ကစားသမား အဖြစ် ယုံယုံကြည်ကြည်ဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Faze အနေနဲ့ အသက် (၁၉) နှစ် အရွယ်သာ ရှိသေးတဲ့ AWP ကစားသမား Helvijs “Broky” Saukants ကို ပြီးခဲ့တဲ့နှစ်က ခေါ်ယူခဲ့ရာမှာ အသင်းနဲ့ အံဝင်ခွင်ကျ ဖြစ်ခဲ့တာကြောင့် အခုလို နောက်ထပ် လူငယ် ကစားသမား တစ်ဦးကို အစားထိုး ကစားသမား အဖြစ် အသုံးပြုဖို့ ရည်ရွယ်ခဲ့ရတာ ဖြစ်နနိုင်ပါတယ်။
ဒါပေမယ့်လည်း Bymas အနေနဲ့ လက်ရှိအချိန်ထိ ကမ္ဘာ့အဆင့် (၃၀) အထက် CSGO အသင်းတွေနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ဖူးခြင်း မရှိသေးတာကြောင့် Faze CSGO အသင်း ကိုယ်စားပြု ကစားရာမှာ Broky နည်းတူ လက်စွမ်းကောင်းတွေ ပြသသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Faze CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Havard “Rain” Nygaard
- Nikola “Niko” Kovac
- Marcelo “Coldzera” David
- Helvijs “Broky” Saukants
- Aurimas “Bymas” Pipiras (Stand-In)
- Janko “YNK” Paunovic (Coach)
REF: VpEsports