ESL One Birmingham 2020 SEA အပါအဝင် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲလေးခုလုံးမှာ ဗိုလ်စွဲခဲ့တဲ့ Fnatic

ESL One Birmingham 2020 SEA အပါအဝင် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲလေးခုလုံးမှာ ဗိုလ်စွဲခဲ့တဲ့ Fnatic

ESL One Birmingham 2020 SEA ပြိုင်ပွဲကို မေလ ၂၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ အွန်လိုင်းကနေ ကျင်းပခဲ့တာ ဖြစ်တာနဲ့ အညီ ယခုအခါမှာတော့ ချန်ပီယံဆုကို စွတ်ခူးနိုင်ခဲ့တဲ့ Dota2 အသင်းလည်း ပေါ်ထွက် လာခဲ့ပြီ ဖြစ်ပါတယ်။

ESL One Birmingham 2020 SEA ပြိုင်ပွဲမှာ SEA အခြေစိုက် ပရိုဖက်ရှင်နယ် Dota2 အသင်းတွေဖြစ်တဲ့ BOOM, Fnatic, Geek Fam, Team Adroit, TNC Predator, Reality Rift စတဲ့ အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စုအဆင့် ပွဲစဉ်တွေကို ပတ်လည် ပုံစံဖြင့် ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

အုပ်စု အဆင့်မှာ ထိပ်ဆုံး (၄) သင်း နေရာကို တက်လှမ်းနိုင်ခဲ့တဲ့ Dota2 အသင်းတွေ အနေနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် အောက်ဆုံး (၂) သင်းကတော့ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာရမှာ ဖြစ်ပါတယ်။ ESL One Birmingham 2020 SEA ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Fnatic Dota2 အသင်း အနေနဲ့ အုပ်စု အဆင့်မှာ ၃ ပွဲနိုင်၊ ၂ ပွဲရှုံးဆိုတဲ့ ရလဒ်ကိုသာ စွမ်းဆောင်နိုင်ခဲ့တာကြောင့် အုပ်စု ဒုတိယ နေရာဖြင့်သာ ရှုံးထွက် အဆင့်ကို တက်လှမ်းခွင့် ရရှိခဲ့ပါတယ်။

ရှုံးထွက် အဆင့် ပထမဆုံး ပွဲစဉ်မှာ အုပ်စု ပထမနေရာကို ရယူနိုင်ခဲ့တဲ့ BOOM Esports နဲ့ ရင်ဆိုင်ခဲ့ရပြီး ၂ ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို အလွယ်တကူပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။ BOOM Esports အနေနဲ့ အုပ်စုတွင်း အင်အားကြီး ပြိုင်ဘက် Fnatic ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းခဲ့ရပေမယ့် Lower Bracket Final ပွဲစဉ်မှာ Kuku, Raven စတဲ့ နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ Geek Fam ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

ESL One Birmingham 2020 SEA အွန်လိုင်း ပြိုင်ပွဲရဲ့ Grand Finals ပွဲစဉ်ကို Best of Five Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Fnatic အနေနဲ့ BOOM Esports ကို (၃-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ၁၅၀၀၀ ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Fnatic Dota2 အသင်း အနေနဲ့ ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ Dota Summit 12 ပြိုင်ပွဲမှ စတင်ကာ လက်ရှိအချိန်ထိ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ လေးပွဲလုံးမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်တဲ့ အထိ လက်စွမ်းကောင်းတွေကို ပြသလျက် ရှိပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ပြိုင်ပွဲ လေးပွဲမှာ Dota Summit 12 တစ်ခုသာ LAN ပြိုင်ပွဲဖြစ်ပြီး နိုင်ငံတကာမှ နာမည်ကျော် အသင်းများ ပါဝင်ခဲ့တာ ဖြစ်သလို အခြားသော ပြိုင်ပွဲ သုံးခုမှာ SEA ဒေသတွင်း Dota2 အသင်းများသာ ပါဝင်တဲ့ ပြိုင်ပွဲတွေ ဖြစ်တာကြောင့် LAN ပြိုင်ပွဲတွေ ပြန်လည် ကျင်းပချိန်မှာလည်း Fnatic Dota2 အသင်း အနေနဲ့ ယခုလို လက်စွမ်းကောင်းတွေ ဆက်လက် ပြသနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports