DPC ရာသီ ပြန်လည် မစတင်ခင် အချိန်ထိ အနားယူသွားမယ့် iceiceice

Fnatic Dota2 အသင်းရဲ့ နာမည်ကျော် Offlaner ဖြစ်သူ Daryl Koh “iceiceice” Pei Xiang ကတော့ DPC ရာသီ ပြန်လည် မစတင်ခင် အချိန်ထိ အနားယူသွားတော့မှာဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Fnatic Dota2 အသင်း အနေနဲ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ စတင် ယှဉ်ပြိုင်သွားရမယ့် ESL One Thailand 2020 အွန်လိုင်း ပြိုင်ပွဲမှာ အစားထိုး ကစားသမား တစ်ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

Fnatic Dota2 အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က အသင်းရဲ့ Carry ကစားသမား 23Savage ကို ထုတ်ပယ်ပြီး GeekFam Dota2 အသင်းရဲ့ Carry ကစားသမား Marc Polo “Raven” Luis Fausto ကို ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း iceiceice အနေနဲ့ အခုလို ခေတ္တ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ESL One Thailand 2020 ပြိုင်ပွဲမှာ Fnatic Dota2 အသင်းရဲ့ လူစုံတက်စုံ ကစားဟန်တွေကိုတော့ မြင်တွေ့ရနိုင်မှာ မဟုတ်တော့ပါဘူး။

Iceiceice ရဲ့ နေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ T1 Dota2 အသင်းနဲ့ လမ်းခွဲလိုက်တဲ့ နာမည်ကျော် Offlane ကစားသမား တစ်ဦးဖြစ်သူ Lee “Forev” Sang Don အနေနဲ့ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားပေးသွားမှာ ဖြစ်ပါတယ်။
Forev အနေနဲ့ MPV Phoenix, Team Secret, Digital Chaos, J.Storm စတဲ့ နာမည်ကျော် အသင်းပေါင်း များစွာမှာ ဝင်ရောက် ကစားခဲ့ဖူးတာကြောင့် iceiceice ရဲ့ နေရာကို အကောင်းဆုံး ဖြည့်ဆည်း ပေးသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။ Forev အနေနဲ့လည်း iceiceice လို မိမိအားကျရတဲ့ ကစားသမား တစ်ဦး နေရာမှာ ဝင်ရောက် ကစားခွင့် ရရှိတဲ့ အတွက် ဝမ်းသာမိကြောင်း ကိုယ်ပိုင် တွစ်တာ အကောင့်ကနေ တစ်ဆင့် ပြောကြား သွားခဲ့ပါတယ်။

ESL One Thailand 2020: Asia အွန်လိုင်း ပြိုင်ပွဲမှာ Fnatic Dota2 အသင်း အနေနဲ့ TNC Predator, BOOM Esports, Geek Fam, RNG, Sparking Arrow Gaming စတဲ့ နာမည်ကျော် Dota2 အသင်းတွေနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် အရင် ပြိုင်ပွဲတွေမှာလို ထိပ်ဆုံး (၃) သင်း အဆင့်ထိ တက်လှမ်း သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
We have been invited to the @ESLDota2 #ESLOne Thailand 🇹🇭
— FNATIC (@FNATIC) August 12, 2020
However, we will be playing without @iceiceicedota as takes a break until the restart of the DPC. Filling our offlane role for this tournament will be @DotaFoREv.
🔊 Let's play some Dota! pic.twitter.com/Arnm1K1BJy
ESL One Thailand 2020: Asia အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Fnatic Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Marc Polo “Raven” Luic Fausto
- Kam “Moon” Boon Seng
- Lee “Forev” Sang Don
- Djardel “DJ” Mampusti
- Anucha “Jabz” Jirawong
REF: VpEsports