Dota2 အသင်းကို ပြန်လည် ဖျက်သိမ်းလိုက်တဲ့ Esports အဖွဲ့အစည်း forZe

Dota2 အသင်းကို ပြန်လည် ဖျက်သိမ်းလိုက်တဲ့ Esports အဖွဲ့အစည်း forZe

နာမည်ကျော် Esports အဖွဲ့အစည်း forZe အနေနဲ့ VANSKOR ဦးဆောင်တဲ့ Gentleman Dota2 အသင်းရဲ့ ကစားသမားတွေကို ခေါ်ယူကာ Dota2 လောက အထဲကို ၂၀၂၀ ခုနှစ်၊ ၁ လပိုင်း၊ ၁၅ ရက်နေ့မှာ ပထမဆုံး အကြိမ်အဖြစ် ဝင်ရောက်ခဲ့ပါတယ်။

CS:GO, Rainbow Six Siege စတဲ့ Esports နယ်ပယ်တွေမှာ သက်ဆိုင်ရာ အသင်းကိုယ်စီနဲ့‌ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့ Forze Esports အဖွဲ့အစည်း အနေနဲ့ Dota2 လောကမှာတော့ အောင်မြင်မှုတွေ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိတဲ့အပြင် ForZe Dota2 အသင်းကို တည်ထောင်ပြီး ၂ လခန့် အကြာမှာ ပြန်လည် ဖျက်သိမ်းသွားခဲ့ပါတယ်။

forZe Dota2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ Minor ပြိုင်ပွဲတစ်ခုဖြစ်တဲ့ StarLadder ImbaTV Dota2 Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့်လည်း အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အခုလို ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် အသင်းရဲ့ ကစားသမားဖြစ်သူ Egor “19teen” Lexutin အနေနဲ့ Streaming Session တစ်ခုမှာ forZe Esports အဖွဲ့အစည်းကို စပွန်ဆာပေးလျက်ရှိတဲ့ LUKOIL ကုမ္ပဏီနဲ့ ပတ်သတ်ပြီး မပြောသင့်တဲ့ စကားတွေကို ပြောခဲ့မိတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး forZe Esports အဖွဲ့အစည်း အနေနဲ့ LUKOIL ကုမ္ပဏီကို လျော်ကြေး အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကျော် ပေးဆောင်ခဲ့ရတာကြောင့် forZe Esports အဖွဲ့အစည်း အနေနဲ့ အဖွဲ့အစည်း ကိုယ်စားပြု Dota2 အသင်းကို ပြန်လည် ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Dota2 အသင်းကို ဖျက်သိမ်းခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး forZe Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Sergey Ignatko ကတော့ အခုလိုပဲ ဖြေရှင်းသွားခဲ့ပါတယ်။

“ကစားသမားတွေနဲ့ သဘောတူညီထားတဲ့ အစမ်းခန့် ကာလပြီးဆုံးသွားပြီ ဖြစ်သလို စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ အတွက် ပြန်လည် ညှိနှိုင်းရာမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Dota2 အသင်းကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ မဖြစ်နိုင်သလို ကစားသမားတွေဘက်ကလည်း ညှိနှိုင်းဆွေးနွေးမှုတွေကို ငြင်းပယ်ခဲ့တာကြောင့် နှစ်ဦး သဘောတူ Dota2 အသင်းကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

forZe Dota2 အသင်းကို ဖျက်သိမ်းခဲ့ခြင်းနဲ့ ပတ်သတ်ပြီး ဘယ်သူ့ကိုမှ အပြစ်တင်သွားမှာ မဟုတ်သလို forZe Dota2 အသင်းရဲ့ အဖွဲ့သားတွေ အားလုံး ရှေ့ဆက်လျှောက်မယ့် ခရီးလမ်းမှာ ဖြောင့်ဖြူးစေဖို့ အတွက်လည်း ဆုတောင်းပေးလိုက်ပါတယ်။”

forZe Dota 2 အသင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပေမယ့်လည်း အသင်းရဲ့ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ Gibkiy, 19teen, 633, Chuvash, VANSKOR တို့ ငါးဦးကတော့ အတူတကွ ဆက်လက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: VpEsports