အမျိုးသမီး Entrepreneur တွေ ဖြစ်လာစေမယ့် စီးပွားရေးလုပ်ငန်းအိုင်ဒီယာလေးများ

အမျိုးသမီး Entrepreneur တွေ ဖြစ်လာစေမယ့် စီးပွားရေးလုပ်ငန်းအိုင်ဒီယာလေးများ

ကမ္ဘာ့မှာ အမျိုးသမီး Entrepreneur ဦးရေဟာ ၁၉၇၂ ကနေစပြီး အထင်ကြီးလောက်အောင် ၃,၀၀၀ ရာခိုင်နှုန်းအထိ တိုးတက်လာတာကို ၂၀၁၈ ခုနှစ် State of Women-Owned Business ရဲ့ အစီရင်ခံစာတွေအရ သိရှိရပါတယ်။ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြားကာလမှာ အမျိုးသမီးတွေဟာ တစ်နေ့ကို ၁၈၂၁ ခုလောက် နီးပါးရှိတဲ့ စီးပွားရေးလုပ်ငန်းအသစ်တွေကို စတင်လုပ်လာကြတာကို တွေ့ရှိရပါတယ်။ အဲဒီလောက် ပမာဏတောင် လုပ်လာကြတယ်ဆိုတော့ အမျိုးသမီးတွေဟာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လာကြတာလဲဆိုပြီး သိချင်လာကြမှာပါနော်။ သူတု့ိလုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို သိရှိလာရင် ကိုယ်တွေလည်း ဘယ်လိုစပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ရမလဲဆိုတဲ့ အကြံကောင်းတွေ ရရှိလာနိုင်တာမို့ ကြည့်ကြည့်လိုက်ကြရအောင်။

Online Shopping


ယနေ့ခေတ်ကြီးက နည်းပညာတိုးတက်လာတဲ့ အွန်လိုင်းခေတ်ကြီး ဖြစ်လာတာနဲ့အမျှ အရာဝတ္တုပစ္စည်းတော်တော်များများကို အွန်လိုင်းမှာ တင်ပြီး ရောင်းချလာကြပါတယ်။ ဒါကြောင့်မို့ အိမ်ကိုခွာပြီး အပြင်ထွက် အလုပ်လုပ်လို့မရတဲ့ အမျိုးသမီးတွေအနေနဲ့ ဒီစီးပွားရေးကို ရွေးချယ်ပြီး လုပ်ကိုင်လို့ရပါတယ်။ ကိုယ့်အိမ်မှာ အိမ်မှုကိစ္စလုပ်ရင်း လက်လီ၊ လက်ကားဈေးရောင်းတာကလည်း တကယ်တော့ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ငွေရှာနိုင်တာမို့ ဘာစီးပွားရေး လုပ်ရမှန်းမသိရင် ဒီစီးပွားရေးကို စမ်းလုပ်ကြည့်ပါ။ ဒီစီးပွားရေးလုပ်ဖို့အတွက်ဆို ကိုယ်ဘာရောင်းချင်လဲ ရောင်းချတဲ့ပစ္စည်းရဲ့ ဒိုင်ကို သိဖို့လိုအပ်ပြီး ဖုန်းရှိဖို့ပဲ လိုအပ်ပါတယ်။ အပြောအဆိုပြေပြစ်ပြီး စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပြီး ရောင်းနိုင်မယ်ဆိုရင် မိတ်တွေတောင် ရလာပြီး ရောင်းအားတွေပါ တက်လာနိုင်ပါတယ်။

ခွေးထိန်းပေးခြင်းနဲ့ အိမ်မွေးတိရစ္ဆာန်ဝန်ဆောင်မှုလုပ်ငန်း


ဒီအလုပ်ကို လုပ်ဖို့အတွက် အရေးကြီးဆုံးလိုအပ်တာကတော့ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့စိတ်ရှိဖို့ပါပဲ။ တိရစ္ဆာန်တွေကို ချစ်တတ်တဲ့သူတွေ ပိုက်ဆံကို ဘယ်လိုရှာလို့ရလဲဆိုတော့ တိရစ္ဆာန်ကိုချစ်ပေမယ့် နေ့စဉ်အလုပ်သွားနေရလို့ ကိုယ်တိရစ္ဆာန်လေးတွေကို ဂရုစိုက်ပေးဖို့ အချိန်မပေးနိုင်တဲ့သူတွေကို ဝန်ဆောင်မှုပေးပြီး ရှာလို့ရပါတယ်။ အမှန်တိုင်းပြောရရင်တော့ ဒီလုပ်ငန်းဟာ မြန်မာနိုင်ငံမှာတော့ အရမ်းကြီး ခေတ်မစားသေးပါဘူး။

နိုင်ငံတကာမှာဆိုရင်တော့ သူတို့အလုပ်သွားရင် သူတို့မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးကို အိမ်မှာဒီတိုင်းမထားခဲ့ဘဲ စောင့်ရှောက်ရေးနေရာဆီသို့ ပို့ထားပြီး ရုံးဆင်းမှ ပြန်ဝင်ခေါ်ကြပါတယ်။ စောင့်ရှောက်ရေးဂေဟာက လာပို့ထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အစာလေးတွေ ကျွေးပေး၊ ရေမိုးချိုးပေး၊ လမ်းလျှောက်ပေးဖို့လိုအပ်တဲ့ တိရစ္ဆာန်တွေကိုဆို လမ်းလျှောက်ပေးတာမျိူး လုပ်ပေးပါတယ်။

နောက်ပိုင်းလုပ်ရင်း လုပ်ရင်းနဲ့ အောင်မြင်လာရင်တော့ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ နေရာကို ငှားပြီး စီးပွားရေးကို ချဲ့ထွင်လို့ ရပါတယ်။ ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးတွေကို ထိန်းရင်း ငွေရှာရတာဖြစ်လို့ ပင်ပန်းရင်တောင် မလုပ်ချင်တဲ့ အလုပ်ကိုလုပ်ပြီး စိတ်ပင်ပန်းခံရတာထက်စာရင် ပိုသက်သာမှာပါ။ ဒီလုပ်ငန်းကိုလုပ်တဲ့သူတွေလည်း အများကြီးမရှိသေးတော့ ပြိုင်ဘက်မများတဲ့ စီးပွားရေးလုပ်ငန်းကိုမှ စလုပ်ချင်တဲ့သူတွေ ဒီစီးပွားရေးလေးကို လုပ်ကြည့်လို့ ရပါတယ်။

ဟင်းချက်ရောင်းခြင်းနဲ့ Catering Service လုပ်ဆောင်ခြင်း


ဟင်းချက်တာဟာ အမျိုးသမီးတိုင်းနဲ့ မစိမ်းလို့ ဟင်းချက်ပြီး အမျိုးသမီးတွေဟာ စီးပွားရေးကောင်းကောင်း လုပ်လို့ရပါတယ်။ ဟင်းကောင်းကောင်းချက်နိုင်ပြီး မုန့်တွေပါဖုတ်တတ်ရင် ဟင်းတွေနဲ့အတူ မုန့်တွေကိုပါလုပ်ပြီး အွန်လိုင်းမှာ ရောင်းချလို့ရပါတယ်။ အကျွေးအမွေးတွေကို ကောင်းကောင်းနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ပြီဆိုရင်တော့ မွေးနေ့ပွဲတွေ၊ အလှူတွေရှိရင် အကျွေးအမွေးတွေကို အစအဆုံးတာဝန်ယူပြီး လုပ်ပေးတာမျိုးအစရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ လုပ်ကိုင်လို့ ရပါတယ်။

ဓာတ်ပုံရိုက်ခြင်း

ငယ်ငယ်တုန်းက ဓာတ်ပုံရိုက်ဝါသနာပါလို့ ဓာတ်ပုံရိုက်တာကို သင်ထားခဲ့ဖူးတယ်၊ ကင်မရာတွေလည်း ကိုယ်မှာရှိတယ်ဆိုရင် ကိုယ်ရဲ့အစွမ်းအစကို ထုတ်သုံးပြီး စီးပွားရေးလုပ်လို့ရပါတယ်။ အခုခေတ်ကလည်း အိမ်ထောင်ပြုရင် Prewedding ရိုက်တဲ့ခေတ်၊ ဘွဲ့ယူရင် ဘွဲ့ယူတဲ့ အမှတ်တရတွေကို ရိုက်တဲ့ခေတ်၊ ကလေးမွေးရင် ကလေးလေးရဲ့အမှတ်တရတွေကို ရိုက်တဲ့ခေတ်ဆိုတော့ ဒီလုပ်ငန်းဟာ တကယ်ကို အကျုးိအမြတ်များများရနိုင်ချေရှိတဲ့ လုပ်ငန်းမျိုးပါ။ နောက်ပိုင်း ငွေတွေ စုမိဆောင်းမိသွားရင် ဓာတ်ပုံစတူဒီယိုကြီးပါထောင်ပြီး စီးပွားရေးကို တိုးချဲ့လို့ ရပါတယ်။


အခုပြောပြပေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတကာမှ အမျိုးသမီး Entrepreneur တွေ ဖြစ်လာစေဖို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေဖြစ်ပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေလည်း လိုက်လုပ်ကြည့်လို့ ရပါတယ်။ ဒီစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်မယ်ဆိုရင်လည်း ငွေကုန်ကြေးကျကလည်း တခြားစီးပွားရေးလုပ်ငန်းကြီးတွေလောက် များများစားစား ရင်းနှီးမြှုပ်နှံစရာမလိုတဲ့အပြင် အိမ်ကနေလုပ်လို့ရတဲ့ စီးပွားရေးလုပ်ငန်းတွေလည်းပါလို့ အောင်မြင်တဲ့ Entrepreneur တွေ ဖြစ်စေဖို့ ကြောက်မနေဘဲ စမ်းလုပ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ပရိသတ်ကြီးသိတဲ့ သေးငယ်ပေမယ့်လည်း အလွယ်ကူ စတင်လို့ရတဲ့ စီးပွားရေးလုပ်ငန်းအိုင်ဒီယာလေးတွေရှိရင်လည်း ထပ်ပေါင်းထည့်ပေးခဲ့ပါဦးနော်။

H.H(Akhayar)