ကိုယ်ပိုင် Face Mask များကို ရောင်းချသွားမှာဖြစ်တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း G2 Esports

ကိုယ်ပိုင် Face Mask များကို ရောင်းချသွားမှာဖြစ်တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း G2 Esports

ဥရောပ အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း G2 Esports ကတော့ G2 တံဆိပ်ပါ ကိုယ်ပိုင် Face Mask များကို ထုတ်လုပ် ရောင်းချသွားမှာဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ G2 Esports မှ ထုတ်ပြန် ကြေညာချက်များအရ G2 တံဆိပ်ပါ Face Mask ရောင်းချရာကနေ ရရှိတဲ့ အမြတ်ငွေ အားလုံးကို ဂျာမနီ နိုင်ငံ၊ ဘာလင်မြို့တော် အခြေစိုက်၊ Charite တက္ကသိုလ်ဆေးရုံကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

G2 Face Mask ကို အရောင်အားဖြင့် အမည်းရောင် အနေဖြင့်သာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဆိုပါ Face Mask ရဲ့ အလယ်ဗဟိုမှာ G2 Logo ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ G2 Logo ရဲ့ အောက်ဘက်မှာတော့ “#G2Army” ဆိုတဲ့ စာသားကို အဖြူရောင်ဖြင့် ရေးသားထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ G2 Esports မှ ရောင်းချသွားမယ့် Face Mask တွေဟာ ကျန်းမာရေးသုံး Face Mask တွေ မဟုတ်တာကြောင့် G2 Esports ကို အားပေးတဲ့ ပရိသတ်တွေ အလှသဘောမျိုးဖြင့်သာ တပ်ဆင်နိုင်ရန် အတွက် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို Face Mask တွေ ထုတ်လုပ်ရောင်းချရခြင်းနဲ့ ပတ်သတ်ပြီး G2 Esports ရဲ့ CEO ဖြစ်သူ Carlos “ocelote” Rodrigue ကတော့ အောက်ပါအတိုင်းပဲ ပြောကြားသွားခဲ့ပါတယ်။

“G2 Face Mask တွေကို ထုတ်လုပ်‌ ရောင်းချရာကနေ ရရှိလာတဲ့ အမြတ်ငွေတွေ အားလုံးကို COVID-19 ရှေ့တန်း စစ်မျက်နှာပြင်မှာ တိုက်ပွဲဝင်လျက်ရှိတဲ့ သူရဲကောင်းတွေ အားလုံး အတွက် အထောက်အကူ ဖြစ်စေဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။”

G2 Face Mask များကို လက်ရှိအချိန်က စတင်ပြီး ဝယ်ယူနိုင်မှာ ဖြစ်သလို ဈေးနှုန်းအားဖြင့် ကန်ဒေါ်လာ (၁၆) ဒေါ်လာ (မြန်မာငွေ ၂ သောင်းကျော် ဝန်းကျင်) ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သင့်အနေနဲ့ G2 Face Mask များကို ဝယ်ယူအားပေးချင်တယ် ဆိုရင်တော့ ဒီလင့်ခ်ကနေ တစ်ဆင့် ဝယ်ယူ အားပေးနိုင်မှာ ဖြစ်ပါတယ်။

REF: OneEsports