FaZe Clan ရဲ့ နာမည်ကျော် CSGO ကစားသမား NiKo ကို ခေါ်ယူလိုက်နိုင်ပြီဖြစ်တဲ့ G2 Esports

မကြာသေးခင် အချိန်က ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေ အတိုင်း FaZe Clan ရဲ့ အဓိက ကစားသမား တစ်ဦးလည်းဖြစ်၊ CS: GO လောကရဲ့ နာမည်ကျော် ကစားသမား တစ်ဦးလည်းဖြစ်တဲ့ NiKo ကတော့ နောက်ဆုံးမှာ G2 Esports ကို ရောက်ရှိလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။
WE GOT HIM pic.twitter.com/z0AML7J8rR
— G2 Esports (@G2esports) October 28, 2020
NiKo အနေနဲ့ FaZe CSGO အသင်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ Mousesports ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး FaZe Clan နဲ့အတူ အနိမ့်အမြင့် အတက်အကျပေါင်း များစွာ ရင်ဆိုင်ပြီး နောက်မှာတော့ ညီဝမ်းကွဲဖြစ်သူ Nemanja “hunter” Kovac ရှိရာ G2 Esports ကို ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းအချက်အလက်များအရ G2 Esports အနေနဲ့ NiKo ကို ခေါ်ယူနိုင်ဖို့ အတွက် FaZe Clan ကို ပြောင်းရွေ့ကြေး အမေရိကန်ဒေါ်လာ ၅ သိန်းခန့် ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ တကယ်လို့ NiKo ကိုသာ ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် G2 Esports အနေနဲ့ အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ AmaNEk နဲ့ လမ်းခွဲဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း G2 Esports ဘက်ကတော့ အဆိုပါ ကောလာဟလတွေကို အခုလို ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

“NiKo ကို ခေါ်ယူလိုက်နိုင်ချိန်က စတင်ပြီး ကျွန်တော်တို့ အသင်းကို ပုံစံသစ် အဖြစ် ပြုပြင် ပြောင်းလဲမှုတွေ စတင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ G2 CSGO အသင်း အနေနဲ့ လက်ရှိအချိန်မှာတော့ အသင်းရဲ့ မည်သည့် ကစားသမားကိုမှ ထုတ်ပယ်သွားဖို့ စိတ်ကူးထားခြင်း မရှိသေးဘဲ ပွဲစဉ် တစ်ခုချင်းစီ အတွက် အသင့်တော်ဆုံး ကစားသမား ငါးဦးကို ဂရုတစိုက် ရွေးချယ် ယှဉ်ပြိုင်စေခိုင်းသွားမှာ ဖြစ်ပါတယ်။”

NiKo အနေနဲ့ G2 Esports ကိုယ်စားပြု ကစားသမား အဖြစ် BLAST Premier Fall Series ပြိုင်ပွဲမှာ ပွဲဦးထွက် ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် အဆိုပါ ပြိုင်ပွဲမှာ G2 Esports နဲ့အတူ ဘယ်အဆင့်ထိ တက်လှမ်းသွားနိုင်မလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ G2 Esports CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Kenny “kennyS” Schrub
- Audric “JaCkz” Jug
- Francois “AmaNEk” Delaunay
- Nemanja “nexa” Isakovic
- Nemanja “huNter-” Kovac
- Nikola “NiKo” Kovac
- Damien “maLeK” Marcel – Coach
REF: VpEsports