Astralis CSGO အသင်းနဲ့ ပြန်လည် ပူးပေါင်းသွားမယ့် နာမည်ကျော် CSGO ပရို Gla1ve

Astralis CSGO အသင်းရဲ့ In-Game Leader ဖြစ်သူ Gla1ve ကတော့ အသင်းနဲ့ မကြာခင် အချိန်အတွင်းမှာ ပြန်လည် ပူးပေါင်းသွားမှာဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ Gla1ve အနေနဲ့ ပြီးခဲ့တဲ့ မေလမှာ စိတ်ဖိစီးမှုတွေ၊ အားအင်ကုန်ခမ်းမှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိတာကြောင့် CSGO လောကကနေ ခေတ္တ အနားယူသွားခဲ့ပါတယ်။

ယခုအခါမှာတော့ Astralis CSGO အသင်းရဲ့ AWP ကစားသမားဖြစ်သူ dev1ce အနေနဲ့ Gla1ve တစ်ယောက် အသင်းနဲ့ ပြန်လည် ပူးပေါင်းသွားမယ့် နေ့ရက်ကို အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။ Dev1ce ရဲ့ ပြောကြားချက်များအရ Gla1ve အနေနဲ့ ဩဂုတ်လ အတွင်းမှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ Astralis Esports အဖွဲ့အစည်း အနေနဲ့ ခေတ္တ အနားယူလျက်ရှိတဲ့ ကစားသမားတွေ အသင်းနဲ့ အမြန်ဆုံး ပြန်လည် ပူးပေါင်းသွားဖို့ အတွက် အတင်း ဖိအားပေးသွားမှာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့တွေကို အသင်းနဲ့ အမြန်ဆုံး ပြန်လည် ပူးပေါင်းဖို့ ဖိအားပေးခဲ့မယ်ဆိုရင် အသင်းကို ပြန်လည် ရောက်ရှိလာခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်း ထိခိုက်မှုတွေနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။
Gla1ve အနေနဲ့ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပြီလို့ သိရပြီး သူ့အနေနဲ့ ဩဂုတ်လ အတွင်းမှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ Xyp9x ကို ပြိုင်ပွဲတွေမှာ ဘယ်အချိန်မှ ပြန်လည် မြင်တွေ့သွားရမယ် ဆိုတာကိုတော့ ကျွန်တော်လည်းပဲ အတိအကျ ပြောနိုင်ခြင်း မရှိသေးပါဘူး။”

Astralis CSGO အသင်းရဲ့ အဓိက ကစားသမား နှစ်ဦးဖြစ်သူ Xyp9x နဲ့ Gla1ve တို့ အနေနဲ့ ပြီးခဲ့တဲ့ မေလမှာ အသင်းကနေ အကြောင်းပြချက် ကိုယ်စီဖြင့် ခေတ္တ အနားယူသွားခဲ့ကြတာဖြစ်ပြီး Astralis Esports အဖွဲ့အစည်းဘက်ကလည်း ကစားသမားတွေရဲ့ စိတ်ဆန္ဒကို လေးစားတဲ့ အနေဖြင့် အသင်းနဲ့ အမြန်ဆုံး ပြန်လည် ပူးပေါင်းဖို့ အတွက် ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ခြင်း မရှိသလို အစားထိုး ကစားသမားများဖြင့်သာ ပြိုင်ပွဲ အများစုမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အသင်းရဲ့ အဓိက ကစားသမား နှစ်ဦး ပါဝင်ခြင်း မရှိတာနဲ့ အညီ Astralis CSGO အသင်း အနေနဲ့ ပွဲစဉ် အများစုမှာ ရှုံးနိမ့်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာကြောင့် In-Game Leader ဖြစ်သူ Gla1ve တစ်ယောက် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်တော့မယ့် သတင်းက Astralis CSGO အသင်း အတွက် တကယ်ကို အထောက်အကူ ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။
REF: DotEsports