OG Esports အဖွဲ့အစည်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ နာမည်ကျော် Dota2 Streamer Gorgc

ယခုနှစ် ဇန်နဝါရီလမှာ နာမည်ကျော် Dota2 Streamer Janne “Gorgc” Stefanovski တစ်ယောက် OG Esports အဖွဲ့အစည်း ကိုယ်စားပြု Streamer အဖြစ် Streaming ပြုလုပ်သွားဖို့ နှစ်ဦး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
Gorgc ဆိုတာ Dota2 လောကရဲ့ နာမည်ကျော် Streamer တစ်ဦးဖြစ်သလို OG Dota2 အသင်းဟာ ဆိုရင်လည်း လူကြိုက်များတဲ့ Dota2 အသင်း တစ်သင်း ဖြစ်တာကြောင့် အခုလို ပေါင်းစပ်သွားခြင်းက နှစ်ဖက်လုံး အတွက် အကျိုးအမြတ်ကို ဖြစ်ပေါ်စေမယ်လို့ လူအများစုက ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်မှာတော့ Gorgc အနေနဲ့ OG Esports အဖွဲ့အစည်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်းကို ကိုယ်ပိုင် တွစ်တာ အကောင့်ကနေ တစ်ဆင့် ကြေညာသွားခဲ့ပါတယ်။
parting ways with OG
— Gorgc (@Gorgc) August 20, 2020
Read: https://t.co/wnJGFUYmPR
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်နဲ့ OG Esports အဖွဲ့အစည်းတို့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်းကို အသိပေးချင်ပါတယ်။ ကျွန်တော့် အတွက် ဒီဆုံးဖြတ်ချက်ကို ချခဲ့ရတာ တကယ်ကို ခက်ခဲလွန်းလှပါတယ်။ ကျွန်တော်တို့ စတင် ပူးပေါင်းခဲ့စဉ် အချိန်က OG Dota2 အသင်းရဲ့ ပွဲစဉ်တွေ အားလုံးကို ကျွန်တော် Cast ပေးဖို့ သဘောတူညီခဲ့ပါတယ်။
ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် OG Dota2 အသင်း ဝင်ရောက် ယှဉ်ပြိုင်တဲ့ အချို့သော ပွဲစဉ်တွေကို ကျွန်တော် Cast နိုင်ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော် အပါအဝင် OG အဖွဲ့သားတွေ အားလုံး အဆိုပါ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ပူးပေါင်း ရှာဖွေခဲ့ပေမယ့် အဆင်ပြေခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အခုလို အဖွဲ့အစည်း ကိုယ်စားပြု Streamer အဖြစ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

OG Esports အဖွဲ့အစည်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပေမယ့် သူတို့နဲ့ ကျွန်တော့် အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု ဆက်လက် တည်ရှိနေဦးမှာ ဖြစ်သလို အခုလို အလုပ်အတူ တွဲလုပ်ခွင့် ရရှိခဲ့တဲ့ အတွက်လည်း တကယ်ကို ကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်လျှောက်ပြီး OG Dota2 အသင်း အောင်မြင်စေဖို့ အတွက်လည်း ဆုတောင်း ပေးလိုက်ပါတယ်။”
OG Dota2 အသင်း အနေနဲ့ လက်ရှိအချိန်မှာ OMEGA League: EU Immortal Division မှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသလို ၃ ပွဲကစား၊ ၃ ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်ထားပြီး အုပ်စုဘီရဲ့ နံပါတ် (၁) နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
REF: VpEsports