အမျိုးသမီးဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းများ

အမျိုးသမီးဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းများ

ဟောလိဝုဒ်မှာပဲဖြစ်ဖြစ် ၊ ဘောလိဝုဒ်မှာပဲဖြစ်ဖြစ် ၊ မြန်မာရုပ်ရှင်လောကမှာပဲဖြစ်ဖြစ် ၊ တရုတ်ရုပ်ရှင်လောကပဲဖြစ်ဖြစ် ရုပ်ရှင်ဒါရိုက်တာတွေမှာ ယောကျ်ားလေးတွေ ပိုပြီးတော့များပါတယ်။ Nolan ၊ Zack Snyder ၊ Wong Kar-Wai ၊ Akira Kurosawa တို့လို ဒါရိုက်တာတွေဆိုတာ တကယ်အရည်အချင်းရှိတဲ့ အမျိုးသားဒါရိုက်တာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေလည်း ဇာတ်ကားကောင်းတွေကို သူတို့နည်းတူရိုက်ကူးနိုင်တာကို သိကြလား။ အမျိုးသမီးတွေရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေမှာ ဘယ်ကားတွေပါလဲဆိုတော့

Wonder Woman (2017)
၂ဝ၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Wonder Woman ရုပ်ရှင်ဇာတ်ကားက ရုံဝင်ငွေလည်းအများကြီးရခဲ့ပြီး DCEU အတွက် အောင်မြင်မှုတွေကို သယ်ယူပေးခဲ့တဲ့ကားတစ်ကားပါ။ Justice League ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ Wonder Woman ဟာ အပြင်လောကနဲ့ ပထမဆုံးထိတွေ့ဆက်ဆံပြီး ကမ္ဘာသားတွေကို ကာကွယ်ပေးတဲ့ ရဲဝင့်တဲ့ဇာတ်ကောင်အဖြစ် ပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Wonder Woman နေရာမှာ မင်းသမီး Gal Gadot ကိုသုံးပြီးတော့ လှလှပပပုံဖော်ရိုက်ကူးခဲ့တာပါ။ ရိုက်ကူးတဲ့ ဒါရိုက်တာကလည်း အမျိုးသမီးဖြစ်ပြီး ခေါင်းဆောင်မင်းသမီးကလည်း အမျိုးသမီးဇာတ်ကောင်ဖြစ်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ပရိသတ်ကို ရသကောင်းကောင်းပေးနိုင်တဲ့ ဒီဇာတ်ကားလေးဟာ အမျိုးသမီးဒါရိုက်တာတွေလည်း ဇာတ်ကားကောင်း ရိုက်နိုင်တယ်ဆိုတာကိုပါ သက်သေပြနိုင်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။

American Psycho (2000)
၂ဝဝဝ ခုနှစ်မှာထွက်ရှိခဲ့တဲ့ American Psycho ဇာတ်လမ်းတွဲရဲ့ ပထမဆုံးဇာတ်ကားကလည်း အမျိုးသမီးဒါရိုက်တာ Mary Harron ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားက စိတ္တဇဆန်တဲ့ဒရာမဇာတ်ကားဖြစ်ပြီးတော့ Batman မင်းသား Christian Bale သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားဖြစ်တယ်။ Christian Bale ကို Method Acting ပိုင်းမှာ ကျွမ်းကျင်တဲ့သရုပ်ဆောင်ဖြစ်အောင် တွန်းပို့ပေးခဲ့တဲ့ ဇာတ်ကားတွေထဲက တစ်ကားလို့ပြောရင်လည်း မမှားဘူးပေါ့။ စီးပွားရေးသမားလေး Patrick Bateman တစ်ယောက် သူ့ထက်သာတဲ့သူတွေကို မနာလိုတာကနေစပြီးတော့ ကွင်းဆက်လူသတ်သမားဖြစ်သွားတဲ့နောက်ပိုင်း သူ့ရဲ့ကိုယ်ပိုင်မိစ္ဆာနဲ့ပြန်ရင်ဆိုင်ရတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ Chlotrudis Award မှာအကောင်းဆုံးသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။

Frozen (2013)
Disney ကနေရိုက်ကူးခဲ့တဲ့ Frozen ကာတွန်းဇာတ်ကားလေးက ကလေးတွေတင်မကဘူး ၊ လူကြီးတွေရဲ့နှလုံးသားကိုပါ လှုပ်ခတ်စေခဲ့ပါတယ်။ Elsa နဲ့ Anna ညီအစ်မနှစ်ယောက်ကိုလည်း အရမ်းသဘောကျခဲ့သလို သူတို့နှစ်ယောက်ကြားက ညီအစ်မချစ်ခြင်းက ကြည်နူးဖို့လည်းကောင်းပြီး ၊ အရမ်းလည်းအားကျရပါတယ်။ အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုပါ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့သီချင်းတွေနဲ့ Animation တွေကလည်း အရမ်းကိုအသက်ဝင်တာကြောင့် အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဒီကာတွန်းလေးကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာတွေထဲမှာ အမျိုးသမီးဒါရိုက်တာ နှစ်ယောက်ကြီးများတောင် ပါပါတယ်နော်။ Jennifer Lee နဲ့ Stevie Wermers တို့နှစ်ယောက်က နာမည်ကြီး Frozen ဇာတ်ကားလေးကို ပါဝင်ဖန်တီးရိုက်ကူးခဲ့တာပါ။Jennifer Lee ကတော့ အမေရိကန်ဇာတ်ညွန်းဆရာမ ၊ ရုပ်ရှင်ဒါရိုက်တာနဲ့ Walt Disney Animation Studios ရဲ့ Chief Creative Officer ဖြစ်ပါတယ်။ နောက်ထွက်မယ့် Frozen 2 မှာလည်း သူပါဝင်ရိုက်ကူးထားပါသေးတယ်။ Stevie Wermers ကလည်း Disney ရဲ့ ဇာတ်ညွန်းအနုပညာရှင်ဖြစ်ပြီး ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ ထက်မြက်တဲ့မိန်းမနှစ်ယောက်ပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကောင်းလို့ပြောရင် မမှားဘူးနော်။

Lady Bird (2017)
၂ဝ၁၈ ထဲမှာ Golden Globe Best Actress Award ၊ Golden Globe Best Motion Picture – Musical or Comedy Award တွေကို ယူဆောင်ပေးခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Lady Bird ဇာတ်ကားထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Saoirse Ronan နဲ့ Timothée chalamet တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဆယ်ကျော်သက်အရွယ် စိတ်ကစားချိန်မှာ ဖြစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို ရှာဖွေတဲ့ ဇာတ်ကားကောင်းလေးပေါ့။ မိခင်နဲ့သမီးကြားက ဆက်ဆံရေး ၊ ဆယ်ကျော်သက်မှာ ဘဝကိုမြင်တဲ့အမြင် ၊ အချစ်ကိုရှာဖွေတဲ့အကြောင်းတွေကို ပညာသားပါပါရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ရိုးရိုးလေးနဲ့အရမ်းကိုလေးနက်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Lady Bird ကို အမျိုးသမီး သရုပ်ဆောင်လည်းဖြစ်ပြီး ဒါရိုက်တာလည်းဖြစ်တဲ့ Greta Gerwig က ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။ Greta က အရမ်းကိုသရုပ်ဆောင်ကောင်းပြီး ရိုက်ကူးရေးပိုင်းမှာလည်း အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။ Greta Gerwig က Classic အမေရိကန် စာရေးဆရာမ Louisa May Alcott ရေးခဲ့တဲ့ ဂန္တဝင်ဝတ္တုတစ်ပုဒ်ဖြစ်တဲ့ Little Woman ကိုလည်း ရိုက်ကူးထားပြီး ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

Lost in Translation (2003)
၂ဝဝ၃ ခုနှစ်မှာ ကိုယ်ပိုင်ဇာတ်ညွှန်းဆုအတွက် Academy ယူပေးခဲ့တဲ့ Lost in Translation ဇာတ်ကားကို အမျိုးသမီးဒါရိုက်တာ Sofia Coppola ကရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်က Lost in Translation ဇာတ်လမ်းကို ဘယ်လိုပုံဖော်ပြောပြရမယ်မှန်းတောင်မသိပါဘူး။ ကြည့်တဲ့သူတိုင်းက အမျိုးအမည်မသိတဲ့ခံစားချက်တစ်ခုစီကိုတော့ ရရှိမယ်ထင်ပါတယ်။ ရုပ်ရှင်မင်းသားကြီးတစ်ယောက်နဲ့ အဆင်မပြေတဲ့ အိမ်ထောင်ရေးမှာ ရှင်သန်နေရတဲ့ ကောင်မလေးတစ်ယောက် တိုကျိုမြို့ထဲမှာ ဆုံတွေ့ကြပြီး စိတ်အပြောင်းအလဲဖြစ်အောင် ၊ လောကကြီးကနေထွက်ပြေးချင်တဲ့ ခံစားချက်မျိုးတွေနဲ့ မြို့အနှံ့လေ ျှာက်သွားခဲ့ကြတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ရင်ထဲကို အရမ်းနွေးထွေးစေပြီးတော့ အဓိပ္ပါယ်အရမ်းရှိပါတယ်။ Scarlett Johansson နဲ့ Bill Murray တို့ အဓိကပါဝင်သရုပ်ဆောင်ခဲ့တဲ့ Lost in Translation ဇာတ်ကားလေးကိုတော့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

ဒီကားတွေအပြင် အမျိုးသမီးဒါရိုက်တာတွေရိုက်တဲ့ တခြားဇာတ်ကားတွေကတော့ The Matrix (1999) ၊ A League of Their Own (1992) ၊ Big (1988) ၊ Pet Sematary (1989) တို့တွေလည်း ရှိပါသေးတယ်။ ဒီအချက်တွေကိုကြည့်ပြီး အမျိုးသမီးတွေလည်း အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ကူးနိုင်တယ်ဆိုတာ သက်သေပြနိုင်ပါတယ်လို့ပြောရင်းနဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်။

Piki(Akhayar)