ဒါတွေကိုင်ပြီးတိုင်း ချက်ချင်းလက်ဆေးသင့်ပါတယ်

ဒါတွေကိုင်ပြီးတိုင်း ချက်ချင်းလက်ဆေးသင့်ပါတယ်

Wuhan Coronavirus ကာကွယ်နိုင်မယ့်နည်းလမ်းတွေထဲမှာ လက်ဆေးဖို့ ပါတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။သတိဆိုတာပိုတယ်မရှိပါဘူး။ လက်ဆေးတာက ကျန်းမာရေးကာင်းမွန်ဖို့ အထောက်အကူပြုတဲ့အပြင် ခန္ဓာကိုယ်ထဲကို ဝင်ရောက်မယ့် ရောဂါပိုးမွှားတွေကိုလည်း တစ်ဖက်တစ်လမ်းကတားဆီးပေးရာ ရောက်ပါတယ်။ ဒီအချက်တွေနဲ့တင် တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးတဲ့အကျင့် မွေးမြူထားတာက မှားမယ်မထင်ပါဘူးနော်။

(၁) မီနူးကဒ်

စားသောက်ဆိုင်၊ Café ဆိုင်တို့နဲ့ ကင်းတဲ့လူဆိုတာ မရှိပါဘူး။ ဆိုင်မှာထိုင်လိုက်တာနဲ့ ဦးဆုံးကိုင်မိတဲ့ အရာက မီနူးပဲ ဖြစ်ပါလိမ့်မယ်။ စားမယ်ဆိုပြီး အားရပါးရ မှာမယ်လို့ တွေးနေချိန်မှာ ဘယ်သူက လက်ဆေးဖို့ သတိရမှာလဲနော်။ ဒါပေမယ့် လက်မဆေးလို့ကတော့ မဖြစ်ဘူးနော်။ ဘာလို့လဲဆိုတော့ သုတေသနလုပ်ချက်တွေအရ သန်းချီတဲ့ ဘက်တီးရီးယားတွေက မီးနူးကဒ်တွေမှာ ရှိနေလို့ပါပဲ။

(၂) Public Area တွေက အရာတစ်ခုခုကိုင်ပြီးတိုင်း

လေ့လာချက်တွေအရ လူထူထပ်တဲ့နေရာတွေအပြင် နေရာထိုင်ခင်းတွေကို အတူဝေမျှသုံးရတဲ့ Public Area တွေဟာ တခြားနေရာတွေထက် ပိုပြီး ဘက်တီးရီးယားပိုများတတ်ပါတယ်။ ဥပမာ – လေဆိပ်၊ ဘတ်စ်ကား၊ ရထားနဲ့ အိမ်သာတွေလို နေရာမျိုးတွေမှာပေါ့။ အကယ်၍ သင်ဟာ YBS စီးပြီး ဆင်းလာတဲ့အခါ သင့်လက်ကိုပဲ နမ်းကြည့်လိုက်ပါဦး။ အနံ့နဲ့တင် မသန့်ရှင်းတဲ့ ခံစားချက်ကို သိနိုင်မှာပါ။ Public Area တွေမှာရှိတဲ့ တံခါးလက်ကိုင်၊ ထိုင်ခုံလက်တန်း၊ ကား/ ရထား လက်တန်းတို့ ကိုင်ပြီးတိုင်း လက်ဆေးပေးမယ်ဆိုရင် ရောဂါအလွယ်တကူဖြစ်စေမယ့် အခြေအနေက ကာကွယ်ပြီးသား ဖြစ်တာပေါ့။

(၃) ပိုက်ဆံ

မြန်မာနိုင်ငံက ပိုက်ဆံတွေကတော့ သိတဲ့အတိုင်းပဲ တခြားနိုင်ငံကပိုက်ဆံတွေထက် နွမ်းဖတ်နေတတ်တာကို သိကြမှာပေါ့။ ပိုက်ဆံမကိုင်ရတဲ့ လူဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ အယုတ်၊ အလတ်၊ အမြတ်မရွေး အထိတွေ့ဆုံးအရာ ပြောပါဆိုရင် ပိုက်ဆံလို့ပဲ ပြောရမှာပါ။ ဘယ်နိုင်ငံက ပိုက်ဆံပဲဖြစ်ပါစေ၊ ဘယ်လိုပဲ အသစ်ဖြစ်နေပါစေ လူပေါင်းမြောက်မြားစွာ အဆင့်ဆင့်ကိုင်ပြီးမှ ကိုယ့်ဆီရောက်လာတဲ့အတွက် ပိုက်ဆံကိုင်ပြီးတိုင်း မဖြစ်မနေ လက်ဆေးဖို့ လိုပါတယ်။ တံတွေးနဲ့ လက်ကိုတို့ပြီး ပိုက်ဆံရေတွက်တတ်တဲ့ အကျင့်ရှိရင် ဒီနေ့ကစပြီး ဖျောက်လိုက်ပါတော့။ မဟုတ်ရင် ရောဂါပိုးတွေကို ပါးစပ်ထဲအရောက်ပို့ပေးနေသလို ဖြစ်နေပါလိမ့်မယ်။

(၄) ဆေးရုံ၊ ဆေးခန်းက ပစ္စည်းတွေ ကိုင်ပြီးရင်

ပိတ်ရက်မရှိ အမြဲစည်ကားနေတတ်တဲ့ နေရာတွေကတော့ ဆေးရုံ၊ ဆေးခန်းတွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး လူအဝင်အထွက်များတဲ့နေရာတွေက ပစ္စည်းတစ်ခုခုကို ကိုင်ပြီးတိုင်း လက်ဆေးပေးသင့်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေက ပိုးသတ်ဆေးတွေ ဖြုန်းထားလို့ သန့်တယ်လို့ မထင်လိုက်ပါနဲ့။ ကျန်းမာရေးမကောင်းတဲ့သူတွေ စုပြုံနေတတ်တဲ့ ဆေးရုံ၊ ဆေးခန်းတွေက ဘောပင်လေးတစ်ခုကိုင်မိရင်တောင်မှ လက်ဆေးဖို့ သတိရစေချင်ပါတယ်နော်။

ပရိသတ်ကြီးရေ “ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်ပါတယ်” ဆိုတဲ့ စကားအတိုင်းပဲ တစ်ခုခုလုပ်ပြီးတိုင်း လက်ဆေးဖို့ အကျင့်လုပ်ထားမယ်ဆိုရင်ပဲ ကိုယ့်ဆီကို ရောက်လာမယ့် ရောဂါပိုးမွှားတွေကို တားဆီးထားပြီးရာ ရောက်ပါတယ်။ ကျန်းမာရေးနှိုးဆော်ချက်တိုင်းလိုလိုမှာ လက်ဆေးဖို့ ထည့်ထားရတဲ့အချက်က အလကားသက်သက်တော့ မဟုတ်ပါဘူး။ ပြီးတော့ တိကျသေချာတဲ့ သတင်းတွေကို နားစွင့်ပြီး ကျန်းမာရေးကိုဂရုစိုက်ကြပါ။

NSC (Akhayar)

Photos Credit