ကျန်းမာလှပပြီး အချိုးအစားကျနတဲ့ခန္ဓာကိုယ် ရရှိပိုင်ဆိုင်အောင် Meghan Markle ဘယ်လိုနေထိုင်လဲ

ကျန်းမာလှပပြီး အချိုးအစားကျနတဲ့ခန္ဓာကိုယ် ရရှိပိုင်ဆိုင်အောင် Meghan Markle ဘယ်လိုနေထိုင်လဲ

Sussex မြို့စားကတော် Meghan Markle ကို ဘယ်အချိန်ပဲ ကြည့်လိုက် ကြည့်လိုက် လှပေကျော့ရှင်းပြီး ကျန်းမာရွှင်လန်းနေတာကို တွေ့ရမှာပါ။ အလုပ်တွေအရမ်းများတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် ကျန်းမာရေးပိုင်းရော၊ အလှအပပိုင်းရော နှစ်ခုလုံးကို ဟန်ချက်ညီညီထိန်းသိမ်းပြီး နေထိုင်နိုင်တာ ဘယ်လိုလျှို့ဝှက်ချက်တွေကိုများ ကျင့်သုံးလို့ပါလိမ့်။ လှပကျန်းမာတဲ့သူတွေကို မြင်တိုင်း သူတို့ဘယ်လိုနေထိုင်လဲဆိုတာကို မစပ်စုရမနေနိုင်တဲ့ မင်မင်ရဲ့အကျင့်အရ Meghan Markle ရဲ့ လျှို့ဝှက်ချက်ကိုလည်း စပ်စုခဲ့လို့ ပြန်လည်မျှဝေပေးချင်ပါတယ်။

Meghan တစ်ခါပြောဖူးတာကတော့ ကျန်းမာလှပတဲ့ခန္ဓာကိုယ်အချိုးအစား ရရှိပိုင်ဆိုင်ဖို့အတွက် ထူးထူးခြားခြားကျင့်သုံးတဲ့ နည်းလမ်းကောင်းတွေရယ်ဆိုပြီး သိပ်မရှိပါဘူးတဲ့။ သူမဟာ Fitness Lover ဖြစ်ပြီး သူမရဲ့စားသောက်နေထိုင်မှုပုံစံကို ကောင်းကောင်းဂရုစိုက်လေ့ရှိတဲ့သူပါ။ ဒါအပြင် အောက်မှာ ဖော်ပြထားတဲ့ အချက်ငါးချက်ကြောင့်လည်း ပထမရင်သွေးလေးမွေးပြီးတဲ့အချိန်မှာတောင် ခါးပတ်နဲ့ဝတ်ရတဲ့ ကုတ်အကျီၤရှည်ကို ယုံကြည်မှုရှိရှိဝတ်ကာ လှပနေနိုင်တာဖြစ်ပါတယ်။

Yoga ကို ချစ်မြတ်နိုးသူပါ


Meghan ဟာ Yoga ကို ခုံခုံမင်မင်ဆော့ကစားရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး Yoga ဖျာကို ဆောင်ထားပြီး ဆော့လေ့ရှိသူပါ။ Yoga ဆော့တဲ့အလေ့အထကို Yoga Instructor ဖြစ်တဲ့ သူမအမေဆီကနေ အမွေဆက်ခံရရှိပြီး အသက်ခုနစ်နှစ်အရွယ်ထဲက စဆော့နေခဲ့တာပါ။ ဒါ့အပြင် စိတ်နဲ့ခန္ဓာအနားရစေဖို့အတွက် သူမဟာ တစ်နေ့နှစ်ကြိမ် တရားထိုင်လေ့ရှိသူပါ။ စိတ်ကြည်မှ ရုပ်လှဆိုတာကို နားလည်ထားတဲ့သူမဟာ စိတ်ကိုကြည်လင်အေးချမ်းအောင်ပဲထားကာ အလှစစ်ကို ရအောင်ဖန်တီးယူပါတယ်တဲ့။

ကော်ဖီချစ်သူမဟုတ်ပါဘူး


Meghan ဟာ ကော်ဖီကို စွဲစွဲလန်းလန်း သောက်လေ့ရှိသူ မဟုတ်ပါဘူး။ ကျန်းမာရေးကောင်းစေဖို့အတွက် အစိမ်းရောင်ဖျော်ရည်တွေကို နည်းနည်းစီသောက်ပေးလေ့ရှိသူပါ။ အစိမ်းရောင်ဖျော်ရည်တွေက သူမရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးပြီး အာဟာရရှိအောင်လည်း ကူညီပေးပါတယ်။ သူမသောက်လေ့ရှိတဲ့ အနှစ်အသက်ဆုံးအစိမ်းရောင် ဖျော်ရည်ကတော့ ပန်းသီး၊ ကိုက်လန်၊ ဟင်းနုနွယ်၊ ဂျင်းနဲ့ သံပုရာတို့ကို ရောစပ်ပြီး ရရှိလာတဲ့ဖျော်ရည်ပဲ ဖြစ်ပါတယ်။

အချက်အပြုတ်တော်သူပါ


Meghan ဟာ ဟင်းချက်ရတာကို ကြိုက်နှစ်သက်သူဖြစ်ပြီး ဘယ်လိုလေးပေါင်းစပ်ပြီး ချက်ကာ ကျန်းမာအောင်စားသုံးရမလဲဆိုတဲ့အကြောင်းကို ဆွေးနွေးနေရရင် ထမင်းမေ့ ဟင်းမေ့ပါပဲ။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် ချက်ပြုတ်စားသောက်နေထိုင်တာက ခန္ဓာကိုယ်ကိုလည်းကောင်းကျိုးဖြစ်စေပြီး လှပတဲ့ခန္ဓာကိုယ်အချိုးအစားကိုလည်း ရရှိစေတယ်လို့ ယုံကြည်ထားသူပါ။ ဆန်အစားထိုး စားလို့ရတဲ့ စားစရာတစ်ခုဖြစ်တဲ့ Quinoa ၊ ရာသီပေါ်ဟင်းသီးဟင်းရွက်တွေနဲ့ ဆေးဖက်ဝင်ဟင်းခေတ်အမွှေးအကြိုင်တွေကို ဆီနည်းနည်းပဲ ထည့်ချက်ကာ စားသုံးလေ့ရှိသူပါ။

ဝိုင်ချစ်သူပါ


အခွင့်အရေးသာရမယ်ဆိုရင် ဝိုင်တစ်ခွက်နဲ့ ကိတ်မုန့်တစ်တုံးလောက်တော့ စားချင်သူပါ။ နှလုံးကျန်းမာရေးကောင်းစေတဲ့ ဝိုင်နီကို သူမအကြိုက်ဆုံးပါပဲ။ သူမကိုယ်တိုင်လည်း ဝိုင်သောက်ရတာကို နှစ်သက်တဲ့အတွက် တခြားသူတွေကိုလည်း ကျန်းမာရေးကောင်းစေဖို့အတွက် ဝိုင်တစ်ခွက်လောက် သောက်ပါလို့ တိုက်တွန်းလေ့ရှိသူပါ။

ရေဓာတ်ပြည့်အောင်ဂရုစိုက်ပြီးနေထိုင်သူပါ


Meghan မဖြစ်မနေသတိထားပြီး လုပ်လေ့ရှိတဲ့အကျင့်ကောင်းလေးတစ်ခုကတော့ ရေဓာတ်ပြည့်အောင် သောက်သုံးပေးတာပါပဲ။ ဘယ်လောက်ပဲ အလုပ်များပါစေ ရေသောက်ဖို့ကို မမေ့ထားပါဘူးတဲ့။ သူမဟာ တစ်နေ့ကို ရေနှစ်လီတာလောက် ကုန်အောင်သောက်လေ့ရှိသူပါ။ ရေအပြင် ရေဓာတ်ပြည့်နေစေဖို့အတွက် လီမွန်ရေကိုလည်း တွဲသောက်ပါသေးတယ်။


ကဲ…စပ်စုတတ်တဲ့ အကျင့်အရတော့ စပ်စုပြီး ဖော်ပြပေးလိုက်ပြီနော်။ လိုက်ကျင့်သုံးဖို့ကတော့ ယူတို့ရဲ့ တာဝန်ပါနော်။ အမြဲတမ်းလှပပြီး ယုံကြည်မှုရှိရှိနဲ့ နေနိုင်တယ်ဆိုတာ ဒီတိုင်းကြီး ဖြစ်လာတာ မဟုတ်လို့ ယူတို့လည်း တော်ဝင်မေမေသုံးတဲ့နည်းလမ်းတွေကို အတုခိုးပြီး ကိုယ်ရဲ့အလှအပကို ကိုယ်တိုင်ဖန်တီးယူလိုက်ကြပါနော်။ လှပကျန်းမာဖို့အတွက် ပရိသတ်ကြီးကျင့်သုံးနေတဲ့ နည်းလမ်းကောင်းလေးတွေရှိရင်လည်း ထပ်ပေါင်းထည့်ပေးသွားလို့ ရပါတယ်။

Photo Credit: SHEfinds , asianage.com ,Delish.com , People

H.H(Akhayar)