အဆင့်ဆင့် တိုးတက် ပြောင်းလဲလာခဲ့တဲ့ Nintendo သမိုင်းကြောင်း

Nintendo လို့ ပြောလိုက်တာနဲ့ နာမည်ကျော် Game Consoles တွေ၊ ပရိသတ်ကြိုက် Franchise တွေဖြစ်တဲ့ Super Mario Bros, Pokemon စတဲ့ ဗွီဒီယိုဂိမ်းတွေကို ထုတ်လုပ် ရောင်းချလျက်ရှိတဲ့ ဂိမ်းကုမ္ပဏီကြီး တစ်ခုမှန်း လူတိုင်းနီးပါး သိထားကြမယ် ထင်ပါတယ်။

Nintendo အနေနဲ့ လက်ရှိအချိန်မှာ ဗွီဒီယိုဂိမ်း ချစ်မြတ်နိုးသူတွေ အကြား ရေပန်းစားလျက် ရှိပေမယ့်လည်း Nintendo ကို စတင် တည်ထောင်ခဲ့စဉ် အချိန်က သာမန် Playing Cards ထုတ်လုပ်ရေး ကုမ္ပဏီ အဖြစ်သာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဆင့်ဆင့် တိုးတက် ပြောင်းလဲလာခဲ့တဲ့ Nintendo ရဲ့ သမိုင်းကြောင်းကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- Fusajiro Yamauchi ဆိုတာ ဘယ်သူလဲ။
Fusajiro Yamauchi ကို ၁၈၅၉ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှာ ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ Fusajiro Yamauchi အရွယ်ရောက်လာတဲ့ ကာလမှာ ဂျပန်နိုင်ငံတွင်း တရားမဝင် လောင်းကစားပြုလုပ်ခြင်းကို အပြင်းအထန် တားမြစ်လျက်ရှိပြီး ဖဲကစားခြင်း အပါအဝင် ကတ်ပြားများနဲ့ ကစားရတဲ့ Card Games အများစုကို တရားမဝင် ကစားနည်းများ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Fusajiro Yamauchi ကတော့ အနုပညာရှင်လည်းဖြစ်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်တာနဲ့အညီ Hanafuda လို့ အမည်ရတဲ့ Card Games တစ်ခုကို ဖန်တီးခဲ့ပါတယ်။ Hanafuda Card Games ကစားနည်းမှာ အသုံးပြုရတဲ့ ကတ်ပြားလေးတွေမှာ ပုံမှန် ကတ်ပြားတွေမှာလို နံပါတ်တွေ (ကိန်းဂဏန်းတွေ) ကို အသုံးပြုခြင်း မရှိဘဲ ပန်းပွင့်လေးတွေကို အစားထိုး အသုံးပြုခဲ့ပါတယ်။
အခုလို ဂျပန်နိုင်ငံ အစိုးရရဲ့ ဥပဒေကို လက်တလုံးခြား ပြုလုပ်ခဲ့ပေမယ့်လည်း Hanafuda ကတ်ဂိမ်းနဲ့ ပတ်သတ်ပြီး အပြင်းအထန် တားမြစ်ချက်တွေ ထွက်ပေါ်လာခြင်း မရှိတာကြောင့် Fusajiro Yamauchi အနေနဲ့ (၁၈၈၉) ခုနှစ်မှာ Nintendo Koppai လို့ အမည်ရတဲ့ Hanafuda ကတ်ဂိမ်းများ ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစုကို တည်ထောင်ခဲ့ပါတယ်။

Nintendo Koppai မှ ထုတ်လုပ်ရောင်းချခဲ့တဲ့ Hanafuda ကတ်လေးတွေဟာ ထင်မှတ်မထားလောက်အောင် ရောင်းအားကောင်းခဲ့တာကြောင့် Hanafuda ကတ်လေးတွေ ထုတ်လုပ်ရေး အပိုင်းမှာ လစ်ဟင်းခြင်း မရှိစေဖို့ အတွက် Yamauchi တစ်ယောက် ဝန်ထမ်းများ ငှားရမ်းခဲ့ရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ အခုလို ဂျပန်နိုင်ငံတွင်း အောင်မြင်မှုတွေ ရရှိခဲ့တာနဲ့တင် ကျေနပ်နိုင်ခြင်း မရှိတဲ့ Yamauchi ကတော့ အနောက်တိုင်းစတိုင် Card Games တွေကိုလည်း ထပ်မံ ဖန်တီးခဲ့တာကြောင့် ဂျပန်နိုင်ငံ အခြေစိုက် အကြီးမားဆုံး Playing Cards ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
Yamauchi အနေနဲ့ Nintendo Koppai ကို တည်ထောင်ပြီး နှစ်လေးဆယ်ခန့် အကြာ၊ ၁၉၂၉ ခုနှစ်မှာ ကုမ္ပဏီကနေ အငြိမ်းစားယူခဲ့ပြီး မွေးစားသားဖြစ်သူ Sekiryo Kaneda (Sekiryo Yamauchi) ကို ဦးဆောင်သူ အဖြစ် ရာထူး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အငြိမ်းစားယူပြီး (၁၁) နှစ်ခန့် အကြာ၊ ၁၉၄၀ ခုနှစ်မှာတော့ Yamauchi တစ်ယောက် လူ့လောကကနေ ထွက်ခွာသွားခဲ့ပါတယ်။ Yamauchi အနေနဲ့ အခုလို ဆုံးပါးသွားခဲ့တာကြောင့် သူစတင် တည်ထောင်ခဲ့တဲ့ Card Games ကုမ္ပဏီလေး Nintendo Koppai အနေနဲ့ ဗွီဒီယိုဂိမ်းလောကမှာ နှစ်ကာလ ရှည်ကြာစွာ အအောင်မြင်ဆုံး ကုမ္ပဏီအဖြစ် ဆက်လက် ရပ်တည်နေနိုင်ခဲ့တာကိုတော့ မြင်တွေ့နိုင်ခြင်း မရှိခဲ့ပါဘူး။
- ဗွီဒီယိုဂိမ်းလောက အထဲကို စတင် ဝင်ရောက်ခြင်း
၁၉၆၆ ခုနှစ် နှစ်ဦးပိုင်း အရောက်မှာ Nintendo အနေနဲ့ Card Games လောကကနေ အရုပ်ထုတ်လုပ်ရေး လောကအထဲကို ထပ်မံ ထိုးဖောက် ဝင်ရောက်လို့ လာခဲ့ပါတယ်။ Card Games လောကမှာကတည်းက ပရိသတ် အကြိုက်ကို လိုက်လံ ဖန်တီးနိုင်ခဲ့တဲ့ Nintendo အနေနဲ့ အရုပ်ထုတ်လုပ်ရေး လောကမှာလည်း အချိန်တို အတွင်း အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၉၇၄ မှာတော့ Nintendo အနေနဲ့ အမေရိကန်နိုင်ငံထုတ် Magnavox Odyssey အမည်ရ ဗွီဒီယိုဂိမ်းစက်ကို ဂျပန်နိုင်ငံတွင်း ဖြန့်ချီရေး အတွက် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ရယူနိုင်ခဲ့ပြီး ဗွီဒီယိုဂိမ်း လောက အတွင်းကို စတင် ဝင်ရောက် လာခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ Color TV-Game လို့ အမည်ပေးထားတဲ့ ဗွီဒီယိုဂိမ်းစက်ကို ကုမ္ပဏီပိုင် ပထမဆုံး ဗွီဒီယိုဂိမ်းစက် အဖြစ် ထုတ်လုပ် ရောင်းချနိုင်ခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာ Nintendo ကုမ္ပဏီရဲ့ ဗွီဒီယိုဂိမ်း ဒီဇိုင်နာ တစ်ဦးဖြစ်တဲ့ Gunpei Yokoi အနေနဲ့ လက်ဖြင့်ကိုင်ကစားလို့ရတဲ့ ဗွီဒီယိုဂိမ်းစက် (Handheld Video Game) ကို တီထွင်ဖို့ အကြံရခဲ့ပါတယ်။ ၁၉၈၀ မှာတော့ အဆိုပါ အကြံအစည်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး Game & Watch အမည်ရ Handheld Video Game ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

၁၉၈၃ ခုနှစ်တော့ Family ဂိမ်းစက် အဖြစ် လူသိများတဲ့ Family Computer (Famicom) ကို ဖန်တီး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ Gunpei Yokoi ဦးဆောင်တဲ့ Nintendo အဖွဲ့သားတွေ အနေနဲ့ Game Boy အမည်ရ Handheld Video Game တွေကို ထပ်မံ ဖန်တီးနိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ ဂျပန်နိုင်ငံတွင်း စတင် ရောင်းချနိုင်ခဲ့သလို၊ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ မြောက်အမေရိက ဒေသကိုပါ တင်ပို့ ရောင်းချနိုင်တဲ့ အထိ အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။

၁၉၉၀ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှာတော့ Famicom ဗွီဒီယိုဂိမ်းစက်ကို အဆင့်မြှင့်တင်ထားတဲ့ Super Nintendo Entertainment System (SNES) ကို တရားဝင် စတင် ရောင်းချခဲ့ပြီး ကမ္ဘာအနှံ့မှ ဗွီဒီယိုဂိမ်း ချစ်မြတ်နိုးသူတွေရဲ့ နှစ်သက်အားရမှုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုလို ကမ္ဘာအနှံ့မှာ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း Nintendo အနေနဲ့ ရပ်တန့်နေခဲ့ခြင်း မရှိဘဲ ၁၉၉၅ ခုနှစ်မှာ Virtual Boy၊ ၁၉၉၆ ခုနှစ်မှာ Nintendo 64 ၊ ၁၉၉၈ ခုနှစ်မှာ Game Boy Color ၊ ၂၀၀၁ ခုနှစ်မှာ Nintendo GameCube နဲ့ Game Boy Advance၊ ၂၀၀၄ ခုနှစ်မှာ Nintendo DS ၊ ၂၀၀၆ ခုနှစ်မှာ Nintendo Wii ၊ ၂၀၁၁ ခုနှစ်မှာ Nintendo 3DS ၊ ၂၀၁၂ ခုနှစ်မှာ Wii U ၊ ၂၀၁၇ ခုနှစ်မှာ Nintendo Switch စတဲ့ အသစ်အသစ်သော Gaming Consoles တွေကို ထပ်မံ မိတ်ဆက်ပေးခဲ့ပါတယ်။

အခုလို အောင်မြင်မှုတွေကို မိန်းမောနေခြင်း မရှိဘဲ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ Gaming Consoles တွေကို ထပ်မံ မိတ်ဆက် ပေးနိုင်ခဲ့တာကြောင့်လည်း Fusajiro Yamauchi တည်ထောင်ပြီး နှစ်ပေါင်း (၁၃၀) ကြာမြင်တဲ့ အထိ Nintendo အနေနဲ့ ဗွီဒီယိုဂိမ်းလောကရဲ့ အအောင်မြင်ဆုံး ကုမ္ပဏီတွေ အထဲမှာ တစ်ခု အပါအဝင် အဖြစ် ဆက်လက် ရပ်တည်နေနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: LifeWire, Wikipedia1, Wikipedia2