သင်္ကြန်မှာ ဘေးကင်းအောင် ဒီလိုပျော်မယ်

သင်္ကြန်မှာ ဘေးကင်းအောင် ဒီလိုပျော်မယ်

သင်္ကြန်ရောက်ပြီဆိုတာနဲ့ လူငယ်သဘာဝပျော်ချင်ကြတာပေါ့။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးတွေ ရေကစားထွက်ပြီဆိုရင် နေအိမ်ကို ဘေးအန္တရာယ်ကင်းကင်း ပြန်ရောက်လာမယ့်အချိန်ကို စောင့်မျှော်နေတတ်ပါတယ်။ အပျော်နောက်က အပျက်မပါစေဖို့ သင်္ကြန်မှာ ဘယ်လို အန္တရာယ်ကင်းအောင် ပျော်ရွှင်ရမယ်ဆိုတာ Akhayar Media ကနေ နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

၁။ လူမှန်းသူမှန်း မသိအောင် မသောက်နဲ့။
ဒါကတော့ အထူးပြောစရာမလိုဘူး ထင်ပါတယ်။ အရက်သောက်လိုက်ရင် မိုက်သွေးတွေ အလိုလိုကြွလာပြီးတော့ ရန်ဖြစ်တာတွေ၊ ယာဉ်မတော်တဆမှုတွေလည်း ဖြစ်နိုင်ပါတယ်။ အမူးလွန်တဲ့သူတွေရဲ့နောက်ဆုံးလားရာက ဆေးရုံနဲ့ရဲစခန်းပဲ ဖြစ်ပါတယ်။

၂။ လမ်းဘေးစာတွေ မစားနဲ့။
သင်္ကြန်အတွင်းမှာ ခါတော်မီအစားအသောက်ဆိုင်တွေ မှိုလိုက်ပေါက်နေပေမယ့် သန့်ရှင်းတဲ့ဆိုင်ကတော့ ရွှေလို ရှားလှပါတယ်။ မသန့်ရှင်းတဲ့ လမ်းဘေးစာတွေ စားမိရင် ဝမ်းရောဂါဖြစ်နိုင်ရုံသာမက အစာအိမ်ကိုပါ ဒုက္ခပေးနိုင်လို့ ဝေးဝေးရှောင်ပါ။

၃။ မူးယစ်ဆေးဝါး မသုံးနဲ့။
သင်္ကြန်အတွင်းမှာ စိတ်ကြွဆေးပြားတွေ၊ လိင်စိတ်ထကြွစေတဲ့ ဆေးပြားတွေနဲ့ မူးယစ်ဆေးဝါးမျိုးစုံကို သတိကြီးကြီးနဲ့ကို ရှောင်ကျဉ်သင့်ပါတယ်။ “အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း” ဆိုသလို တစ်ကြိမ်တစ်ခါ လုပ်မိတဲ့အမှားတစ်ခုကို ဘဝတစ်လျှောက်လုံး အမာရွတ်ဖြစ်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့တော့။

၄။ ဒေါသစိတ်ကို ထိန်းချုပ်ပါ။
သင်္ကြန်မှာ ခိုက်ရန်ဖြစ်ပွားလို့ သေဆုံးကြတဲ့ လူငယ်တွေ ဒုနဲ့ဒေးပင် ရှိပါတယ်။ ယာယီဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကို ထိန်းချုပ်မယ်ဆိုရင် ထာဝစဉ်ကောင်းစားနိုင်တဲ့အတွက် ဒေါသစိတ်ကို တက်နိုင်သလောက် ထိန်းချုပ်ပါလေ။

၅။ နေပူဒဏ်ကို ရှောင်ကြဉ်ပါ။
ရေကစားထွက်လိုတဲ့ လူငယ်တွေအနေနဲ့ နေအပူချိန်အမြင့်ဆုံးဖြစ်တဲ့ မနက်၁ဝနာရီနဲ့ ညနေ၃ကြားမှာတော့ အမိုးအကာအောက်မှာ နားသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးဖြစ်လာတဲ့အတွက် အပူဒဏ် မခံသင့်ပါဘူး။ ရေပက်ခံထွက်မယ်ဆိုရင်လည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ Lotion တွေနဲ့ လိမ်းထားသင့်ပါတယ်။

ကျော်စိုးအောင် (အခရာ)