ကိုယ်မျက်နှာကျနဲ့ ကိုယ်ပန်နေတဲ့ နားကပ်တွေဟာ လိုက်ဖက်မှုရှိတယ်လို့ ထင်လား

ကိုယ်မျက်နှာကျနဲ့ ကိုယ်ပန်နေတဲ့ နားကပ်တွေဟာ လိုက်ဖက်မှုရှိတယ်လို့ ထင်လား

ရှေးခေတ်က လူကြီးတွေက မိန်းကလေးဆိုရင် နားပေါက်ဟောင်းလောင်းနဲ့ မနေရဘူးဆိုပြီး ပြောတာ ကြားဖူးကြမှာပါ။ အဲ့ဒီ်လို ပြောတာကိုကြည့်ပြီး မိန်းကလေးတွေအတွက် နားကပ်ဟာ ဘယ်လောက်တောင် မရှိမဖြစ် အရေးပါလဲဆိုတာကို သိသာစေပါတယ်။ အရေးပါလို့ နားကပ်ကို ဝတ်ဆင်တဲ့အခါမျိုးနဲ့ စတိုင်လ်ကျလှပချင်လို့ ဝတ်ဆင်တဲ့အခါမျိုးမှာ ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်မှုရှိတဲ့ နားကပ်မျိုးကို ဝတ်ဆင်တတ်မှ အထာကျ မိမိုက်သွားကာ ကိုယ်ရဲ့နဂိုရှိရင်းစွဲအလှကို ပေါ်လွင်စေမှာပါ။ ဒါ့ကြောင့်မို့ ဘယ်လိုမျက်နှာကျမျိုးဆို ဘယ်လိုပုံစံမျိုးလေးတွေ ဝတ်သင့်ပြီး ဘယ်လိုပုံစံမျိုးလေးတွေ မဝတ်သင့်ဘူးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လေးထောင့်မျက်နှာကျပိုင်ရှင်တွေ


လေးထောင့်မျက်နှာကျဆိုတာ နဖူးကနေ မေးစေ့အထိ အကွာအဝေးဟာ ပါးပြင်ကြား အကွာအဝေးနဲ့ တူညီနေတာမျိုးကို ခေါ်တာပါ။ ဒီလိုမျက်နှာကျ ရှိတဲ့သူတွေက မေရိုးပေါ်ကို ကျနေတဲ့ နားဆွဲရှည်ရှည်လေးတွေ၊ ထောင့်ချွန်းလေးတွေပါတဲ့ နားဆွဲလေးတွေကို မဝတ်ဆင်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုဝတ်ဆင်ခြင်းဟာ လေးထောင့်ကျကျ မေးရိုးလေးတွေကို ပိုပေါ်လွင်စေလို့ ဖြစ်ပါတယ်။ ဘယ်လိုအမျိုးအစား နားကွင်းကြီးကြီးလေးတွေကိုမဆို ရွေးချယ်ဝတ်ဆင်လို့ ရပါတယ်။ လေးထောင့်မျက်နှာကျပိုင်ရှင်လေးတွေနဲ့ ရွှေနားကွင်းလေးတွေဟာ အလိုက်ဖက်ဆုံးပါပဲ။ဘာကြောင့်လဲဆိုတော့ ရွှေနားကွင်းလေးတွေဟာ ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျစေလို့ပါ။ ရှည်ရှည်မျောမျောနားဆွဲလေးတွေကို မဝတ်ဘဲမနေနိုင်လို့ ဝတ်မယ်ဆိုရင်လည်း မေးရိုးနား မရောက်တဲ့ ခပ်တိုတိုနားဆွဲလေးတွေကို ဝတ်ဆင်လို့ ရပါတယ်။

မျက်နှာဝိုင်းဝိုင်းပိုင်ရှင်လေးတွေ


မျက်နှာဝိုင်းဝိုင်းပိုင်ရှင်လေးတွေဆိုတာက မျက်နှာကျဟာ လုံးဝန်းနေပြီး သိသာထင်ရှားတဲ့ မေးရိုးတွေ မရှိတဲ့ ပုံစံမျိုးပါ။ ဒီလိုမျက်နှာကျတွေဟာ အဝိုင်းပုံစံ နားကွင်းလေးတွေကို ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာကျက အဝိုင်းပုံစံဖြစ်လို့ ဒီလိုနားကပ်တွေကို ဝတ်လိုက်ရင် ပိုလုံးဝန်းသွားစေလို့ပါ။ လေးထောင်ပုံနားကပ်လေးတွေ (သို့) ရှည်မျောမျော နားကပ်လေးတွေကို ရွေးချယ်ပြီး ဝတ်ဆင်ပေးရင် ဝိုင်းနေတဲ့ မျက်နှာကျကို သိပ်မသိသာစေတော့ပါဘူး။ နားဆွဲလေးတွေ ဝတ်မယ်ဆိုရင်လည်း တော်တော်လေးရှည်တဲ့ နားဆွဲမျိုးလေးတွေကို ဝတ်ပေးလို့ရပါတယ်။ တော်တော်လေးရှည်တဲ့ နားဆွဲလေးတွေဟာ ဝိုင်းနေတဲ့ မျက်နှာကျကို လေးထောင့်လို့ ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးပေးနိုင်တဲ့အတွက်ကြောင့်ပါ။

ဘဲဥပုံမျက်နှာကျပိုင်ရှင်လေးတွေ


ဘဲဥပုံမျက်နှာကျဆိုတာ နဖူးကနေ မေးစေ့အထိ အကွာအဝေးဟာ ပါးပြင်အကြား အကွာအဝေးထက် ပိုရှည်တဲ့ မျက်နှာကျမျိုးကို ခေါ်ပါတယ်။ ဒီလိုမျက်နှာကျပိုင်ရှင်တွေဟာ တကယ်ကို ကံကောင်းတဲ့သူတွေ ဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ စွဲဆောင်မှုအရှိဆုံး မျက်နှာကျပိုင်ရှင်တွေ ဖြစ်တဲ့အတွက် ဘယ်လိုနားကပ်မျိုးကိုပဲဝတ်ဝတ် လိုက်ဖက်ကြလို့ ထူူးထူးထွေထွေကြီး ရှောင်ရှားပြီး ဝတ်စရာမလိုပါဘူး။ အလုပ်လုပ်တဲ့ အချိန်မျိုးမှာဆိုရင် ရိုးရိုးရှင်းရှင်းနားကပ်သေးသေးလေးတွေ ဝတ်ဆင်သင့်ပြီး ညဘက် Dinner တွေသွားတာမျိုးနဲ့ ချိန်းတွေ့တဲ့အခါမျိုးတွေမှာတော့ Statement Earring လေးတွေကို ဝတ်ဆင်ပေးလို့ ရပါတယ်။

အသည်းပုံမျက်နှာကျပိုင်ရှင်လေးတွေ


နားထင်နှစ်ဖက်အကြား အကွာအဝေးက နားထင်အောက်ဖက်က မျက်နှာအကွာအဝေးထက် ရှည်နေခဲ့ရင် အသည်းပုံမျက်နှာကျပိုင်ရှင်တွေလို့ ခေါ်ကြပါတယ်။ တြိဂံပြောင်းပြန်ပုံစံရှိတဲ့ နားကပ်တွေ၊ ပါးပါးရှည်ရှည်နားကပ်လေးတွေကို ဝတ်ဆင်ပေးရင် မျက်နှာနဲ့ လိုက်ဖက်ညီပြီး လှပပေါ်လွင်စေမှာပါ။ ဝိတ်ရှိတဲ့ နားကပ်လေးတွေကို ဝတ်ဆင်တဲ့အခါ မေးစေ့ရဲ့ အောက်မှာ ကျနေပြီး နားထင်အောက်ဖက်က မျက်နှာအကွာအဝေးရှည်နေတာကို သတိမထားမိအောင် ကူညီပေးပါလိမ့်မယ်။

စိန်တုံးပုံစံမျက်နှာကျပိုင်ရှင်လေးတွေ


စိန်တုံးပုံစံမျက်နှာကျပိုင်ရှင်ဆိုတာ နဖူးကျဉ်းပြီး ပါးပြင်ကြားအကွာအဝေးဟာ သိသိသာသာ ကျယ်ပြန့်နေတာမျိုးပါ။ ဒါ့အပြင် နဖူးကနေ နှာခေါင်းအထိ အကွာအဝေးက နှာခေါင်းကနေ မေးစေ့အထိ အကွာအဝေးနဲ့လည်း တူညီနေတဲ့ ပုံစံမျိုး ရှိပါတယ်။ ကြီးမားထူထဲပြီး ဘေးကို ကားတဲ့ နားကပ်မျိုးတွေဟာ မျက်နှာကို ဘေးဘက်ကို ပိုကားစေပြီး ရှည်မျောမျောဖြစ်စေလို့ မဝတ်ဘဲ ရှောင်ရှားသင့်ပါတယ်။ အဲဒီလို ကြီးမားထူထပ်တဲ့ နားကပ်မျိုးကို ဝတ်မယ့်အစား နားဆွဲလေးတွေကို ဝတ်ကြည့်ပါ။ နားဆွဲလေးတွေကို ဝတ်လိုက်ရင် မျက်နှာရဲ့အောက်ပိုင်းသေးတဲ့ အသွင်အပြင်ကို ဖုံးပေးသလို ဖြစ်သွားပြီး ခြုံငုံကြည့်လိုက်ရင် မျက်နှာအစိတ်အပိုင်းတွေဟာ ညီနေသလို ဖြစ်သွားစေပါတယ်။

ဒီလောက်ဆိုရင် ဘယ်လိုမျက်နှာကျပိုင်ရှင်တွေဟာ ဘယ်လိုနားကပ်မျိုးတွေကို ရွေးချယ်ဝတ်ဆင်ပြီး မိမိုက်အထာကျအောင် နေထိုင်ရမလဲဆိုတာကို ကောင်းကောင်းသိရှိသွားလောက်ပြီလို့ ထင်ပါတယ်။ အခုချိန်ကစပြီး ကိုယ်မျက်နှာကျနဲ့ လိုက်ဖက်တာလေးတွေကိုပဲ ဝတ်ဆင်ပြီး စတိုင်လ်ကျလှပတဲ့သူအဖြစ်ကို ပြောင်းလဲလိုက်ပါ။

H.H(Akhayar)