နွေရာသီခရီးစဉ်အဖြစ် ကမ်းခြေသွားမယ်ဆိုရင် ပြင်ဆင်ထားရမယ့် အချက်များ

နွေရာသီခရီးစဉ်အဖြစ် ကမ်းခြေသွားမယ်ဆိုရင် ပြင်ဆင်ထားရမယ့် အချက်များ

ကမ်းခြေဆိုတာကတော့ နွေ၊မိုး၊ဆောင်း ဘယ်အချိန်သွားသွား ပျော်ဖို့ ကောင်းတဲ့ နေရာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာတော့ နွေမှာဆို ပိုပြီး ကမ်းခြေသွားသလားထင်ရအောင် ဒီအချိန်ဆို ကမ်းခြေခရီးစဉ်တွေ စီစဉ်နေကြပြီ ဖြစ်ပါတယ်။ သင်္ကြန်လည်း လာတော့မှာမို့ တချို့ဆို သင်္ကြန်တွင်း ကမ်းခြေသွားဖို့တောင် စီစဉ်ပြီးလောက်ကြပါပြီ။ ဒါကြောင့် ကမ်းခြေသွားမယ်ဆိုရင် ဘာတွေ ကြိုပြင်ထားရမလဲ ပြောပြချင်ပါတယ်။

၁။ သဲမဝင်နိုင်တဲ့ အိတ်မျိုးကို ရွေးချယ်သုံးပါ၊ ကမ်းခြေမှာ သဲနဲ့ ဆော့ရတာ ပျော်စရာကောင်းပေမယ့် အိမ်ရောက်လို့ ပစ္စည်းတွေ ထုတ်ရင် သဲတွေ ထွက်ကျလာတာလောက် စိတ်ညစ်ဖို့ ကောင်းတာ မရှိပါဘူး။ နောက်တစ်ချက်က ရေထဲဆင်းမယ့် ဘောင်းဘီဆိုရင်လည်း အိတ်ကပ်မပါတဲ့ ဘောင်းဘီမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ မဟုတ်ရင် အိမ်ရောက်မှ သဲတွေ ပြန်ထုတ်ရတာလည်း တစ်လုပ်ပါပဲ။

၂။ သော့တွေမှာ ရေပေါ်ပေါ်စေတဲ့အရာ ဒါမှမဟုတ်ဖော့ဆို့စတာမျိုး တပ်ထားပါ။ မတော်တဆ အခန်းသော့ ၊ အိမ်သော့ ရေကူးရင်းပါလာလို့ ရေထဲကျရင် ရှာရလွယ်စေအောင်ပါ။

၃။ ဆေးအလုံအလောက်ထည့်ပါ၊ ကမ်းခြေသွားတယ်ဆိုတာ ကဲဖို့ သွားတာပါ။ ပင်လယ်စာတွေ စားမယ်၊ ရေကူးမယ်၊ စက်ဘီးစီးမယ်၊ ဘောလုံးကန်မယ်၊ ဒါတွေအားလုံးဟာ ထိခိုက်ရှနာ ဖြစ်ဖို့ လမ်းများသလို ပင်လယ်စာတွေကြောင့်လည်း အခန့်မသင့်ရင် ဗိုက်အောင့်ဗိုက်နာ ဖြစ်တတ်တဲ့အတွက် ဆေးတွေ ပြည့်ပြည့်စုံစုံယူသွားတာ အကောင်းဆုံးပါပဲ။

၄။ ခြေညှပ်ဖိနပ်တွေ ထည့်သွားပါ၊ ခရီးသွားတုန်း ရှိုးနဲ့မိုးနဲ့ ရှုးဖိနပ်စီးပြီး သွားမယ်ဆိုလည်း ခြေညှပ်ဖိနပ်တစ်စုံအပိုထည့်သွားရင် ကမ်းခြေမှာ ကောင်းကောင်းဖလန်းနိုင်မှာပါ။

၅။ ခေါင်းလျှော်ရည်အပြင် Conditioner ပါ ဆောင်သွားပါ။ နေဒဏ်နဲ့ ဆားရေတွေဟာ ဆံပင်ကို ပျက်စီးစေတဲ့အတွက် ဟိုတယ်ကပေးတဲ့ Conditioner ထက် ကိုယ်ကြိုက်တဲ့ တံဆိပ်ကို ယူသွားတာ ပိုကောင်းပါတယ်။

၆။ စာဖတ်ရတာ ကြိုက်ရင် စာအုပ်ယူသွားလို့ ရပါတယ်။ တချို့ခရီးသွားတွေဟာ ကမ်းခြေမှာ ကဲဖို့ သောင်းကျန်းဖို့ထက် ကမ်းခြေရှုခင်းကို ကြည့်ပြီး အနားယူချင်လို့ လာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အေးဆေးစာအုပ်ဖတ်ချင်ရင် ယူသွားပြီး ဖတ်သာ ဖတ်ပါ။

၇။ ညနေရေထွက်ကူးတာတွေ ပြီးရင်လည်း ညဘက်ဆက်ကဲဖို့ ပုလင်း၊ ဖဲထုပ်စတာတွေ သောက်တတ်ရင် သောက်တတ်သလို ပျော်တတ်ရင် ပျော်တတ်သလို ယူသွားရပါမယ်။

၈။ အရင်က ကမ်းခြေသွားရင် ဖုန်းရေစိုခံအိတ်မဝယ်ပေမယ့် ခုနောက်ပိုင်းမှာတော့ ဖုန်းရေစိုခံအိတ်လေးတွေပါ သယ်သွားဖို့သင့်ပါပြီ။ ဆားငန်ရေဟာ ရေထဲကျမှမဟုတ်ဘဲ ဒီတိုင်းလေး စိုသွားရင်တောင် ဖုန်းပျက်စီးဖို့ လွယ်ကူစေတဲ့အတွက် ဖြစ်ပါတယ်။

အခရာပရိသတ်ကြီးထဲမှာ သင်္ကြန်တွင်း ခရီးသွားမယ့်သူတွေ ရှိနေတာ သိပြီးသားမို့ ဘာတွေပြင်ဆင်ထားပြီလဲ သိချင်ပါသေးတယ်။

Yoe Lu (Akhayar)