အမူးလွန်နေတဲ့ သူငယ်ချင်းကို ဘယ်လိုထိန်းရမလဲ

အမူးလွန်နေတဲ့ သူငယ်ချင်းကို ဘယ်လိုထိန်းရမလဲ

မဟာသင်္ကြန်အတွင်းမှာဆိုတော့ ဘော်ဘော်တွေက သောက်ကြစားကြမယ် ထင်တယ်နော်။ ဟုတ်တယ် ဟုတ်။ အရက်ဆိုတာ “တန်ဆေး လွန်းဘေး” လို့ ပြောနေပေမယ့်လည်း “များရင် ဗဲရီးဂွဒ်” ဖြစ်တတ်တယ်။ သင်္ကြန်လည်နေတုန်းမှာ ကိုယ့်သူငယ်ချင်းဟာ အမူးလွန်နေတဲ့အခါ သူ့ကို ထိန်းနေရတာနဲ့ ကိုယ်လည်း မကဲခဲ့ရတဲ့အပတ်တွေလည်း ရှိမှာပါ။ အထူးသတိထားရမှာက အမူးလွန်တဲ့သူငယ်ချင်းကို ပိုပြီးဂရုစိုက်ပေးပါ။ အမူးလွန်တဲ့သူငယ်ချင်းကို အမြန်အမူးပြေသွားအောင် ဘယ်လိုပြုစုရမယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ ဆက်မသောက်စေနဲ့။
လူတစ်ယောက်ဟာ အရမ်းမူးနေတဲ့အခါ သူ့စိတ်ထဲမှာ ဆက်သောက်ချင်စိတ်ပဲ ဖြစ်လာတယ်၊ ဘယ်တော့မှ နောက်မဆုတ်တော့ဘူး (ဟီး ကိုယ်တွေ့)။ အဲဒီအချိန်မှာ ကိုယ့်အနေနဲ့ သူ့ကို အရက်ဆက်မသောက်စေပါနဲ့။ “ပိုက်ဆံကုန်ပြီ၊ အရက်ကုန်ပြီ” လို့ပြောပြီးတော့ ထိန်းထားလိုက်ပါ။

၂။ တစ်ခုခုကျွေးလိုက်။
မူးနေတဲ့ သူငယ်ချင်းကို အရက်ဝိုင်းကခေါ်လာပြီး ပါလာတဲ့မုန့်တစ်ခုခုကို ကျွေးလိုက်ပါ။ ဗိုက်ထဲမှာ အစာမရှိဘဲ အရက်တွေသောက်နေတဲ့အခါ အစာအိမ်ထဲက အရက်တွေကို စုတ်ယူနိုင်မှာ မဟုတ်တဲ့အတွက် ပိုမူးစေပါတယ်။ အဲဒီတော့ မုန့်တစ်ခုခု စားလိုက်ရင် အစာအိမ်ထဲက အရက်တွေက မုန့်က စုတ်ယူလိုက်လို့ အမူးပြေသက်သာစေပါတယ်။

၃။ ရေတိုက်ပါ။
အရက်သောက်ထားရင် ရေဆာတတ်တဲ့သဘောရှိတာမို့ အမူးလွန်နေတဲ့သူကို ရေတစ်ခွက်လောက် တိုက်ပစ်။ အများကြီး တိုက်မိရင်လည်း အဆင်မပြေပါဘူး။ ရေသောက်လိုက်ရင် မူးနေတဲ့အရှိန်လည်း အနည်းငယ်လျော့ကျနိုင်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုလည်း ဖြည့်တင်းပြီးသားဖြစ်နေပါတယ်။ ရေမသောက်ချင်ရင်လည်း လီမွန်တီးပဲဖြစ်ဖြစ် သံပရာရည်ပဲဖြစ်ဖြစ် သောက်ပါ။

၄။ ကော်ဖီတိုက်ပစ်။
ကဖိန်းဓာတ်များတဲ့ ကော်ဖီတွေက အရက်အရှိန်ကို လျော့ကျစေပါတယ်။ ကော်ဖီကလည်း အရက်လို ရေဆာစေတဲ့အတွက် ကော်ဖီမသောက်ခင် ရေသောက်ထားဖို့ အကြံပြုပါရစေ။ တအားမူးလာပြီဆို ကော်ဖီခါးခါးသောက်လိုက်တာက လန်းဆန်းစေမှာပါ။ တစ်ခုသတိထားရမှာက အရက်ခွက်ထဲမှာ ဆေးလိပ်ပြာမဝင်မိပါစေနဲ့။

၅။ ရေချိုးခိုင်းလိုက်။
တအားမူးလာတဲ့သူက ရေချိုးပေးလိုက်တာက အမူးပြေစေပါတယ်။ ဒါမှမဟုတ်ရင်လည်း သင်္ကြန်ရေသာ လောင်းပေးလိုက်။ ခန္ဓာကိုယ်နဲ့ရေအေး ထိတွေ့လိုက်တဲ့အခါ အရက်ရှိန်တွေ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ၁၅မိနစ်ထက် ပိုမချိုးပါနဲ့။ ပျို့အန်နေတဲ့အခါ ခန္ဓာကိုယ်အပူချိန်က ပုံမှန်ထက် လျော့နည်းနေတဲ့အတွက် ရေမချိုးပါနဲ့။

၆။ အိပ်ခိုင်းလိုက်။
သင်္ကြန်တွင်းမှာ တအားအမူးလွန်နေတဲ့သူတစ်ယောက်ကို ဆက်မကဲခိုင်းတော့ဘဲနဲ့ အိမ်ပြန်လိုက်ပို့ပြီး အိပ်ယာပေါ် သိပ်လိုက်တာ အကောင်းဆုံးပါ။ အိပ်ခိုင်းမယ်ဆိုရင်လည်း စောင်ကို လုံလုံခြုံခြုံ ပတ်ပေးထားပါ။ ပန်ကာ (သို့) အဲယားကွန်း လုံးဝ (လုံးဝ) မဖွင့်ပါစေနဲ့။ အနည်းဆုံးအိပ်ချိန် ၇နာရီရှိနေပါစေ။

ကဲ . . . . သင်္ကြန်တုန်းမှာ အလန်းဇယားကဲနိုင်ဖို့အတွက် အမူးအမြန်ဖြေနည်းကို ဖော်ပြပေးတာပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့မဟာသင်္ကြန်မှာ အလန်းဆုံးကဲနိုင်ပါစေလို့ Akhayar Team က တောင်းဆုချွေလိုက်ပါတယ်။

ကျော်စိုးအောင် (အခရာ)