နှစ်လယ်ရောက်တိုင်း Amazon က ထုတ်ပြန်လေ့ရှိတဲ့ အကောင်းဆုံး စာအုပ် (၁၀) အုပ်

နှစ်လယ်ရောက်တိုင်း Amazon က ထုတ်ပြန်လေ့ရှိတဲ့ အကောင်းဆုံး စာအုပ် (၁၀) အုပ်

ဒီတစ်ခါမှာတော့ အခရာက စာဖတ်ဝါသနာပါတဲ့ပရိသတ်ကြီးအတွက် Amazon က ရွေးချယ်ပေးလိုက်တဲ့ ၂၀၁၉ ရဲ့ အကောင်းဆုံး စာအုပ် (၁၀) အုပ်စာရင်းကို ဖော်ပြပေးချင်ပါတယ်။ Amazon က နှစ်စဉ်နှစ်တိုင်း ဇွန်လမှာ The Best Books of the Year So Far ဆိုတဲ့ ခေါင်းစဉ်နဲ့တစ်ခါ၊  ဒီဇင်ဘာလမှာ The Best Books of the Year ဆိုပြီး စုစုပေါင်း နှစ်ကြိမ် ထုတ်ပြန်လေ့ရှိပါတယ်။

ကဲ The Best Books of the Year So Far ခေါင်းစဉ်အောက်က ရွေးချယ်ခံရတဲ့ စာအုပ်စာရင်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

(၁) စာအုပ်အမည် – City of Girls
စာရေးဆရာ – Elizabeth Gilbert

စာရေးဆရာ Elizabeth Gilbert ရဲ့ ဒီစာအုပ်ကတော့ ၁၉၄၀ ခုနှစ်တွေတုန်းက နယူးယောက်မြို့ရဲ့  ပြဇာတ်အသိုင်းအဝိုင်းနဲ့ ချိတ်ဆက်ပြီး ရေးသားထားတာပါ။ အဲ့အချိန်တွေတုန်းက နယူးယောက်မြို့ကြီးမှာ စိတ်လှုပ်ရှားစရာတွေ၊ သာယာမှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့ အသက် ၁၉ နှစ်အရွယ် ကောင်မလေးတစ်ယောက်အကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။

(၂) စာအုပ်အမည် – The Silent Patient
စာရေးဆရာ – Alex Michaelides

ဒီစာအုပ်မှာတော့ နာမည်ကျော်ပန်းချီရေးသူတစ်ယောက်ဖြစ်ရာကနေ အိမ်ရှင်မဖြစ်သွားသူ Alicia ကိုတွေ့ရမှာပါ။ သူဟာ ခင်ပွန်းဖြစ်သူကို သေနတ်နဲ့ပစ်သတ်ပြီးတဲ့နာက်ပိုင်းမှာ ဘာစကားမှ မပြောတော့ပါဘူး။ Theo လို့ အမည်ရတဲ့ ဆရာဝန်တစ်ယောက်က သူဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကို လိုက်ရှာနေတဲ့အကြောင်းကို စာဖတ်သူတွေ စိတ်ဝင်စားအောင် ရေးပြထားတာဖြစ်ပါတယ်။

(၃) စာအုပ်အမည် – Once More We Saw Stars: A Memoir
စာရေးဆရာ – Jayson Greene

မတော်တဆမှုကြောင့် သေသွားရတဲ့ (၂) နှစ်အရွယ် သမီးလေးကို ဆုံးရှုံးပြီးချိန်မှာတော့ Jayson Greene တစ်ယောက် သူ့ရဲ့အိမ်ထောင်ရှင်ဘဝနဲ့ မိဘကောင်းတစ်ယောက်ဖြစ်လာဖို့အရေး ပြန်ရှာဖွေတာကို ရေးပြထားတာမို့ အိမ်ထောင်ရှင်တွေနဲ့ ဖခင်တွေ ဖတ်မယ်ဆိုရင် ဖတ်လို့မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။

(၄) စာအုပ်အမည် – Mrs. Everything
စာရေးဆရာ – Jennifer Weiner

Mrs. Everything ကတော့ Jo နဲ့ Bethie တို့ကြားထဲကဆိုတော့ မောင်နှမထဲမှာအလတ်ပေါ့။ သူတို့ကလေးဘဝအစ ၁၉၅၀ လောက်တုန်းက Detroit မြို့ကို ပြောင်းလာပြီးတဲ့အချိန်ကစပြီး သူတို့ဖြတ်သန်းလာခဲ့တဲ့ ဘဝအသက်အရွယ်အပိုင်းအခြားတွေမှာ ရခဲ့တဲ့ Traumas တွေ၊ အောင်မြင်တာတွေစတဲ့ ဘဝအနိမ့်အမြင့်တွေအကြောင်းကို ဖတ်ရှုရမှာဖြစ်ပါတယ်။

(၅) စာအုပ်အမည် – The Night Tiger
စာရေးဆရာ – Yangsze Choo

ဒီစာအုပ်ကတော့ မလေးရှားနိုင်ငံရဲ့ ၁၉၃၀ ခုနှစ်တွေကို အခြေခံပြီးရေးထားပါတယ်။ ထူးဆန်းတဲ့သေဆုံးမှုတွေကို လိုက်လံဖြေရှင်းတဲ့ ပုံစံနဲ့ရေးထားတဲ့ ဒီစာအုပ်ဟာ မှုခင်းဆန်ဆန်ဖတ်ရတာ ကြိုက်သူတွေအတွက်တော့ ကွက်တိဖြစ်ပါလိမ့်မယ်။

(၆) စာအုပ်အမည် – Daisy Jones & The Six
စာရေးဆရာ – Taylor Jenkins Reid

စာအုပ်နာမည်ကြည့်လိုက်တာနဲ့ Band တစ်ခုဟုတ်ရင် ဟုတ်၊ မဟုတ်ရင် ဆိုင်တစ်ဆိုင်ရဲ့ နာမည်လို့ တွေးလိုက်မိမယ် ထင်ပါတယ်။ ဟုတ်ပါတယ် ဒီစာအုပ်ကတော့ စာရေးသူနာမည်ပေးထားတဲ့ Daisy Jones & The Six Rock Rock Band အကြောင်း စိတ်ကူးဇာတ်အိမ်တည်ပြီး ရေးထားတာပါ။ ၁၉၇၀ ခုနှစ်အချိန်တွေကို အခြေခံပြီး ရေးဖွဲ့ထားပါတယ်။

(၇) စာအုပ်အမည် – Underland: A Deep Time Journey
စာရေးဆရာ – Robert Macfarlane

Robert Macfarlane ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ကမ္ဘာ့မြေမျက်နှာပြင်အောက်ခြေမှာ တည်ရှိတဲ့ အကြောင်းအရာတချို့တွေကို စူးစမ်းဖော်ထုတ်တဲ့အကြောင်း ရေးထားတာမို့ သုတေသနပြုတာတွေ၊ ရှာဖွေဖော်ထုတ်တဲ့အကြောင်းအရာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

(၈) စာအုပ်အမည် – The Unwinding of the Miracle: A Memoir of Life, Death, and Everything That Comes After
စာရေးဆရာ – Julie Yip-Williams
ဆရာမ Julie Yip Williams က သူ့ဘဝအကြောင်းရေးထားတဲ့ ဒီစာအုပ်မှာတော့ သူမွေးကာစ ဗီယက်နမ်မှာ မတည်မငြိမ်ဖြစ်ခဲ့တဲ့အချိန်ကစပြီး ဟားဗတ်ရောက်တဲ့အချိန်ထိ ဖြစ်ပျက်ခဲ့တဲ့ သူ့ဘဝ အစိတ်အပိုင်းတွေကို ရေးဖွဲ့ထားတာပါ။ ဒါ့အပြင် သူ့အသက် ၃၇ နှစ်မှာ စခံစားခဲ့ရတဲ့ ကင်ဆာရောဂါအကြောင်းကိုလည်း သေသေချာချာလေး ရေးထားပါသေးတယ်။ သူမကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လ အသက် (၄၂)  အရွယ်မှာပဲ အူမကြီးကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။

(၉) စာအုပ်အမည် – Save Me the Plums: My Gourmet Memoir
စာရေးဆရာ – Ruth Reichl

စားဖိုမှူးတစ်ယောက်လည်းဖြစ် အစားအစာနဲ့ပတ်သက်ပြီး စာရေးသူလည်းဖြစ်တဲ့ Rhth Reichl က ဒီစာအုပ်မှာ သူမကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အကြောင်းအရာတွေကို ဒီစာအုပ်မှာ ရေးသားဝေမျှထားပါတယ်။

(၁၀) စာအုပ်အမည် – Cari Mora
စာရေးဆရာ – Thomas Harris

ဒီစာရေးဆရာကတော့ တခြားသူတော့ မဟုတ်ပါဘူး။ နာမည်ကြီး Silence of the Lambs ဆိုတဲ့ စာအုပ်ကို ရေးသားသူပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ အပေါ်ကအကြောင်းအရာတွေလို စာရေးသူရဲ့ ကိုယ်တိုင်ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို ရေးထားတာမျိုး မဟုတ်ဘဲ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် ရေးဖွဲ့ထားတဲ့ ကိုလံဘီယာနိုင်ငံကနေ US ကို ရွေ့ပြောင်းနေထိုင်သူဖြစ်တဲ့ Cari Mora ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတာပါ။

အခရာပရိသတ်ကြီးရော ဒီထဲက ဘယ်စာအုပ်ကို ဖတ်ပြီးသွားပြီလဲ။

Reference & Photo Credit: Bustle

NSC (Akhayar)