4G ထက်ပိုမိုဆန်းသစ်ပြီး 5G အသွား ခရီးလမ်းကို ပံ့ပိုးနေတဲ့ 4.5G

4G ထက်ပိုမိုဆန်းသစ်ပြီး 5G အသွား ခရီးလမ်းကို ပံ့ပိုးနေတဲ့ 4.5G

အခုနောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်သွယ်ကြဖို့ အသုံးပြုရာမှာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေနဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေ ပိုမိုများပြားလာပြီး ပိုတွင်ကျယ်လာပါတယ်။ ဒီလိုတစ်ဖြည်းဖြည်း အသွင်ပြောင်းလဲလာတဲ့ ဆက်သွယ်ရေးနဲ့ဒေတာ အသုံးပြုမှု အလေ့အထတွေအတွက် ကွန်ရက်ပံ့ပိုးမှုကလည်း လူနေမှုဘဝတွေကို အဆင့်တန်းမြင့်မားစေပြီး အရေးကြီးတဲ့နေရာ တစ်နေရာကနေပါဝင်နေပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာဆိုရင်တော့ 3G နဲ့ 4G ကွန်ရက်တွေကို တွင်တွင်ကျယ်ကျယ် သုံးနေကြပြီး 4G+ နဲ့ 4.5G ကွန်ရက်တွေအနေနဲ့ အဆင့်မြှင့်တင်ပြီး 5G ကွန်ရက်ဆီကို ဦးတည်ပြီး ပြောင်းလဲနေကြပါတယ်။ ဘာတွေကွာသလဲဆိုရင် ကွန်ရက်အသုံးပြုတဲ့အခါမှာ 4G ၊ 4G+ နဲ့ 4.5G တို့ရဲ့ လုပ်ဆောင်မှုများအလိုက် အကျိုးသက်ရောက်ပုံခြင်းလည်း မတူပါဘူး။ ဒီတော့ ဒေတာ ကွန်ရက်တွေဖြစ်တဲ့ 4G ၊ 4G+ နဲ့ 4.5G တို့ရဲ့ ကွာခြားပုံတွေကို အရင်ဆုံး ရှင်းပြချင်ပါတယ်။

4G နည်းပညာရဲ့အကျိုးကျေးဇူးကတော့ အားလုံးသိကြတဲ့အတိုင်း 3G နဲ့ယှဉ်ရင် အင်တာနက်အမြန်နှုန်းအများကြီး ပိုကောင်းလာပါတယ်။ Online ပေါ်ကနေ တိုက်ရိုက် HD quality video တွေကြည့်တာပဲဖြစ်ဖြစ်၊ သီချင်းနားထောင်တာပဲဖြစ်ဖြစ် 4G ကွန်ရက်ကို အသုံးပြုတာက Loading လုပ်တဲ့အချိန်ကိုလည်း ပိုလျော့နည်းစေပြီး လိုင်းထစ်တာတွေလည်း နည်းသွားစေပါတယ်။4G+ နဲ့ 4.5G ကတော့ 4G ကို အဆင့်မြှင့်ထားတဲ့ ကွန်ရက်တွေပဲ ဖြစ်ပါတယ်။ 4G+ ကို 4G LTE လို့လည်း ခေါ်ဝေါ် ကြပြီး 4.5G ကတော့ 4G+ ထက် ပိုမိုကောင်းမွန်မြန်ဆန်တဲ့ ဗားရှင်းအသစ် ဖြစ်ပါတယ်။ တစ်စက္ကန့်မှာ 4G ကွန်ရက်က 100Mbps ရှိတဲ့အချိန်မှာ 4G+ ကွန်ရက်က 1Gbps ကျော်ကျော်ရှိနိုင်ပါတယ်။ နောက်ပြီး 4G+ နည်းပညာက မိုဘိုင်းအင်တာနက်အသုံးပြုမှု များတဲ့အချိန်တွေမှာဆိုရင် ကွန်ရက်ရဲ့အမြန်နှုန်းလိုင်းအားကို ပိုမိုတည်ငြိမ်စေဖို့ အသားပေးပြီး ဒီဇိုင်းရေးဆွဲထားတာကြောင့် အသုံးပြုသူတွေအတွက် အများကြီးပိုအဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။ ပြင်သစ်အခြေစိုက် လူသိများတဲ့ Website တစ်ခုကို ကိုယ်တိုင် ဝင်ရောက်လေ့လာပြီး အခုလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ MPT ၊ Telenor ၊ Ooredoo နဲ့ Mytel စတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေက ဘယ်နေရာတွေမှာ 4G ကွန်ရက်ကို ရနေပြီး၊ 4G+ကွန်ရက်ကို ရနေလဲဆိုတာကို ကိုယ်တိုင် ဝင်ကြည့်လို့ရပါတယ်။ ဒီ Website မှာဆိုရင် အော်ပရေတာအကုန်ကို နေရာဒေသအလိုက်ခွဲ ကြည့်လို့လည်းရပါတယ်။

အသေးစိတ်သိလိုရင်တော့ ဒီ Link ထဲဝင်ကြည့်ပြီး https://www.nperf.com/en/map/MM/-/-/signal/?ll=19.34388685108229&lg=96.685&zoom=5 အသုံးပြုသူတွေအနေနဲ့ ပိုအဆင်ပြေစေပြီး ပိုအကျိုးရှိစေဖို့ ကိုယ်နေနေတဲ့နေရာပေါ်မူတည်ပြီး ဘယ်ဆက်သွယ်ရေးအော်ပရေတာက လိုင်းအကောင်းဆုံးဖြစ်မလဲ ဆိုတာကို စဉ်းစားရွေးချယ်နိုင်ပါတယ်။
ဒီ Website ထဲဝင်ကြည့်ပြီး လေ့လာတွေ့ရှိထားတာကတော့ တချို့ အော်ပရေတာတွေက 3G ကို ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံအန့ှံ ဖြန့်ကြက်ထားနိုင်ပြီး 4G နဲ့ 4G+ မှာတော့ အားနည်းတာတွေ့ ရပါတယ်။ အော်ပရေတာတချို့ ဆိုရင် မြို့ ပြကြီးတွေမှာ 4G ကို အဓိက ထားပြီး 4G+ ကိုတော့ မြို့ ငယ်လေးတွေမှာ ဖြန့်ကျက်ထားတာ တွေ့ရပါတယ်။ နောက်ဆုံးမှ ဝင်ရောက်လာတဲ့ အော်ပရေတာကတော့ 5G ကို တချို့နေရာများမှာ ရရှိနေတာ တွေ့ရပြီး 4G+ (သို့) 4.5G ကို တစ်နိုင်ငံလုံး အနှံ့ ဖြန့်ကျက်ထားနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒေတာကွန်ရက် 5G ကို အသွားခရီးလမ်းမှာ ဘယ်အော်ပရေတာတွေ ဘယ်လို ခရီးပေါက်နေပြီဆိုတာ လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Photo Credited to Google