ကမ္ဘာတစ်ဝှမ်းမှ ထူးထူးဆန်းဆန်းသတ်မှတ်ထားတဲ့ ဓလေ့ထုံးတမ်းစည်းမျဉ်းများ

ကမ္ဘာတစ်ဝှမ်းမှ ထူးထူးဆန်းဆန်းသတ်မှတ်ထားတဲ့ ဓလေ့ထုံးတမ်းစည်းမျဉ်းများ

တစ်စုံတစ်ယောက်နဲ့ တွေ့တဲ့အခါ လက်ဆွဲနှုတ်ဆက်တာဟာ ယဉ်ကျေးတဲ့ အမူအရာဖြစ်ပေမယ့် နိုင်ငံတိုင်းမှာတော့ ဒီလိုမျိုး ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ Russia မှာဆိုရင်တော့ တံခါးဝမှာ ဘယ်တော့မှ လက်ဆွဲပြီး နှုတ်ဆက်လေ့မရှိဘဲ အရင်ဆုံး အခန်းထဲကို အရင်ဝင်ပြီးမှ (သို့မဟုတ်) တခြားလူတစ်ဦး အခန်းထဲကို ရောက်ရှိလာတဲ့အထိ စောင့်ကြပါတယ်။ သူတို့ဟာ ဘာကြောင့် အိမ်တံခါးမှာ လက်ဆွဲမနှုတ်ဆက်ကြတာလဲဆိုတော့ အိမ်ဝင်ပေါက်မှာ အိမ်စောင့်တစ္ဆေတွေရှိတဲ့အတွက် လက်ဆွဲနှုတ်ဆက်ရင် ကံမကောင်းဖြစ်တတ်တယ်ဆိုပြီး ယူဆကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

အဲဒီလိုမျိုး ကွဲပြားတဲ့ ကမ္ဘာတစ်ဝှမ်းမှ ထူးဆန်းတဲ့ စည်းမျဉ်း ဓလေ့ထုံးတမ်းတွေ အများကြီးရှိတဲ့အတွက် ဒီစည်းမျဉ်းတွေထဲက တချို့ကို ဖော်ပြပေးချင်ပါတယ်။

အီတလီ
တချို့နိုင်ငံတွေမှာ စားသောက်ဆိုင်ကို ဝင်ရင် အမျိုးသမီးတွေကို ဦးစားပေးတဲ့အနေနဲ့ အရင်ပေးဝင်တာက ယဉ်ကျေးတယ်လို့ ယူဆကြပေမယ့် အီတလီမှာတော့ အဲဒီလိုမျိုးမဟုတ်ပါဘူး။ ပထမဦးဆုံး အမျိုးသားတစ်ဦးနဲ့ ဧည့်ခံကျွေးမွေးမယ့်သူတစ်ဦး အရင်ဝယ်ကာ စားပွဲနေရာယူရမှာ ဖြစ်ပါတယ်။

အိန္ဒိယ
အိန္ဒိယမှာဆိုရင် ဘယ်လက်နဲ့ စားခြင်းကို ရှောင်ရှားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လက်ဟာ အိမ်သာတက်တဲ့အခါမှာ သုတ်ဖို့အတွက် အသုံးပြုကြတာဖြစ်လို့  စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်ဆိုပြီး လက်ခံထားကြတာ ဖြစ်ပါတယ်။ ဒီခံယူချက်ကို အိန္ဒိယတစ်နိုင်ငံတည်း ခံယူထားတာမဟုတ်ဘဲ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့ကလည်း ဒီအတိုင်းပဲ ခံယူထားကြပါတယ်။

ချီလီ
အမေရိကန်နိုင်ငံက အစားအစာတွေကို လက်နဲ့စားရင် ဒဏ်ငွေရိုက်တာမျိုးတွေ ရှိပေမယ့်  တချို့နိုင်ငံတွေကတော့ လက်နဲ့စားတာကို အားပေးကြပါတယ်။ ဒါပေမယ့် ချီလီမှာဆိုရင်တော့ ဘာပဲစားစား ဓားနဲ့ခက်ရင်းနဲ့ စားရမယ်ဆိုပြီး ကျင့်ဝတ်ထုံးတမ်းတွေ ထားရှိပါတယ်။

ကိုရီးယား
ကိုရီးယားမှာ အသက်အရွယ်ကြီးတဲ့လူက သောက်စရာပေးရင် လက်ခံတဲ့သူက လက်နှစ်ဖက်နဲ့ယူတာက ယဉ်ကျေးမှုဖြစ်ပြီး ပထမဆုံးသောက်တဲ့အခါမှာလည်း ခွက်ကိုယူပြီး ခေါင်းကို ဘေးတစ်ဘက်စောင်းကာ ဖြည်းဖြည်းချင်းသောက်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပြီးသောက်သုံးတာက အသက်အရွယ်ကြီးတဲ့လူအပေါ် လေးစားမှုနဲ့ ရိုသေမှုကို ပြတာ ဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်လည်း ထမင်းစားရင် လူကြီးမစားခင် အရင်စားရင် လူကြီးကို ဦးချတဲ့အနေနဲ့ အရင်ဖယ်ထားပေးတာမျိုး၊ လူကြီးတွေရှေ့မှာ လမ်းလျှောက်ရင် ခေါင်းငုံ့ပြီးလျှောက်တာမျိုး အစရှိတဲ့ ယဉ်ကျေးမှုတွေကို လိုက်နာကြရပါတယ်။ကိုယ်နိုင်ငံမှာလည်း ကိုယ်ပိုင်စည်းမျဉ်းတွေကို လေးလေးစားစား တန်ဖိုးထားပြီး လိုက်နာကြတယ်ဆိုရင် သူများနိုင်ငံသွားတဲ့အခါမှာလည်း သူများနိုင်ငံက သတ်မှတ်ထားတဲ့ ဓလေ့ထုံးတမ်း၊စည်းမျဉ်းတွေကို ရိုရိုသေသေလိုက်နာပြီး နိုင်ငံကြီးသား ပီသတဲ့ မြန်မာနိုင်ငံသားတွေအဖြစ် ဂုဏ်ယူရအောင် လုပ်ဆောင်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)