Boeing 737 MAX 8 လေယာဉ်တွေကို တားမြစ်ပိတ်ပင်လိုက်တဲ့ နိုင်ငံပေါင်း ၅၀ နိုင်ငံ ရှိလာပါပြီ

Boeing 737 MAX 8 လေယာဉ်တွေကို တားမြစ်ပိတ်ပင်လိုက်တဲ့ နိုင်ငံပေါင်း ၅၀ နိုင်ငံ ရှိလာပါပြီ

မက္ကဆီကိုနိုင်ငံဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေပိုင်းက Boeing 737 MAX 8 လေယာဉ်တွေ သူ့လေပိုင်နက်ထဲ ပျံသန်းတာကို ပိတ်ပင်ကြေညာချက်ထုတ်လိုက်တဲ့အတွက် Boeing 737 MAX 8 လေယာဉ်တွေကို တားမြစ်ပိတ်ပင်တဲ့ ၅၀ ခုမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ပြောကြားချက်အရ “ဒီလေယာဉ်တွေရဲ့ စိတ်ချယုံကြည်ရမှုကို အာမခံမပေးနိုင်မချင်း” မက္ကဆီကို လေပိုင်နက်ထဲ ပျံသန်းမှုကို တားမြစ်ပိတ်ပင်ထားမယ်လို့ ဖော်ပြထားပါတယ်။

ဒီကြေညာချက်ဟာ အမေရိကန်နိုင်ငံသမ္မတ Donald Trump ရဲ့ Boeing 737 MAX 8 နဲ့ 737 MAX 9 တွေ ပျံသန်းပြေးဆွဲခြင်းကို တားမြစ်ပိတ်ပင်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာချက်ထွက်အပြီးမှာ လိုက်ထွက်လာတဲ့ ကြေညာချက်ဖြစ်ပါတယ်။

ပျက်ကျခဲ့တဲ့ Ethiopian Airlines Flight 302 ရဲ့ Black Box တွေကို စုံစမ်းစစ်ဆေးရေးအတွက် ပါရီမြို့ကို ဒီနေ့မနက်ပဲ ပို့လိုက်ပြီဖြစ်ပြီး French Bureau of Enquiry and Analysis for Civil Aviation Safety (BEA) က ဒီစုံစမ်းမှုကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ စစ်ဆေးမှုရလဒ်တွေကိုတော့ သူတို့ဘက်ကနေ ကြေညာမှာမဟုတ်ဘဲ Ethiopian အာဏာပိုင်တွေက ကြေညာမှာ ဖြစ်တယ်လို့ BEA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားခဲ့ပါတယ်။

ဒီပျက်ကျမှုရဲ့ အကျိုးဆက်အနေနဲ့ 737 MAX လေယာဉ်တွေကို တားမြစ်လိုက်တာကြောင့် Boeing ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်း ၃% လောက် ချက်ချင်းထိုးကျသွားခဲ့ပါတယ်။

ဒါတင်မဟုတ်ဘဲ Ethiopian Airlines လေယာဉ်ပျက်ကျမှုဖြစ်ပြီးတည်းက Boeing ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ၁၀% ကျော်ဆုံးရှုံးသွားပြီး ကုမ္ပဏီ ဈေးကွက်တန်ဖိုးရဲ့ ဒေါ်လာ ၂၅ ဘီလီယံကျော်လောက် နှုတ်ပယ်ခံလိုက်ရသလို ဖြစ်သွားစေပါတယ်။

Yoe Lu (Akhayar)

Source : bbc.com