ပညာရပ်တွေကို အခမဲ့ ဒါမဟုတ် ဈေးနှုန်းချိုချိုနဲ့ လေ့လာနိုင်တဲ့ အွန်လိုင်းသင်တန်း (၆) ခု

ပညာရပ်တွေကို အခမဲ့ ဒါမဟုတ် ဈေးနှုန်းချိုချိုနဲ့ လေ့လာနိုင်တဲ့ အွန်လိုင်းသင်တန်း (၆) ခု

တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ပညာရပ်အသစ်တွေကို လေ့လာနိုင်ကာမှ တော်ကာကျမှာပါ။ အလုပ်ကိုပဲ နင်းကန်လုပ်နေမယ်၊ ဝမ်းစာဖြည့်ဖို့ စိတ်မကူးတော့ဘူးဆိုရင် အပင်ပဲ ခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေတဲ့ သစ်ခုတ်သမားလို ဖြစ်နေမှာပါပဲ။ တကယ်လို့ ပညာရပ်ကို သင်ယူဖို့ စိတ်ဝင်စားပေမယ့် တကူးတက သင်တန်းတက်ဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် အွန်လိုင်းကနေ အလွယ်တကူ သင်ကြားနိုင်မယ့် သင်တန်းတွေကို လမ်းညွှန်ပေးသွားမှာပါ။

တချို့ သင်ခန်းစာတွေဟာ အခမဲ့ဖြစ်ပြီး တချို့ ကိုတော့ ဈေးနှုန်းချိုချိုနဲ့ သင်ယူနိုင်မှာပါ။ အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် အဓိကလိုအပ်တာတွေက သင်ယူလိုစိတ်၊ အင်္ဂလိပ်စာအရည်အသွေး၊ အင်တာနက်လိုင်း၊ စမတ်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာနဲ့ Master/Visa Card ပါပဲ။ အလှကုန်ပစ္စည်းဖိုးနဲ့ ဘီယာဖိုးတွေကို လျှော့သုံးပြီး ကိုယ့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အခုဆောင်းပါးက အသုံးဝင်မှာပါ။

(၁) Udemy
Udemy ကတော့ သင်ခန်းစာအစုံဆုံး အွန်လိုင်းသင်တန်းကြီးပါ။ Web Development ၊ Design ၊ Business ၊ Marketing ၊ IT & Software ၊ Photography နဲ့ Personal Development စတဲ့ကဏ္ဍတွေကို သင်ရိုး (၁ဝဝ,ဝဝဝ) မှာ ဘာသာစကား (၅ဝ) ကျော်နဲ့ ပို့ချနေတာပါ။ လူဦးရေ (၃ဝ) သန်းကျော် လေ့လာနေကြပြီး သင်ခန်းစာအသစ်တွေကိုလည်း ပုံမှန်တင်ဆက်ပေးနေပါတယ်။

အတန်းတစ်ခုကို ၁ဝ.၉၉ ဒေါ်လာနဲ့ စတင်လေ့လာနိုင်ပြီး ပညာရေးကို စိတ်ဝင်စားသူတွေအတွက် ရတနာသိုက်ကြီးပါ။ သင်ခန်းစာတွေကို ကွန်ပျူတာက လေ့လာနိုင်သလို စမတ်ဖုန်းသမားတွေအတွက် Application တွေကိုလည်း ဖန်တီးပေးထားပါတယ်။ လက်ရှိအချိန်မှာ Discount ချနေတဲ့အတွက် သင်ခန်းစာတွေကို Email နဲ့ Sign Up လုပ်ပြီး ဈေးနှုန်းချိုချိုနဲ့ သင်ယူနိုင်ပါတယ်။

(၂) Coursera
Coursera ကလည်း Udemy နည်းတူပါပဲ။Stanford University ရဲ့ ပါမောက္ခနှစ်ဦးဖြစ်တဲ့ Andrew Ng နဲ့ Daphne Koller တို့က တည်ထောင်ခဲ့တာပါ။ Coursera အွန်လိုင်းသင်တန်းမှာ Stanford University ၊ University of Pennsylvania ၊ Johns Hopkins University ၊ Duke University ၊ Columbia University နဲ့ Yale University တို့လို ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ ပါမောက္ခတွေက သင်ကြားပေးနေပါတယ်။ သူ့ရဲ့ အားသာချက်ပေါ့။

သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေက Coursera ကနေ ဘွဲ့ယူလို့ရပါတယ်။ Arts and Humanities ၊ Data Science ၊ Computer Science ၊ Business ၊ Information Technology ၊ Math and Logic ၊ Social Science ၊ Language Learning စတဲ့ အကြောင်းအရာတွေကို လေ့လာနိုင်ပါတယ်။ ပျမ်းမျှအားဖြင့်  အတန်းတစ်ခုမှာ ၂၂ ဒေါ်လာကနေ ၉၉ ဒေါ်လာအထိရှိပြီး အခမဲ့သင်ခန်းစာတွေကိုလည်း သင်ယူနိုင်ပါတယ်။

(၃) Skillshare
နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေနဲ့ စွန့်ဦးတီထွင်သမားတွေက သင်ကြားတဲ့ အတန်း (၂၇,ဝဝဝ) ကျော်ကို လေ့လာနိုင်မှာပါ။ Skillshare မှာ အခမဲ့လည်း လေ့လာနိုင်သလို အခကြေးငွေပေးချေပြီး သင်ယူနိုင်ပါတယ်။

Design ၊ Illustration ၊ Business ၊ Technology ၊ Photo & Film ၊ Entrepreneurship နဲ့ Writing စတဲ့ကဏ္ဍတွေကို သင်ယူနိုင်ပြီး အဖွဲ့ နဲ့တွဲပြီး ပရောဂျက်တွေကို ဖန်တီးရမှာဖြစ်ပါတယ်။ လစဉ်သွင်းမယ်ဆိုရင်တော့ အတန်းတစ်ခုမှာ တစ်လစာ ၁၅ ဒေါ်လာနှုန်း ကုန်ကျမှာဖြစ်ပြီး တစ်နှစ်စာသွင်းထားမယ်ဆိုရင်တော့ တစ်လစာ ၈.၂၅ ဒေါ်လာပဲ ကျသင့်မှာဖြစ်ပါတယ်။ တစ်နှစ်စာ တစ်ခါတည်းသွင်းတာဆိုတော့ ဈေးလျော့ပေးတဲ့ သဘောပါ။

(၄) CreativeLive
CreativeLive ဆိုတဲ့ အွန်လိုင်းသင်တန်းက ဒီဇိုင်းသမားတွေအကြိုက်ပါ။ သူ့ထဲမှာ Photo & Video ၊ Money & Life ၊ Art & Design ၊ Craft & Maker နဲ့ Music & Audio ဆိုပြီး ကဏ္ဍတွေခွဲထားတယ်။ ကိုယ်အားသန်တဲ့ အတန်းတွေကို လေ့လာလို့ရတယ်။

အွန်လိုင်းသင်တန်းမှာ ဆရာတွေက Live လွှင့်ပြီး သင်ပေးတာက CreativeLive ရဲ့ ထူးခြားတဲ့ အချက်ပါ။ ဒီဇိုင်းနယ်ပယ်ရဲ့ ပညာရှင် (၆၅ဝ) ကျော်က စာတွေ့ သင်ကြားရုံတင်မကဘဲ တီထွင်ဖန်တီးလိုစိတ်ကို မွေးမြူပေးတဲ့အထိကို လေ့ကျင့်ပေးပါတယ်။ သင်တန်းကြေးက ဒေါ်လာ ၂ဝ ကနေ စတင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခမဲ့အတန်းတွေလည်းရှိပြီး ဒီဇိုင်းပညာကို ‘က’ ကနေ ‘အ’ အဆုံး သင်ယူနိုင်ပါတယ်။

(၅) edX
edX ဟာ Massachusetts Institute of Technology ၊ Harvard University ၊ University of California – Berkeley နဲ့ University of Texas System တို့လို ထိပ်တန်းတက္ကသိုလ်ရဲ့ ပါမောက္ခတွေက ပို့ချပေးတဲ့ အွန်လိုင်းသင်တန်းပါ။ Coursera လိုပဲပေါ့။ ငွေကြေးအမြတ်အစွန်းအရ မဟုတ်ဘဲ ပညာရေးအဖွဲ့ အစည်းတွေက သင်တန်းပို့ချနေတဲ့နေရာလို့တောင် ဆိုနိုင်ပါတယ်။

Computer Science ၊ Language ၊ Data Science ၊ Business & Management ၊ Engineering နဲ့ Humanities တို့လိုကဏ္ဍတွေကို သင်ယူလို့ရပါတယ်။ Udemy ၊ Coursera နဲ့ Skillshare တို့လို မဟုတ်ဘဲ edX မှာ ပို့ချထားတဲ့ သင်ခန်းစာအားလုံးက အခမဲ့တွေချည်းပါ။ တကယ်လို့ edX က တရားဝင်ထုတ်ပေးတဲ့ အသိအမှတ်ပြုလက်မှတ်ကို လိုချင်ရင်တော့ ဒေါ်လာ ၅ဝ ကနေ ဒေါ်လာ ၃ဝဝ အထိရှိပါတယ်။

(၆) MasterClass
MasterClass ဆိုတာ နယ်ပယ်ပေါင်းစုံမှာ ထင်ရှားကျော်ကြားတဲ့ ပညာရှင်တွေက သင်ကြားပေးနေတဲ့ အွန်လိုင်းသင်တန်းကြီးပါ။ Natalie Portman ၊ Jimmy Chin ၊ Gordon Ramsay ၊ Spike Lee ၊ Samuel L. Jackson ၊ Usher ၊ Dan Brown ၊ Margaret Atwood နဲ့ Serena Williams တို့လိုပုဂ္ဂိုလ်တွေက သင်ကြားပေးတာပါ။ ပညာရှင်တွေ ပို့ချထားတဲ့ ဗီဒီယိုတွေကို သင်ယူရပြီး ကျောင်းသားတွေက Assignment တွေပြန်လုပ်ရပါတယ်။ အတန်းတစ်ခုကို တစ်နှစ်စာ ဒေါ်လာ ၉ဝ နဲ့ သင်ကြားနိုင်ပြီး ဒေါ်လာ ၁၈ဝ သွင်းထားမယ်ဆိုရင်တော့ အကန့်အသက်မရှိ လေ့လာလို့ရပါတယ်။

အခုဖော်ပြခဲ့တဲ့ Udemy ၊ Coursera ၊ CreativeLive ၊ Skillshare ၊ edX နဲ့ MasterClass တို့လို အွန်လိုင်းသင်တန်းတွေကနေ အခမဲ့လေ့လာချင်ရင်တော့ Email နဲ့ Sign Up လုပ်လို့ရပါတယ်။ ပညာရပ်ကို လေ့လာဖို့ အချိန်မရှိဘူးလို့ ဆင်ခြေပေးနေမယ့်အစား တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Reference  – Business Insider

ကျော်စိုးအောင် (အခရာ)