Celebrity တွေလို ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေအောင် ဘယ်လို လှည့်ကွက်တွေ သုံးရင်ကောင်းမလဲ

Celebrity တွေလို ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေအောင် ဘယ်လို လှည့်ကွက်တွေ သုံးရင်ကောင်းမလဲ

ကိုယ်အရမ်းကြိုက်ပြီး အားကျရတဲ့ Celebrity တွေကိုဆို အမြဲစောင့်ကြည့်ပြီး အားပေးတတ်ကြတယ်မှတ်လား။ အဲဒီလို ကိုယ်တစိုက်မတ်မတ်အားပေးတဲ့ Celebrity လေးတွေ ဓာတ်ပုံတွေထဲမှာ ဘယ်အချိန်ပဲကြည့်ကြည့် လှပကျော့ရှင်းနေတာကို တွေ့ရတဲ့အခါ ဘာကြောင့် အမြဲတမ်းလိုလို လှပကြည့်ကောင်းနေရတာလဲဆိုပြီး အတွေးတွေ ဝင်ဖူးကြမှာပါ။ အဲဒီလို အတွေးတွေဝင်တဲ့အခါတိုင်း သူတို့က မင်းသား၊မင်းသမီးတွေမို့ လှပနေတာ၊ Photoshop တွေကိုသုံးပြီး လှပအောင် ဖန်တီးယူထားတာပါလို့ အများစုက ယူဆမိလိုက်ကြပါတယ်။

အမှန်တော့ သူတို့ဓာတ်ပုံတွေထဲမှာ လှပကြည့်ကောင်း ခန့်ငြားနေရတဲ့ လျှို့ဝှက်ချက်က Photoshop တွေသုံးပြီး Editing တွေ လုပ်တာတွေချည်းပဲကြောင့် မဟုတ်ပါဘူး။ ဓာတ်ပုံကို ကြည့်ကောင်းအောင် ရိုက်ပေးတတ်တဲ့သူတွေ ရှိတဲ့အတွက်ကြောင့်ရော ၊ဓာတ်ပုံထဲမှာ လှပအချိုးကျအောင် နေထိုင်တတ်တဲ့အတွက်ကြောင့် ဘယ်အချိန်ပဲကြည့်လိုက်ကြည့်လိုက် အရမ်းမိမိုက်ဆွဲဆောင်နေတဲ့ပုံကို ရရှိကြတာဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်တွေလည်း ဓာတ်ပုံရိုက်တိုင်း သူတို့လို မိမိုက်အထာကျအောင် သူတို့သုံးတဲ့ လှည့်ကွက်တွေကို တစ်ချက်လောက်လေ့လာကြည့်လိုက်ရအောင်။

မျက်စိအနည်းငယ်မှေးပြီးရိုက်ကြည့်ပါ
အခုပြောပြေးမယ့် မျက်စိမှေးပြီးနေတဲ့ပုံစံဟာ အခုနောက်ပိုင်းမှာ Celebrity တွေ အများဆုံး သုံးလာကြတဲ့ နောက်ဆုံးပေါ်လှည့်ကွက်ပါ။ Celebrity တွေဟာ Pose ပေးရင် ပိုငယ်ပြီး မိန်းမဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိတဲ့ပုံပေါက်အောင် အဲဒီလိုမျက်စိမှေးပြီး Pose ပေးကြတာ ဖြစ်ပါတယ်။ သူတို့ဟာ မျက်စိမှေးပြီး Pose ပေးဖို့အတွက်ဆို သူတို့မျက်လုံးကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး နှုတ်ခမ်းကို ပြုံးရုံလေး ပြုံးလိုက်ပါတယ်။ အဲဒီ လှည့်ကွက်ကို သုံးလိုက်တဲ့အခါ ပါးရိုးက ပိုမြင့်သွားပြီး မျက်နှာက ပိုပြီးငယ်ရွယ်နုပျိုတဲ့အသွင် ပိုပါ်လွင်သွားစေပါတယ်။ အဲဒီလိုနေတာဟာ ကိုယ်နဲ့လိုက်မလိုက်သိအောင် တစ်ခါလောက်တော့ ဓာတ်ပုံရိုက်ရင် စမ်းနေကြည့်နော်။

ဘယ်ဘက်ခြမ်းမှာပဲဆံပင်ကိုထားပြီးရိုက်ကြည့်ပါ
ဓာတ်ပုံရိုက်လိုက်တိုင်းမှာ အမြဲအထာကျ ကြည့်ကောင်းနေတဲ့ မမ Kylie Jenner ဆီကနေ လေ့လာသင်ယူစရာတွေ အများကြီးရှိပါတယ်။ Kylie Jenner ရဲ့ ဆံပင်ချထားတဲ့ ဓာတ်ပုံတွေ အများစုကိုကြည့်လိုက်ရင် ဆံပင်ကို ဘယ်ဘက်မှာပဲ ချထားပြီး ရိုက်လေ့ရှိတာကို တွေ့ရပါလိမ့်မယ်။ ဆံပင်ကို ဘေးဘက်ချထားတဲ့အခါ ကိုယ်ရဲ့လှပတဲ့ Jawline ကို ပိုမိုပေါ်လွင်စေပြီး ရင်သပ်ရှုမောဖွယ်ပုံရိပ်ကို ရရှိစေပါတယ်။ ဒါကြောင့်မို့ Kylie Jenner ဟာသူရဲ့လှပတဲ့ Jawline ကို ကောင်းကောင်းအသုံးချပြီး အမြဲရိုက်လို့ ဓာတ်ပုံစားနေတာ ဖြစ်ပါတယ်။ ကိုယ်မှာလည်း လှပတဲ့ Jawline ရှိရင် အဲဒီအတိုင်းစမ်းပြီး ရိုက်ကြည့်ကာ အထာကျတဲ့ ပုံမိုက်မိုက်တွေကို ရယူကြည့်ပါ။

အပေါ်စီးကနေရိုက်ပါ
အပေါ်စီးကနေရိုက်တဲ့ပုံစံမျိုးက Celebrity တွေ Selfie ရိုက်တိုင်း ကျင့်သုံးတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ အဲဒီလို အပေါ်စီးကနေရိုက်တဲ့အခါ ကိုယ်ပုံကို ဓာတ်ပုံထဲမှာ ကောင်းကောင်းပေါ်လွင်အာင် ကူညီပေးပါတယ်။ အပေါ်ကနေစီးပြီးရိုက်တဲ့အခါ မေးနှစ်ထပ်ဖြစ်တာကို မပေါ်လွင်စေသလို ကိုယ်မျက်နှာရဲ့ လှပတဲ့အစိတ်အပိုင်းတွေကို ပေါ်လွင်စေဖို့ အလင်းအမှောင်ကိုလည်း အဆင်ပြေသလို ပြောင်းလဲညှိယူလို့ရပါတယ်။ နောက်ပိုင်း ကိုယ့်ဘာသာ Selfie ရိုက်ရင် အဲဒီလိုမျိုး ရိုက်ကြည့်လို့ရသလို သူများတွေက Selfie ရိုက်ရင် ဘယ်လိုချစ်ဖို့ကောင်းအောင် နေရမလဲလို့မေးရင် ဒီအတိုင်းနေလို့ရတယ်ဆိုပြီး လမ်းညွှန်ပေးလို့ ရပါတယ်။

ပြုံးရယ်ပြီးရိုက်ပါ
ရယ်နေတာမျိုးချည်းမဟုတ်ဘဲ ပြုံးရွှင်နေတဲ့ ပုံစံမျိုးလေးနဲ့ ရိုက်ကြည့်ပါ။ ပြုံးတဲ့အခါမှာ မျက်လုံးနည်းနည်းမှေးသွားတဲ့အထိ ပါးစပ်ကိုအနည်းငယ်ဖွင့်ပြီး သွားပေါ်အောင် ပြုံးပါ။ ဘယ်သူမဆို တည်တည်ကြီး ရိုက်တာထက်စာရင် ပြုံးပြုံးရယ်ရယ်လေးနဲ့ ရိုက်တာကတော့ ပိုကြည့်ကောင်းစေပါတယ် ။ ဒီလိုရယ်ပြီး ရိုက်တဲ့နည်းလမ်းကို ပါးချိုင့်လှတဲ့ မင်းသမီးတိုင်း ကျင့်သုံးလေ့ရှိပါတယ်။ ရယ်လိုက်တဲ့အခါမှာ သူတို့ပါးချိုင့်လေးတွေလည်း ပေါ်လွင်သွားတဲ့အတွက် ဓာတ်ပုံဟာ ပိုအသက်ဝင်သွားသလို သူတို့ရဲ့ပြုံးလိုက်တဲ့ ချစ်စဖွယ်အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိပိုင်ဆိုင်နိုင်ပါတယ်။ အပြုံးလေးတစ်ပွင့်ချွေလိုက်တာနဲ့တင် ဓာတ်ပုံထဲမှာလည်း လှပနိုင်သလို ပြည်သူတွေရဲ့ အချစ်တွေကိုလည်းရရှိပိုင်ဆိုင်နိုင်တာဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့။ ကိုယ်တွေလည်း သူတို့လိုပြုံးပြီးရိုက်ရင် ပရိသတ်တွေရဲ့အချစ်တွေကို ရရှိပိုင်ဆိုင်တာမျိုး မရှိပေမယ့် ငယ်ရွယ်ပြီး ပျော်ပျော်နေတတ်တဲ့အသွင်ကိုတော့ ပေါ်စေပါတယ်။ ဘယ်လို့ Pose ပေးပြီး ကြည့်ကောင်းလှပအောင် ရိုက်ရမလဲ မသိတဲ့အခါ ဟန်ဆောင်တာမျိုးလုပ်ပြီး ရိုက်မနေဘဲ အပြုံးလေးတစ်ပွင့်သာ လှလှလေးချွေပြီး ရိုက်လိုက်ပါ။

ဘယ်ဘက်ကိုအလှဆုံးအခြမ်းမို့ ဘယ်ဘက်ကို အသားပေးပြီး ရိုက်ပါ
လူတိုင်းဟာ Selfie ရိုက်တဲ့အခါ အထာကျတဲ့ပုံကိုရဖို့ ကိုယ်ရဲ့အလှဆုံးအခြမ်းကို ကောင်းကောင်းသိထားဖို့ လိုအပ်ပါတယ်။ နာမည်ကျော် Celebrity တွေ တော်တော်များများကို သတိထားပြီး ကြည့်လိုက်ရင် သူတို့ဟာ သူတို့ရဲ့ ဘယ်ဘက်အခြမ်းကိုသာ အမြဲအသားပေးပြီး ရိုက်ကြတာကို တွေ့ရပါလိမ့်မယ်။ အဲဒီလို လူအများက ဘယ်ဘက်အခြမ်းကို အသားပေးပြီး ရိုက်လေ့ရှိတဲ့အတွက် Wake Forest University က ဘယ်ဘက်ခြမ်းဟာ ဆွဲဆာင်မှုရှိတဲ့ အခြမ်းဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ သုတေသန ပြုလုပ်ခဲ့ပါတယ်။ သုတေသနပြုလုပ်လိုက်တဲ့အခါမှာတော့ ဘယ်အခြမ်းဟာ ဦးနှောက်ရဲ့ ညာဘက်အခြမ်းထက် ပိုပြီးနိုးကြားတက်ကြွတဲ့အတွက် စိတ်ခံစားချက်တွေကို ဖော်ပြပေးတဲ့အခါ ပေါ်လွင်အောင် ဖော်ပြနိုင်လို့ ဘယ်အခြမ်းဟာ ဆွဲဆောင်မှုပိုရှိနေတာပါ။ ဒါကြောင့်မို့ ညာဘက်အခြမ်းကို ရိုက်တာထက်စာရင် ဘယ်ဘက်အခြမ်းကို အသားပေးရိုက်လိုက်ရင် ပိုပြီး ထိထိမိမိပေါ်လွင်စေတာပါ။ ဒီနေရာမှာတော့ ကိုယ်ရဲ့အလှဆုံးအခြမ်းဟာ ညာဘက်ဆို ညာဘက်ကို အသားပေးရိုက်လို့ရသလို ဘယ်ဘက်ဆို ဘယ်ဘက်ကို အသားပေးရိုက်လို့ရပါတယ်။

မေးစေ့အောက်ချပြီးရိုက်ပါ
ဓာတ်ပုံရိုက်ရင် မော့ပြီးရိုက်တာထက်စာရင် မေးကိုအောက်ချပြီး ရိုက်တဲ့နည်းလမ်းက ရှုတင်တွေမှာ Photoshoot ရိုက်ရင် သုံးလေ့ရှိတဲ့ နည်းလမ်းပါ။ မော့ပြီးရိုက်ထားတဲ့ ဓာတ်ပုံကို ကြည့်လိုက်တဲ့အခါမှာ သဘာဝမကျသလို ပေါ်လွင်ရမယ့်အလှတရားတွေလည်း မပေါ်လွင်ဘဲ လူကို ကြည့်ရဆိုးစေပါတယ်။မေးကို အောက်လေးနည်းနည်းချပြီး ရိုက်လိုက်ရင် ဆွဲဆောင်မှုလည်းပိုရှိကာ မိန်းမလည်း ပိုဆန်သွားစေပါတယ်။ Celebrity တွေ Photoshoot ရိုက်ပြီးထွက်လာတဲ့ပုံတွေမှာ လှပကျော့ရှင်းနေရတာ ဒီနည်းကို ကောင်းကောင်းအသုံးချလို့ပါ။ အဲဒီလို မေးအောက်ချပြီး ရိုက်ဖို့ဆိုရင် ခေါင်းကို နည်းနည်း အောက်ကို စောင်းပေးဖို့ လိုပါတယ်။ အဲဒီလို စောင်းလိုက်တဲ့အခါမှာ မေးနှစ်ထပ်ဖြစ်တာတွေလည်း ပျောက်သွားပြီး လှပတဲ့ Jawline ကလည်း ပိုပေါ်လာပါတယ်။ ဒါ့အပြင် မျက်လုံးကလည်း ရှိရင်းစွဲထက် နည်းနည်းပိုကြီးသွားပြီး ပိုဝိုင်းကာ ငယ်ရွယ်နုပျိုလာပြီး ဆွဲဆောင်မှုအားကောင်းတဲ့ ပုံစံကို ရရှိသွားပါလိမ့်မယ်။

ကင်မရာကိုကြည့်တာမျိုးမဟုတ်ဘဲ အဝေးတစ်နေရာကို ကြည့်နေတဲ့ပုံမျိုး ရိုက်ပါ
ဓာတ်ပုံရိုက်တဲ့အခါမှာ ကင်မရာကို တည့်တည့်ကြည့်ပြီး ရိုက်တာထက်စာရင် အဝေးတစ်နေရာကိုကြည့်ပြီး ရိုက်တာက ဓာတ်ပုံထဲမှာ ပိုကြည့်ကောင်း လှပနေစေပါတယ်။ Celebrity တွေရဲ့ Instagram တွေကို ကြည့်လိုက်ရင်လည်း အရမ်းမိမိုက်နေတာဟာ ကင်မရာကို မကြည့်ဘဲနဲ့ အမြဲရိုက်တဲ့နည်းကို သုံးတဲ့အတွက်ကြောင့်ပါ။ အဲဒီလို ကင်မရာကိုကြည့်မနေဘဲ ရိုက်တဲ့အခါမျိုးမှာလည်း တမင်သက်သက်ကြီး လုပ်ယူပြီး ရိုက်တာထက်စာရင် Snap ဖြစ်ရင် ပိုအထာကျပါတယ်။ ကိုယ်က Pose လုပ်တာလည်း မကျွမ်းကျင် ဓာတ်ပုံထဲမှာ သဘာဝကျကျနဲ့ မိမိုက်အထာကျနေချင်တယ်ဆိုရင်တော့ ကိုယ့်ကိုရိုက်ပေးမယ့်သူကို Snap လေးတွေ များများရိုက်ပေးဖို့ အကူအညီတောင်းပါ။


ကဲ့….ဒီလောက်ဆိုရင် Celebrity တွေသုံးတဲ့ နည်းလမ်းလေးတွေနဲ့ လှည့်ကွက်လေးတွေကို ကောင်းကောင်းသိသွားပြီလို့ ထင်ပါတယ်နော်။ နောက်ဓာတ်ပုံရိုက်တဲ့အခါမှာ အသက်ဝင်ပြီး လှပတဲ့ ပုံကောင်းကောင်းလေးတွေ ရရှိစေဖို့ ဒီနည်းလမ်းတွေကိုသာ ထုတ်သုံးကြည့်လိုက်ပါတော့နော်။ ပရိသတ်ကြီး ဓာတ်ပုံရိုက်တဲ့အခါမှာ အထာကျအောင်သုံးတဲ့ ကိုယ်ပိုင်နည်းလမ်းလေးတွေရှိရင်လည်း ဓာတ်ပုံရိုက်ဝါသနာပါသူတွေ ပြန်အသုံးချနိုင်ဖို့ ပြန်လည် မျှဝေပေးလိုက်ပါဦးနော်။

Reference: brightside.me

Photo Credit : StyleCaste , brightside.me

H.H(Akhayar)