သိထားသင့်တဲ့ နေ့စဉ်ဘဝမှာ တွေ့မြင်ရတဲ့ ပစ္စည်းလေးတွေရဲ့ မြှုပ်ကွက်လေးများ

သိထားသင့်တဲ့ နေ့စဉ်ဘဝမှာ တွေ့မြင်ရတဲ့ ပစ္စည်းလေးတွေရဲ့ မြှုပ်ကွက်လေးများ

လူတွေရဲ့ နေ့စဉ်သုံးပစ္စည်းတွေ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေ၊ အစားအသောက်တွေရဲ့ ပစ္စည်းတွေမှာ ဘာအတွက် ရည်ရွယ်ပြီး ထည့်သွင်းလုပ်ထားမှန်းမသိတဲ့ အစိတ်အပိုင်းလေးတွေ ပါရှိတတ်ပါတယ်။ မလိုအပ်ဘဲနဲ့တော့ ဒီအစိတ်အပိုင်းတွေကို ဘယ်သူကမှ အချိန်ကုန်ခံပြီး ထည့်သွင်းလုပ်ထားမှာ မဟုတ်တဲ့အတွက် ဒီပစ္စည်းတွေရဲ့ အသုံးဝင်ပုံကို သေချာလေးသိရှိထားရင် သူ့နေရာနဲ့သူ ကောင်းကောင်းအသုံးချလို့ ရတာပေါ့။

ဖိနပ်နောက်မှာရှိတဲ့ ကွင်းလေးတွေ
ဒီကွင်းလေးတွေဟာ အမှန်မှာတော့ တော်တော်အသုံးဝင်ပါတယ်။ ဒီကွင်းလေးတွေကို ပါမှန်းမသိတဲ့သူတွေ ရှိသလို ပါတာကို သိပေမယ့်လည်း ဘာအတွက် ရည်ရွယ်ပြီး ထည့်ထားမှန်းမသိကြတဲ့သူတွေလည်း ရှိပါတယ်။ ဖိနပ်ရဲ့အနောက်မှာပါတဲ့ ကွင်းလေးတွေဟာ တံဆိပ်စာသားမျိုးတွေနဲ့ ပါတာ ရှိကြသလို ကြိုးကွင်းလေးတွေအနေနဲ့ ပါတာမျိုးလည်း ရှိပါတယ်။ ဒီကွင်းလေးတွေ ထည့်ရှိထားတာဟာ High-Laced Shoes တွေကို ဝတ်ဆင်တဲ့အခါမှာ သက်သောင့်သက်သာရှိစေဖို့အတွက် ရည်ရွယ်ပြီး ထည့်ထားတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ဖိနပ်ကြိုးအပိုတွေ ခြေထောက်မှာ ပတ်ပြီး ဝတ်တဲ့အခါမျိုးမှာ အသုံးပြုလို့ရသလို ဖိနပ်ကို ဆေးကြောပြီးရင် ဒီကွင်းလေးတွေကို ချျိတ်မှာချိတ်ပြီး လှန်းကာ ခြောက်သွေ့အောင် လုပ်လို့ ရပါတယ်။

ပလတ်စတစ်အဖုံးအတွင်းမှာပါတဲ့အမှတ်အသားများ
ဒီအမှတ်အသားတွေကို အမြှုပ်တွေပါတဲ့ အအေးဘူးတွေရဲ့ အဖုံးတွေမှာ အများဆုံးတွေ့ရပါတယ်။ ဒီအမှတ်အသားတွေမပါရင် ဂတ်စ်တွေဟာ အလွယ်တကူ အငွေ့ပျံသွားပါလိမ့်မယ်။

သော့ခလောက်မှာပါတဲ့ အပေါက်သေးသေးလေး
သော့ခလောက်မှာ အပေါက်သေးသေးလေး ထည့်ထားတာဟာ ရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်။ ပထမအချက်ကတော့ သော့ခလောက်ထဲမှာ အစိုပြန်တာကို ကာကွယ်ပေးပါတယ်။ အစိုဓာတ်တွေဟာ သော့ခလောက်တွေနဲ့  စက်ပစ္စည်းတွေထဲကို ရောက်ရှိလာရင် သံချေးအလွယ်တကူ တက်လာပါတယ်။ ဒါကြောင့် ဒီအပေါက်လေးဟာ ရေငွေ့တွေအတွင်းထဲမှာ စုဆောင်းနေတာမျိုး မဖြစ်အောင် လုပ်ပေးထားပါတယ်။ ဒုတိယအချက်အနေနဲ့ ဆောင်းရာသီမှာဆိုရင်တော့ ဒီအပေါက်လေးဟာ အေးခဲတဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အေးခဲနေလို့ သော့အတွင်းထဲက အစိတ်အပိုင်းတွေ ကပ်နေရင် စက်ဆီအနည်းငယ်ထည့်ပြီး အသုံးပြုပေးလို့ ရပါတယ်။

ဖုန်စုပ်စက်ရဲ့လက်ကိုင်မှာပါတဲ့ အပေါက်လေး
စုပ်ယူနိုင်တဲ့စွမ်းအားကို လျှော့ချဖို့အတွက် ဒီအပေါက်လေးတွေကို ထည့်သွင်း ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်စုပ်စက်ရဲ့ ဘရက်ရှပ်တွေနဲ့ ပြွန်ချောင်းတွေမှာ အမှိုက်တွေ ပိတ်နေတာမျိုး မဖြစ်အောင် ကူညီပေးပါတယ်။ လက်ကိုင်မှာရှိတဲ့ အပေါက်လေးတွေကို ဖွင့်ထားရင် စုပ်ယူနိုင်တဲ့ စွမ်းအားကို အလျင်အမြန်လျော့ချပေးပြီး ဖုန်စုပ်စက် အပူအလွန်အကျွံတက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အခုခေတ်ဖုန်စုပ်စက်တွေဟာ အရင်ခေတ်ဟောင်း ဖုန်စုပ်စက်တွေလောက် အသုံးပြုရတာ အန္တရာယ်မများတော့ပါဘူး။

ကွန်ပျူတာရဲ့ Keyboard မှာပါတဲ့ အဖုလေး
ကွန်ပျူတာရဲ့ Keyboard F နဲ့ J နေရာလေးတွေမှာ အဖုလေးတွေ ရှိပါတယ်။ ဒီအဖုလေးတွေ ထည့်ထားတာဟာ Keyboard တွေကို မကြည့်ဘဲ ရိုက်နိုင်အောင် လမ်းညွှန်းပေးထားတာ ဖြစ်ပါတယ်။ အဲဒီနှစ်နေရာဟာ လူတွေ Keyboard ကို မကြည့်ဘဲ မှန်မှန်ကန်ကန်နဲ့ လက်ကို ချနိုင်အောင် ကူညီပေးပါတယ်။

စုပ်လုံးလေးတွေရဲ့တုတ်ချောင်းမှာပါတဲ့ အပေါက်လေး
ဒီထူးခြားတဲ့ အပေါက်လေးပါတဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့်လည်း ဒီလိုစုပ်လုံးရဲ့ တုတ်ချောင်းမှာ ဘာကြောင့် အပေါက်ထည့်ထားတာလဲဆိုတာကတော့ နားလည်ရခက်ပါတယ်။ စုပ်လုံးမှာပါတဲ့ သကြားလုံးအမာစားတွေဟာ အပူနဲ့ထိလိုက်တဲ့အခါမှာ တုတ်ချောင်းရဲ့ အပေါက်လေးထဲကို ဝင်သွားပါတယ်။ အဲဒီလို အပေါက်ထဲကို ဝင်သွားတဲ့အခါမှာ သကြားလုံးဟာ တုတ်ချောင်းထဲမှာ မြဲမြံသွားပါတယ်။


Cotton Pad တွေကို သုံးပေမယ့်လည်း Cotton Pad ရဲ့ မျက်နှာပြင်တစ်ခြမ်းမှာ မညီတဲ့ အကွက် အကွက်လေးတွေ ဘာကြောင့် ပါလဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ ဖောင်းကြွလို ဖြစ်နေတဲ့ အဲဒီအကွက်ကွက်လေးတွေဟာ မိတ်ကပ်လိမ်းဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး ချောမွေ့တဲ့အခြမ်းဘက်ကတော့ လိမ်းထားတဲ့မိတ်ကပ်တွေနဲ့ မျက်နှာပေါ်ရှိ အညစ်အကြေးတွေကို ပြန်လည်ဖယ်ရှားဖို့အတွက် အသုံးပြုလို့ရပါတယ်။

အခုဆိုရင် နေ့စဉ်ဘဝမှာ တွေ့မြင်ရတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေရဲ့ အစိတ်အပိုင်းတွေဟာ အလကားထည့်ထားတာမဟုတ်ဘူးဆိုတာ ကောင်းကောင်းသိသွားပြီလို့ ထင်ပါတယ်။ ကိုယ်ပတ်ဝန်းကျင်က မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း လက်တို့ပြီး အသုံးဝင်ပုံလေးတွေကို ပြောပြပေးဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)