အချစ်ရေးမှာ ပျက်ယွင်းသွားတဲ့ ယုံကြည်မှုတွေကို ဘယ်လိုပြန်တည်ဆောက်ကြမလဲ

အချစ်ရေးမှာ ပျက်ယွင်းသွားတဲ့ ယုံကြည်မှုတွေကို ဘယ်လိုပြန်တည်ဆောက်ကြမလဲ

Relationship တွေမှာ ယုံကြည်မှုတွေပျက်စီးသွားရင် အချစ်ရေးတွေ ပြိုကွဲတတ်ကြတယ်ဆိုတာ လူတိုင်းသိကြမှာပါနော်။ ဆက်ဆံရေးတစ်ခုမှာ ယုံကြည်မှုဟာ အခြေခံအုတ်မြစ်တစ်ခုလို အရေးပါတယ်ဆိုတာ ငြင်းမရသလို အချစ်ရေးဟာလည်း ဆက်ဆံရေးတစ်ခုကို ထူထောင်ရတာဖြစ်တဲ့အတွက် ယုံကြည်မှု ပျက်စီးသွားရင် အချစ်ရေးဟာလည်း ပြိုကွဲသွားမှာ အသေအချာပါပဲ။ ယုံကြည်မှုပျက်စီးသွားလို့ ပြန်တည်ဆောက်ဖူးတဲ့ လူတွေဆို ဒီအကြောင်းကို သေသေချာချာလေး သိကြမယ်လို့ ထင်ပါတယ်။

ဘယ်အရာမှာမဆို ပျက်စီးသွားတဲ့အရာကို ပြန်တည်ထောင်ရတာ ခက်ခဲတယ်ဆိုတာ မှန်ပေမယ့် ခါးသီးခဲ့တဲ့ နာကျင်ခြင်းကနေ လေ့လာသင်ယူမှုတွေတော့ လုပ်လို့ရပါတယ်။ ပြန်တည်ဆောက်မယ်ဆိုရင်လည်း အရေးကြီးတဲ့ အခြေခံမေးခွန်းတစ်ခုကိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးသင့်သလို ကိုယ်ရဲ့ လက်တွဲဖော်ကိုလည်း မေးကြည့်သင့်ပါတယ်။ အဲ့ဒီမေးခွန်းကတော့ ပြန်တည်ဆောက်ချင်တာ သေချာလားဆိုတဲ့ အချက်ပါပဲ။ သေချာပြီဆိုရင်တော့ ဒီအချက်တွေအတိုင်း ပြန်တည်ဆောက်ကြည့်ပါ။

ပွင့်ပွင့်လင်းလင်းစကားပြောပါ
ကိုယ့်ရဲ့လက်တွဲဖော်က သူ့ရဲ့အမှားကို လက်ခံပြီးလို့ပြန်ပြင်ချင်စိတ်ရှိတာ သေချာရင် ကိုယ်ကလည်း လက်ခံနိုင်ဖို့ သေချာပြီဆိုရင် အဲဒီအချိန်ကစပြီး ဘာဆိုဘာမှ မချန်ထားဘဲ ပွင့်ပွင့်လင်းလင်း စကားပြောကြည့်ပါ။ ယုံကြည်မှု အချိုးဖောက်ခံရတုန်းက ဘယ်လောက်နာကျင်ခံစားခဲ့ရတာလဲဆိုတာ သိအောင် ရန်မတွေ့ဘဲ အေးအေးဆေးဆေးပြောပြပါ။ ဘာမဆို မချန်ထားဘဲ နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်းပြောကြည့်ပါ။ ပွင့်ပွင့်လင်းလင်းပြောပြီး ညိနှိုင်းတာဖြစ်လို့ တစ်ဦးနဲ့တစ်ဦး အပြစ်တင်ရင်းနဲ့ အဆုံးသတ်တာမျိုးတော့ မဖြစ်အောင် ကြိုးစားပါ။ ပြောပြီးသွားရင်တော့ ကိုယ်ဖြစ်သလို လက်တွဲဖော်သာ ဖြစ်ခဲ့ရင်လည်း ဘယ်လို ခံစားရလဲဆိုတာကို ပြန်မေးကြည့်ပါ။

ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ပြီး ကိုယ်ရဲ့လက်တွဲဖော်ကိုလည်း ခွင့်လွှတ်ပါ
ခွင့်လွှတ်ပေးရတာ အခက်ခဲဆုံးဖြစ်ပေမယ့် ခွင့်လွှတ်ပေးလိုက်တဲ့အခါ ကိုယ့်ကိုယ်တိုင်လည်း လွတ်မြောက်လာသလို ခံစားလာရပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်က သူ့ကို ခွင့်လွှတ်ပေးလိုက်ခြင်းက သူကိုယ်သူ အပြစ်ရှိတဲ့သူအဖြစ် ခံစားနေရတာကို လျော့ပါးသွားအောင် ကူညီပေးတာနဲ့ အတူတူပါပဲ။ ပြန်လည်တည်ဆောက်မယ်လို့ ဆုံးဖြတ်ထားပြီးသွားရင်တော့ ခွင့်မလွတ်နိုင်ခြင်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မသတ်နေသင့်တော့သလို သူ့ကိုလည်း နင်ဘာလို့ အဲလို လုပ်ခဲ့ရတာလဲဆိုပြီး မေးမြန်းကာ မယုံကြည်မှု မြို့ရိုးကြီးထဲမှာ ပိတ်လှောင်မနေသင့်တော့ပါဘူးနော်။

အချစ်ရေးမှာ လိုချင်တဲ့ပုံစံမျိုးရှိရင် ပြောပြပါ
အချစ်ရေးမှာ သူကချည်းပေးဆပ်နေရတာမျိုး ကိုယ်ကချည်း ပေးဆပ်နေရတာမျိုးဖြစ်နေရင် ညီမျှမှုမရှိတဲ့အတွက် Healthy Relationship ဖြစ်မလာနိုင်တော့ပါဘူး။ အဲဒီလိုမျိုးပဲ ယုံကြည်မှုကျိုးပဲ့ပျက်စီးသွားလို့ Healthy Relationship မဖြစ်နိုင်တော့တဲ့အတွက် ပြန်တည်ဆောက်တဲ့အခါ လက်တွဲဖော်ကို ဘယ်အချက်တွေ လိုချင်လဲဆိုတာ သေချာပြောပြပါ။ အဲဒီလို ကိုယ်ရဲ့ မျှော်မှန်းချက်တွေ ပြောပြတဲ့အခါ အရမ်းကြီး မြင့်မားနေတာမျိုးတော့ မဖြစ်အောင် သတိပြုပါနော်။ ဥပမာအနေနဲ့ဆို သူက ကိုယ်ရဲ့ယုံကြည်မှုကို ချိုးဖျက်ပြီး သစ္စာမဲ့ခဲ့လို့ သူကို ဘယ်ဆန့်ကျင်ဘက်လိင်နဲ့မှ ပက်သက်ဆက်နွယ်ပြီး မနေရဘူးဆိုပြီး စည်းမျဉ်းထုတ်တာမျိုုး လုပ်လို့မရပါဘူးနော်။ လက်တွေ့မကျတဲ့ မျှော်မှန်းချက်တွေ တောင်းဆိုမိခဲ့လို့ သူဘက်က မလုပ်ပေးနိုင်ခဲ့ရင်လည်း အနာဂတ်မှာ နာကျင်မှုတွေ ကိုယ်ကပဲ ထပ်ခံစားနေရပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်ကုစားခြင်းနဲ့ အချစ်ရေးကိုလည်း ကုစားပါ
ပျက်စီးသွားတာကို ပြန်တည်ဆောက်တဲ့အခါမျိုးမှာ နာကျင်မှုတွေနဲ့ မြိုသိပ်ခံစားရမှုတွေကို မလွှတ်ချရင် မလွယ်ကူဘူးဆိုတာကို မမေ့ပါနဲ့နော်။ များများခံစားခဲ့ရရင် ခွင့်လွှတ်ပြီး အစကနေပြန်စဖို့ ပိုပြီးခက်ခဲတဲ့အတွက် အချစ်ရေးကိုပြန်လည်တည်ဆောက်ချင်ရင် အရင်ဆုံး ကိုယ့်ကိုယ် အရင်ပြန်လည်တည်ဆောက်ခြင်းနဲ့ အချစ်ရေးမှာ ပျက်စီးသွားတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ကြည့်ပါ။

အချိန်ပေးပါ
အချိန်ဆိုတာ အကောင်းဆုံးဆေးဝါးတစ်လက်ဆိုတာ လူတိုင်းသိကြမယ် ထင်ပါတယ်။ အချိန်က အရာရာကို ကုစားပေးနိုင်တဲ့အတွက် ပြဿနာတစ်ခုခုဖြစ်လာလို့ ဖြေရှင်းဖို့ လမ်းစမတွေ့တော့ရင် အချိန်အတိုင်းအတာတစ်ခု ရောက်တဲ့အထိ စောင့်လိုက်ပါ။ ဥပမာ အတိတ်မှာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဖြစ်ခဲ့ရင် လက်ရှိမှာ အဲ့အတိတ်ကို ပြန်ကြည့်လိုက်ရင် အဲတုန်းကနာကျင်သလောက် မနာကျင်တော့တာကို တွေ့ရပြီး နာကျင်မှုတွေလည်း လျော့ပါးသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့ ပြဿနာဖြစ်လာလို့ ချက်ချင်းရှင်းဖို့ အဆင်မပြေရင် အချိန်အတိုင်းအတာတစ်ခုအထိ လွှတ်ထားလိုက်ပါနော်။

အကောင်းမြင်စိတ်ထားကြည့်ပါ
ယုံကြည်မှုကို ပြန်လည်တည်ဆောက်တဲ့အခါမျိုးမှာ ပြန်လည်ယုံကြည်ဖို့ ကြိုးစားရတာ ခက်ခဲရတဲ့ကြားထဲ မကောင်းတာပဲ တွေးမိနေရင်း အကောင်းဘက်ကို ဘယ်တော့မှ ပြန်လည်ရရှိနိုင်မှာ မဟုတ်ပါဘူးနော်။ အဲ့ဒါကြောင့်မို့ တက်နိုင်သမျှ တစ်ယောက်ရဲ့ ကောင်းကွက်ကို တစ်ယောက်မြင်အောင်ကြည့်ပြီး အကောင်းမြင်စိတ်လေး နှစ်ယောက်ကြားမှာ ထားကြည့်ပါ။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေကိုလည်း နှစ်ဦးသား ပြန်မပြောမိအောင်၊ တစ်ဦးအပြစ်ကို တစ်ဦး ထပ်ခါ ထပ်ခါ မပြောမိေ်အာင် ထိန်းချုပ်နေထိုင်ခြင်းဖြင့် ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ကြပါ။

ဒီအချျက်တွေကို အသုံးချပြီး ချစ်ရတဲ့ စုံတွဲတိုင်းလည်း ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ပရိသတ်ကြီးရော ယုံကြည်မှု ပျက်ယွင်းသွားတဲ့အခါမျိုးမှာ ဘယ်လိုနည်းလမ်းတွေကိုသုံးပြီး ပြန်လည်တည်ဆောက်ကြလဲဆိုတာကို မျှဝေပေးသွားခဲ့ဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)