ငွေမဖြုန်းမိစေဘဲ စမတ်ကျကျ ဈေးဝယ်ထွက်နိုင်စေဖို့

ငွေမဖြုန်းမိစေဘဲ စမတ်ကျကျ ဈေးဝယ်ထွက်နိုင်စေဖို့

အမျိုးသမီးမှန်ရင် Shopping ထွက်ရတာကို မကြိုက်တဲ့သူ မရှိသလောက်ပါပဲ။ Shopping ထွက်နေရင် အချိန်ဘယ်လိုကုန်လို့ ကုန်သွားမှန်းတောင် မသိတတ်ကြပါဘူး။ Shopping ထွက်တိုင်းလည်း ဝယ်ချင်တဲ့အရာက နည်းနည်း တွေ့သမျှ အရာတိုင်းကို ဝယ်မိတတ်ကြတာက Shopping ထွက်သူတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ အဲဒီလိုဖြစ်လို့ မလိုအပ်ဘဲနဲ့ ငွေကုန်ကြေးကျတွေ များနေခဲ့ရပြီး ပစ္စည်းတွေ အိမ်မှာ တောင်လိုယာလိုပုံနေခဲ့ပြီဆိုရင် ဒီနည်းလမ်းလေးတွေသုံးပြီး ဈေးဝယ်ကာ Smart ကျတဲ့ Shopper တစ်ယောက်ဖြစ်အောင် ပြောင်းလဲကြည့်လိုက်ပါ။

ဒေါက်ဖိနပ်စီးသွားပါ
တော်တော်များများဟာ ဈေးဝယ်ထွက်တဲ့အခါမှာ သက်သောင့်သက်သာ မဖြစ်တဲ့အတွက် ဒေါက်ဖိနပ်ကို ရွေးချယ်ပြီး မစီးကြပါဘူး။ အမှန်မှာတော့ ဒေါက်ဖိနပ်စီးတာဟာ ဈေးဝယ်ထွက်တဲ့နေရာမှာ ငွေမဖြုန်းမိစေဖို့ အများကြီး အထောက်အကူပြုတယ်ဆိုတာကို လူတွေ မသိကြပါဘူး။ စဉ်းစားကြည့်ပါ။ ဒေါက်ဖိနပ်စီးလာပြီး လမ်းလျှောက်တဲ့အခါမှာ ခန္ဓာကိုယ် ဟန်ချက်ညီဖို့အတွက် သတိထားပြီး အာရုံစိုက် စီးနေကြရတဲ့အခါ ပစ္စည်းတွေကို သိပ်ပြီး သတိမထားမိတတ်ကြပါဘူး။ ဒါ့အပြင် ဒေါက်ဖိနပ်ဟာ ကြာကြာစီးတဲ့အခါ ခြေထောက်ကို နာစေတဲ့အတွက် ကြာကြာလည်း မပတ်နိုင်တဲ့အတွက် မလိုအပ်တဲ့ ပစ္စည်းတွေနဲ့ ပစ္စည်းအပိုတွေကိုလည်း မဝယ်မိတော့ပါဘူး။

ဝမ်းနည်းစိတ်တိုနေတဲ့အချိန်ဈေးမဝယ်မိပါစေနဲ့
အမျိုးသမီးတော်တော်များဟာ စိတ်တိုပြီး ဒေါသထွက်တဲ့နေ့တွေဆို ဈေးဝယ်ထွက်ပြီး သုံးဖြုန်းပစ်ကာ စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ ကြိုးစားတတ်ကြပါတယ်။ အမှန်တော့ ဒါဟာ ကောင်းမွန်တဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဈေးဝယ်ထွက်ပြီး သုံးဖြုန်းလိုက်တဲ့အချိန်မှာ ခဏတာ ပျော်ရွှင်သွားပေမယ့်လည်း စိတ်ဖိစီးမှုတွေ ပြေပျောက်သွားတဲ့အချိန် စားပွဲပေါ်မှာ ငွေရှင်းစာရွက်တွေကို တွေ့တဲ့အခါ ဘာကြောင့်များ ဒီလောက်ဝယ်မိပါလိမ့်ဆိုပြီး စိတ်ဖိစီးမှု တစ်ဖန်ပြန်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်မို့ စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့အတွက်နဲ့တော့ ဈေးဝယ်ထွက်တာမျိုး မလုပ်ဘဲ တကယ်လိုအပ်လို့ ဝယ်ရတာမျိုးပဲ ဖြစ်အောင် ကြိုးစားပါ။

ပိုက်ဆံအသစ် အတန်ကြီးတွေကိုပဲ ထည့်သွားပါ
အမျိုးသမီးတွေရဲ့ အကျင့်ကိုက ပိုက်ဆံအသစ်လေးတွေနဲ့ အတန်ကြီးတွေထည့်သွားရင် သိပ်မသုံးချင်ကြဘဲ လက်တွန့်တဲ့ အကျင့်လေးတွေ ရှိတတ်ကြပါတယ်။ ဒီနည်းလမ်းဟာ စိတ်ကို လှည့်စားနိုင်လို့ ဒီနည်းလမ်းကို ကျင့်သုံးကြည့်ပါ။ ဒါကြောင့်မို့ ဈေးဝယ်ထွက်ခါနီးရင် ATM ကနေ ပိုက်ဆံအသစ်စက်စက်တွေကို ထုတ်ပြီး အိတ်ထဲထည့်ကာ မလိုတာတွေကို ဝယ်မိချင်တဲ့စိတ်ကို ထိန်းချုပ်ကြည့်ပါ။

ကုန်ကျစရိတ်ကို တွက်ချက်ပြီး ဝယ်ကြည့်ပါ
ဈေးစဝယ်ပြီးဆိုရင် ဘတ်ဂျတ်ကို ဘယ်လောက်ပဲသုံးမယ်ဆိုပြီး သတ်မှတ်ကာ ဖုန်းဂဏန်းတွက်စက်ကို ဖွင့်ပြီး တွက်ချက်ကာ ဝယ်ယူပါ။ ပစ္စည်းတစ်ခုဝယ်ယူပြီးတိုင်း ဈေးနှုန်းတွေကို ပေါင်းပေါင်းသွားပါ။ အဲဒီလိုပေါင်းထားတဲ့အခါ ငွေပေးချေတဲ့ ကောင်တာကို မသွားခင် ဘယ်လောက်ကျလဲဆိုတာ သိပြီး ကိုယ်သတ်မှတ်ထားတဲ့ငွေထက် ကျော်နေပြီဆိုရင် မလိုတဲ့ပစ္စည်းတွေကို ပြန်လျော့ခြင်းဖြင့် ငွေကုန်ကြေးကျတွေကို လျော့ချနိုင်ပါတယ်။

ATM ကတ်တွေကို အိမ်မှာထားခဲ့ပါ
လူတွေက ကတ်တွေကို ထည့်သွားရင် ငွေသားတွေ ထည့်သွားတာလောက် ပိုက်ဆံတွေကို သိပ်မဖြုန်းမိနိုင်ဘူးလို့ ထင်ကြပါတယ်။ အမှန်မှာတော့ ကတ်နဲ့ ငွေချေတဲ့အခါ ငွေဘယ်လောက်ထွက်သွားတယ်ဆိုတာကို သတိမထားမိတဲ့အခါ ငွေပိုသုံးမိသွားနိုင်ပါတယ်။ ဒါကြောင့်မို့ တတ်နိုင်သမျှ ငွေသားနဲ့ပဲ လက်ငင်းပေးချေပြီး ဝယ်ယူနိုင်ဖို့ ကတ်တွေကို အိမ်မှာထားခဲ့ပါ။

ငွေရှင်းတဲ့ကောင်တာ မသွားခင် ခဏရပ်ပြီး ပြန်ကြည့်ပါ
Shopping ပတ်လု့ိပြီးသွားတဲ့အခါ ငွေရှင်းကောင်တာ သွားခါနီးကျရင် ကိုယ်ယူထားတဲ့ပစ္စည်းတွေကို ပြန်ကြည့်ပါ။ ပြန်ကြည့်တဲ့အခါမှာလည်း အုပ်စုနှစ်စုခွဲပြီး ကြည့်ပါ။ တကယ်လိုအပ်တဲ့ပစ္စည်းတွေနဲ့ တွေ့ကရာထည့်လာတဲ့ပစ္စည်းတွေဆိုပြီး ခွဲကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်လည်း သေချာပြန်မေးပါ ဒါငါအတွက် တကယ်လိုအပ်လား တကယ်ဝယ်မှ ဖြစ်မှာလားဆိုပြီး မေးကာ စစ်ထုတ်ပြီးမှ ငွေရှင်းကောက်တာ သွားကာ ငွေရှင်းပါ။

ဈေးဝယ်တဲ့ လက်တွန်းလှည်းနဲ့ ခြင်းတောင်းတွေ မယူပါနဲ့
ကိုယ်မှာ လက်တွန်းလှည်းတွေ၊ခြင်းတောင်းတွေ မရှိဘူးဆိုရင် မသယ်နိုင်တဲ့အတွက် လက်မှာ သယ်နိုင်သလောက်ပဲ ဝယ်မိပါလိမ့်မယ်။ မရှိမဖြစ်လိုအပ်တဲ့ အရာတွေကို ဝယ်ပြီး ပြန်သွားမိပါလိမ့်မယ်။ တကယ်မလိုအပ်တဲ့ အရာတွေကို ကောက်ထည့်သွားခြင်းကနေလည်း ကင်းသွားပါလိမ့်မယ်။

ဗိုက်ဆာရင် ဈေးသွားမဝယ်ပါနဲ့
ဘာမှမစားထားဘဲ ဈေးသွားဝယ်တဲ့အခါမျိုးမှာ ဗိုက်ဆာတဲ့ စိတ်အခံကြောင့် တွေ့သမျှ မြင်သမျှ အစာအစားတွေကို ကောက်ဝယ်ကာ ငွေကို ဖြုန်းမိပါလိမ့်မယ်။ ဗိုက်ပြည့်နေတဲ့အခါမှာကျတော့ မသက်ဆိုင်တာတွေကို မဝယ်မိတော့ဘဲ ကိုယ်ရဲ့ငွေတွေကို အပိုမဖြုန်းမိတော့ပါဘူး။

ကဲ…ဒီနည်းလမ်းတွေကိုသာ ကျင့်သုံးပြီး Shopping ထွက်မယ်ဆိုရင် ငွေမဖြုန်းမိတော့မှာ သေချာသလောက်ရှိပြီမို့ ဈေးဝယ်ထွက်ရင် ဒီနည်းလမ်းတွေကို ထုတ်သုံးကြည့်ကြဖို့ မမေ့ပါနဲ့နော်။

H.H(Akhayar)