အိမ်ရှုပ်ပွနေတာကို စိတ်ပျက်နေသူတွေအတွက် အိမ်ရှင်းရာမှာ အသုံးဝင်မယ့် နည်းလမ်း ၈ ချက်

အိမ်ရှုပ်ပွနေတာကို စိတ်ပျက်နေသူတွေအတွက် အိမ်ရှင်းရာမှာ အသုံးဝင်မယ့် နည်းလမ်း ၈ ချက်

အိမ်ရှုပ်ပွနေရင် ကျွန်တော်ဆို အလိုလို စိတ်ရှုပ်နေတတ်ပါတယ်။ တချို့တွေကျတော့ အိမ်ရှုပ်ပွနေလည်း နေတတ်တယ်ဆိုပေမယ့် တစ်ယောက်ယောက်လာရှင်းပေးရင်တော့ ကျေနပ်ကြတဲ့သူချည်းပါပဲ။ ဒါကြောင့် အိမ်ရှင်းရာမှာ အသုံးဝင်မယ့် လွယ်လွယ်ကူကူ Tips လေးတွေကို မျှဝေပေးပါရစေ။

၁။ ပစ္စည်းတွေကို သုံးပြီးတဲ့နေရာမှာ ပြန်ထားပါ
ဒီအချက်က အမေတွေ ဆုံးမနေကြစကားပါ “သုံးပြီးရင် သုံးပြီးတဲ့နေရာ ပြန်ထားလေ” ဆိုတာပေါ့။ သူတို့ပြောတုန်းက နားမဝင်ပေမယ့် တကယ်တော့ ဒီအချက်က အရမ်းကို အသုံးဝင်တဲ့ အချက်ပါပဲ။ ကိုယ်ယူခဲ့တဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့ သူပြန်ထားမယ်ဆိုရင်၊ သုံးပြီးတာနဲ့ ပြန်သိမ်းမယ်ဆိုရင် အိမ်လည်း လွယ်လွယ်ကူကူနဲ့ ရှုပ်ပွနေမှာ မဟုတ်တော့ပါဘူး။

၂။ သန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတွေအားလုံးကို တစ်နေရာထဲမှာ စုထားပါ
ပလတ်စတစ်ခွက်တစ်ခုထဲမှာ ဖြစ်ဖြစ် ဆပ်ပြာတွေ၊ ဆေးရည်တွေ၊ ရေမြှုပ်တွေနဲ့ တခြားသန့်ရှင်းရေးလုပ်တဲ့နေရာမှာ လိုတဲ့ ပစ္စည်းတွေကို စုထည့်ထားရင် တစ်ခန်းဝင်တစ်ခန်းထွက် သန့်ရှင်းရေးလုပ်တဲ့အခါ သယ်ရလွယ်ပြီး အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။

၃။ ကြားချိန်တွေမှာပါ သန့်ရှင်းရေးလုပ်ပါ
အိမ်သန့်ရှင်းတယ်ဆိုတာ သတ်သတ်မှတ်မှတ်ကြီးအချိန်တစ်ခုပေးပြီး လုပ်မှ မဟုတ်ပါဘူး။ ကြားချိန်တွေမှာလည်း လုပ်လို့ ရပါတယ်။ ဥပမာ ကော်ဖီဖျော်ဖို့ ရေနွေးအိုးတည်တဲ့အခါ ကြာချိန် ၃ မိနစ် ၅ မိနစ်အတွင်း ပန်းကန်ဆေးတာပဲ ဖြစ်ဖြစ်၊ တံမြက်စည်းကောက်လှဲလိုက်တာပဲ ဖြစ်ဖြစ် လုပ်လို့ ရပါတယ်။

၄။ ကြေးချွတ်ဆေး/မှုန့်စတာတွေကို ဖြူးပြီး ချက်ချင်းသန့်ရှင်းရေးမလုပ်ပါနဲ့
ဒီအချက်ဟာ ကြွေပြား၊ ကျောက်ပြားနဲ့ ပလတ်စတ်ပစ္စည်းတချို့သန့်ရှင်းရာမှာလည်း အသုံးဝင်ပါတယ်။ ဥပမာ Toilet ဆေးဖို့ ကြွေကြေးချွတ်ဆေးတွေကို ဖြူးထားပြီး ချက်ချင်းဆေးမချပါနဲ့။  ၁၀ မိနစ်၊ ၁၅ မိနစ်လောက်စောင့်ပြီးမှ ပွတ်တိုက်ပစ်ရင် ကြေးမြန်မြန်ကျွတ်လွယ်ပါတယ်။

၅။ အိမ်မှုကိစ္စတွေကို အချိန်စာရင်းနဲ့ လုပ်ပါ
ကိုယ်လုပ်ရမယ့် အိမ့်ဝေယျာဝစ္စတွေကို စုပြုံမလုပ်ချင်ရင် တစ်ရက်ချင်း အချိန်ဇယားဆွဲထားပြီး လုပ်လို့ ရပါတယ်။ တနင်္လာနေ့မှာ အဝတ်လျှော်မယ်၊ အဂါၤနေ့ ရေချိုးခန်းဆေးမယ်၊ ဗုဒ္ဓဟူးနေ့ ဈေးဝယ်ထွက်မယ်၊ကြာသပတေးနေ့ ကြမ်းတိုက်မယ်ဆိုသလိုပေါ့။ ဒီလိုလုပ်ထားရင် စနေ၊တနင်္ဂနွေမှ စုပြုံလုပ်ရတာမျိုး မရှိဘဲ အားလပ်ရက်မှာ အစစ်အမှန် အနားရပါလိမ့်မယ်။

၆။ တစ်လကို မလိုတဲ့ ပစ္စည်း အခု ၂၀၊ ၃၀ လောက် ရှင်းထုတ်ပစ်ပါ
အိမ်တိုင်း၊ အိမ်တိုင်း၊ မိသားစုတိုင်း၊ မိသားစုတိုင်းမှာ သုံးလားဆိုတော့ မသုံးဘူး၊ ပစ်လားဆိုတော့လည်း မပစ်ဘူးဆိုတဲ့ ပစ္စည်းတွေ ရှိနေတတ်ပါတယ်။ ဘူးခွံတွေ၊ ကြော်ငြာလက်ကမ်းစာစောင်တွေ၊ သတင်းစာနဲ့ ဂျာနယ်တွေ စသဖြင့်ပေါ့။ ဒီလိုအမှိုက်တွေကို ဖြေရှင်းဖို့ တစ်လမှာ တစ်ခါလောက် အိမ်တစ်ပတ်ပတ်ပြီး မလိုတဲ့ ပစ္စည်းတွေ ကောက်ထည့်ပါ၊ အခု ၂၀၊ ၃၀ လောက်ပြည့်ရင်တော့ လွှင့်ပစ်လိုက်ပါတော့။

၇။ မိသားစုဝင်တစ်ယောက်စီအတွက် သူတို့ပစ္စည်းတွေ စုထည့်ဖို့ ပုံးတစ်ပုံးစီ ပေးထားပါ
လူတိုင်းမှာ ကိုယ်ရေးကိုယ်တာသိမ်းချင်တဲ့ ပစ္စည်းလေးတွေ ရှိတတ်ကြမှာပါ။ ဥပမာ သော့တွေ၊ ကဒ်တွေ၊ တယ်လီဖုန်းစတာတွေပေါ့။ ဒီအရာတွေကို တစ်ခုစီပျောက်မှ အော်နေမယ့်အစား အဲဒီလို စုထည့်ပေးထားတာ ရှာရလွယ်သလို အချိန်ကုန်လည်း သက်သာစေပါတယ်။

၈။ ပစ္စည်းတွေကို သုံးပြီး ထားနေကြနေရာ မထားဖြစ်ဘူးဆိုရင်လည်း ပုံးတစ်ခုထားလိုက်ပါ
တချို့လူတွေက သုံးပြီး ပစ္စည်း ထားနေကြနေရာ ပြန်ထားဖို့ ဘယ်လိုမှ ပြောလို့ မရပါဘူး။ ဒီလိုဆိုရင်တော့ ပုံးတစ်ပုံးလုပ်ထားပြီး အဲဒီထဲမှာ ထည့်ဖို့ ပြောပါ။ အိမ်သန့်ရှင်းရေး လုပ်ပြီးတိုင်း အဲဒီပစ္စည်းတွေကို သူ့နေရာသူ ပြန်ထားလိုက်ရင် အဆင်ပြေသွားပါပြီ။

ဒီအချက်တွေကို အိမ်မှာ စမ်းကြည့်ပါ။ ဒါမှမဟုတ် အခရာပရိသတ်ကြီးသိတဲ့ အိမ်ရှင်းတဲ့နေရာမှာ အသုံးဝင်တဲ့ အချက်လေးတွေ ရှိရင်လည်း ပြောသွားပေးပါဦး။

Yoe Lu (Akhayar)

Source : brightside.me