အားငယ်နေချိန်မှာ ချစ်တဲ့သူတွေဆီကနေ အကြားချင်ဆုံး စကားများ

အားငယ်နေချိန်မှာ ချစ်တဲ့သူတွေဆီကနေ အကြားချင်ဆုံး စကားများ

ကျွန်တော်တို့မှာ ဘယ်လောက်ပဲ သန်မာချင်ယောင်ဆောင်ဆောင်၊ ဒရာမာတွေ မများဘူးပဲ ပြောပြော စိတ်အားငယ်တဲ့အချိန်တွေ ရှိတတ်ကြပါတယ်။ စိတ်ခွန်အားပြင်းတဲ့သူတွေလည်း အသွေးနဲ့ အသားနဲ့ လူတွေပဲမို့ ခံစားတတ်ကြပါတယ်။ အထူးသဖြင့် နှလုံးသားရေးရာ ကိစ္စမှာပေါ့။ ကျွန်တေ်ာတို့ ချစ်သူနဲ့ အဆင်မပြေတဲ့အချိန်၊ ကျွန်တော်တို့ အားငယ်တဲ့အချိန်၊ ကျွန်တော်တို့ စိတ်အလိုမကျဖြစ်နေတဲ့အချိန်တွေမှာ ကျွန်တော်တို့ ချစ်တဲ့သူတွေဆီကနေ (ဥပမာ သူငယ်ချင်းတွေနဲ့ မိသားစုဆီက) ဒီလို စကားတွေ ကြားချင်တတ်ကြပါလိမ့်မယ်။ ဒါပေမယ့် မကြားရတာ များပါတယ်။ သူတို့က ကိုယ့်ကို မချစ်လို့မဟုတ်ဘဲ ကိုယ်ဘာတွေ ကြားချင်တယ်ဆိုတာ မသိလို့ရယ်၊ ချစ်ပေမယ့် အားပေးစကားတွေ ပြောမပြတတ်လို့ရယ် မကြားတတ်ကြတာပါ။ ကျွန်တော်တို့ ကြားချင်နေတာ ဒါလေးတွေပါ။ ကျေးဇူးပြု၍ ပြောပေးပါဦး။

“မင်းမရှိရင် ငါတို့လည်း လွယ်မှာ မဟုတ်ဘူး။ မင်းက ပြဿနာကောင်မဟုတ်ပါဘူး။ မင်းကို ငါတို့ လိုအပ်ပါတယ်။ ဘာလို့ ထွက်သွားမှာလဲ။”
“သူများတွေ ကြိုက်ဖို့ အတင်းလုပ်မနေပါနဲ့။ ဒီလောကမှာ မင်းကို သဘောကျတယ်သူတွေ၊ မင်းကို ဆွဲဆောင်မှုရှိတယ်လို့ ထင်တဲ့သူတွေ အများကြီး ရှိဦးမှာပါ၊ မင်းကို မကြိုက်တဲ့သူတွေအတွက် အချိန်ကုန်ခံမနေနဲ့။”
“ကိုယ့်ဆီကနေ ကူညီထောက်ပံ့မှုတွေ ယူနေပြီး ကျေးဇူးမတင်တတ်တဲ့သူတွေကို မလိုအပ်ပါဘူး၊ ဝဲလိုက်စမ်းပါ”
“ကိုယ်က Perfect မဖြစ်လို့၊ ကိုယ်က အားလုံးလိုက်မလုပ်နိုင်လို့ ဆိုပြီး ဘယ်သူကမှ စိတ်ပျက်နေမှာ မဟုတ်ဘူး။ လူတိုင်းရဲ့ ဆန္ဒတွေကို လိုက်ဖြည့်စည်းပေးရအောင်လည်း မင်းက စက်မဟုတ်ဘူး။”
“မင်းရဲ့ ရည်းစားနဲ့ ဘဝအတွက် အရေးကြီးတဲ့ ကိစ္စတွေမှာ သဘောထားမတူ၊ ရန်တွေ ခဏခဏ ဖြစ်နေရင် အတင်းကြီး လိုက်လျောပြင်ဆင်နေရတာ မဟုတ်သေးပါဘူး။ ပြိုတော့မယ့် အိမ်ကို တိပ်နဲ့ လိုက်ကပ်နေလည်း အချိန်ကုန်တာပဲ ရှိမှာပါ။ ဒီတော့ အိမ်အသစ်သာ ဆောက်ဖို့ ပြင်ပါ။”
“တစ်ခုခုအဆင်မပြေဘူးလို့ ခံစားနေရပြီဆိုရင် အဲဒ့ါကို ဖြေရှင်းဖို့ တစ်ခုခုထလုပ်လိုက်တော့။ တခြားသူတွေကို အကူအညီတောင်းရတဲ့အထိ ဆိုးဝါးသွားတာကို စောင့်မနေဘဲ ကိုယ့်ဘာသာ မြန်မြန်ဖြေရှင်းတာ အကောင်းဆုံးပဲ”
“မင်းမှားတာဖြစ်ဖြစ်၊ မှားတာ ဖြစ်ဖြစ်၊ နောက်ဆုံး ငါ့ကို စိတ်ဆိုးနေရင်တောင် ငါမင်းနားက ထွက်သွားမှာ မဟုတ်ဘူး”
“ငါမင်းကို မှန်တယ်၊မှားတယ်ပြောဖို့ လာတာမဟုတ်ဘူး၊ မင်းကို ကူညီဖို့နဲ့ မင်းဘေးမှာ ရှိချင်လို့ နေနေတာပါ”
ဒီစကားတွေဟာ ပြောရတာ ဘာမှ မခက်ပေမယ့် တကယ်အားငယ်နေတဲ့အချိန်မှာတော့ အရမ်းကို ကြားချင်တဲ့ စကားတွေပါ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ပြောပေးပါဦး။

Yoe Lu (Akhayar)

Source : brightside.me