လေယာဉ်ပေါ်မှာ ဆက်မလုပ်သင့်တဲ့ အပြုအမူဆိုးတွေဆိုတာ ဘာတွေများပါလိမ့်

လေယာဉ်ပေါ်မှာ ဆက်မလုပ်သင့်တဲ့ အပြုအမူဆိုးတွေဆိုတာ ဘာတွေများပါလိမ့်

တစ်နှစ်မှာ လူပေါင်း ၄.၃ သန်းလောက်က လေယာဉ်စီးပြီးတော့ ခရီးတွေကို မဖြစ်မနေ သွားလာနေကြရပါတယ်။ အဲဒီလို ခရီးသွားတဲ့အခါမှာ တချို့တွေက လေယာဉ်ပေါ်မှာ စည်းမရှိကမ်းမရှိနဲ့ ငါအဆင်ပြေရင် ပြီးရောဆိုပြီး နေထိုင်တတ်ကြတဲ့သူတွေနဲ့လည်း မလွဲမရှောင်သာ တွေ့ကြုံတတ်ကြရပါတယ်။ ခရီးတစ်ထောက်သွားတဲ့အချိန်မျိုးမှာ အဲဒီလိုတစ်ကိုယ်ကောင်းဆန်နေထိုင်မှုတွေကြောင့် အဆင်မပြေလို့ အဲဒီလိုမနေပါနဲ့လို့ သွားပြောဖို့ကလည်း မကောင်းတဲ့အတွက် စိတ်ဖိစီးမှုအဖြစ်ခံပြီး စီးခဲ့ရတာမျိုးတွေ၊ လေယာဉ်မြန်မြန်ဆင်းသက်ပြီး အိမ်ပြန်ရောက်ပါစေလို့ ဆုတောင်းခဲ့တာရမျိုးတွေ ရှိခဲ့ဖူးမှာပါ။ ဒီလိုအဖြစ်ဆိုးတွေကြောင့် လေယာဉ်စီးတိုင်း စိတ်ဖိစီးမှုများခဲ့ရတယ်ဆိုရင် ကိုယ်ဘက်ကနေလည်း မသိဘဲနဲ့ အဲဒီလို အပြုအမူမျိုးတွေ လုပ်မိတာမျိုးမဖြစ်ရအောင် လေယာဉ်ပေါ်မှာ မလုပ်သင့်တဲ့ ဆိုးရွားတဲ့ အပြုအမူတွေအေကြောင်းကို ပြောပြပေးချင်ပါတယ်။

ခြေထောက်တွေကို ထိုင်ခုံတွေကြားထဲနဲ့ လက်တန်းကြားထဲထည့်ခြင်း
လေယာဉ်ထိုင်ခုံတွေမှာ ထိုင်ရတာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ သက်သောင့်သက်သာမရှိရတဲ့အထဲ နောက်ကနေ ကိုယ်ထိုင်ခုံကြားထဲ၊ လက်တန်းကြားထဲကို ခြေထောက်ထိုးပြီး ထည့်ထားရင် နေရတာ ပိုပြီး စိတ်ကျဉ်းကျပ်လာပါတယ်။ အခန့်မသင့်ရင် သူ့ခြေထောက်က ကိုယ်ခန္ဓာကိုယ်ကို လာလာထိမိကာ ယားစိယားစိဖြစ်ကာ လုံခြုံမှုမရှိသလို ခံစားရတတ်ပါတယ်။ လာလာထိမိလို့ အိပ်နေရင်းကနေ ခဏခဏလန့်နိုးရကာ အိပ်ရေးပျက်ရလို့ စိတ်တွေပါ တိုလာတာမျိုး ဖြစ်ရပါတယ်။

Putting your feet on the seat

စိတ်တွေတိုရလို့ နောက်ကိုလှည့်ကြည့်ပေးလိုက်ရင်လည်း သူများနေရာကို ကျူးကျော်မိနေလို့ အားနာမိတာမျိုးမရှိဘဲ ဖယ်ပေးဖို့တောင် စိတ်ကူးလေး တစ်စက်မှမရှိဘဲ ဘာလဲဆိုတဲ့ပုံစံမျိုးနဲ့ ပြန်ကြည့်တာမျိုးတွေတောင် ရှိတတ်ပါတယ်။ အဲဒီလိုမျိုးနေထိုင်တာက သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေတာမို့ မတော်တဆလုပ်မိသွားရင်တောင် ဆောရီးပါလို့ မဖြစ်မနေ ပြောပေးသင့်ပါတယ်။ ထိုင်ရတာ ကြာလာလို့ ညောင်းညာတာ ၊ ခါးတွေနာလာလို့ အကြောဆန့့်ချင်ရင် လမ်းထလျှောက်ပေးတာမျိုး၊ အိမ်သာသွားပြီး အကြောဆန့်တာမျိုး လုပ်ပေးပါ။

ကိုယ်ရဲ့နေရာက အဲကွန်းကိုကျော်ပြီး သူများအဲကွန်းကိုပိတ်ခြင်း
လေယာဉ်ပျံသန်းနေစဉ်အတွင်းမှာ လေယာဉ်ပေါ်ရှိ လေဖိအားဟာ အဆမတန်ကျဆင်းနေတတ်တဲ့အတွက် ဟိမဝန္တာတောင်ပေါ်မှာ လွင့်မျောနေသလိုမျိုး ခံစားရစေမှာပါ။ ဒါပေမယ့် လေယာဉ်စီးတဲ့အခါတိုင်း အဲလိုခံစားမှုမျိုး မခံစားကြရဘူးမှတ်လား။ ဘာကြောင့် အဲဒီလိုမခံစားရတာလဲဆိုတော့ လေယာဉ်ပေါ်မှာ အဲကွန်းတွေ ဖွင့်ထားပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲကွန်းတွေဖွင့်ထားတဲ့အခါ အပူချိန်ဟာ အရမ်းကြီး မကျသွားတဲ့အတွက် ဖျားနာမှုတွေနဲ့ တုတ်ကွေးဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားပေါက်ဖွားမှုနှုန်းကလည်း မတိုးမြင့်လာစေပါဘူး။ ကိုယ်ထိုင်ခုံအပေါ်က အဲကွန်းကိုသာ ပိတ်လိုက်မယ်ဆိုရင် ဘတ်တီးရီးယားတွေဟာ လေယာဉ်ပေါ်မှာ လွယ်လွယ်ကူကူ ရှင်သန်နိုင်သွားပါလိမ့်မယ်။ အအေးဒဏ်မခံနိုင်လို့ အဲကွန်းကို ပိတ်တာမျိုးဟာ ကိုယ်နဲ့ ကိုယ်အနီးပတ်ဝန်းကျင်က လူတွေကို အန္တရာယ်ဖြစ်စေနိုင်လို့ ကိုယ်ခေါင်းပေါ်က အဲကွန်းမဟုတ်ရင် သွားပြီးတော့ မပိတ်ပါနဲ့။ ဘယ်လိုမှ အအေးဒဏ်မခံနိုင်လို့ ပိတ်ချင်တယ်ဆိုရင်တောင် ကိုယ်ခုံပေါ်ကို အဲကွန်းကို ပိတ်တာမျိုး၊ အနွေးထည်ဝတ်တာမျိုး၊ ပဝါလေးခြုံပြီးနေတာမျိုး လုပ်ပါ။ ကိုယ်ကြောင့်သူများတွေ ဒုက္ခရောက်တာမျိုး ဖြစ်အောင်တော့ မလုပ်ပါနဲ့နော်။

Turning off the air con

လေယာဉ်ဆင်းသက်ဖို့ အချိန်နီးနေမှ အိပ်စက်နေမိတာမျိုး
လေယာဉ်ဆင်းသက်ခါနီးမှာ အိပ်ပျော်နေတာမျိုးကို လူတိုင်းလိုလို တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း လေယာဉ်ဆင်းခါနီးရင် လူတိုင်းဟာ ထိုင်ခုံကနေထပြီး အထုပ်တွေပြင်ကာ ဆင်းသက်ဖို့ ပြင်ဆင်တတ်ကြပါတယ်။ ကိုယ်က လျှောက်လမ်းဘက်မှာ ထိုင်နေရင် ကိုယ်ကိုကျော်ပြီး ထွက်မရလို့ ပြင်ဆင်ဖို့ အခက်ကြုံတာမျိုး၊ ကိုယ်အိပ်ပျော်နေလို့ ကိုယ်မိသားစုဝင်တွေ ဆင်းသက်ဖို့ ပြင်ဆင်နေတာကို မကူညီလိုက်နိုင်တာမျိုး၊ မိသားစုဝင်တွေဘက်ကနေလည်း အိပ်ပျော်နေတဲ့သူူကို နိုးဖို့ခက်လို့ ပြင်ရဆင်ရတာ ပြီးသင့်ရဲ့နဲ့မပြီးဘဲ အချိန်ပိုကြန့်ကြာတာမျိုး ၊ လေယာဉ်ပေါ်ရှိ ဝန်ထမ်းတွေကလည်း နှိုးရအခက်ဖြစ်နေပြီး သူတို့အလုပ်ကိုပဲ ဆက်လုပ်ရမလား ခရီးသည်ကို နှှိုးပေးရမလားဆိုပြီး ဝေခွဲရခက်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရစေနိုင်ပါတယ်။

ဒါအပြင် လေယာဉ်ဆင်းသက်ခါနီးအချိန်မှာ လေယာဉ်ဝန်ထမ်းတွေက ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ဖို့အတွက် သရုပ်ပြမှုတွေ လုပ်ဆောင်နေတဲ့အတွက် ကိုယ်က အိပ်ပျော်နေရင် ဒါတွေ လိုက်မလုပ်နိုင်ဖြစ်ကာ ဘေးအန္တရာယ်ကျတာမျိုး အခန့်မသင့်ရင် ကြုံနိုင်ပါတယ်။ လေယာဉ်စီးတယ်ဆိုတာ ဘယ်အချိန်မှာ ဘာဖြစ်နိုင်တယ်ဆိုတာ မသိနိုင်လို့ ကိုယ်လုံခြုံရေးအတွက် လေယာဉ်ပေါ်ရှိ စည်းကမ်းတွေ၊ လိုက်လုပ်ရမယ့် လုပ်ဆောင်ချက်တွေ ဘာမဆို လိုက်လုပ်ဖို့ လိုအပ်ပါတယ်။

လေယာဉ်ဝန်ထမ်းတွေကိုခေါ်တဲ့ ခလုတ်ကို ခဏခဏနှိပ်မိခြင်း
တချို့လူတွေနဲ့ လေယာဉ်ပထမဆုံးစီးတဲ့ ခရီးသည်တွေဟာ စိတ်လှုပ်ရှားမှုတွေဖြစ်ပြီး လေယာဉ်ဝန်ထမ်းတွေကို ခေါ်လို့ရတဲ့ ခလုတ်ကို ခဏခဏသွားနှိပ်မိတတ်ကြပါတယ်။ အမှန်တော့ အဲဒီခလုတ်တွေဟာ တကယ်အရေးပေါ်အခြေအနေ (ဥပမာ – လေယာဉ်ပေါ်မှ နေထိုင်မကောင်းဖြစ်နေတာမျိုး ၊ ကိုယ်ဘေးကလူ နေမကောင်းဖြစ်နေတာမျိုး) ဖြစ်မှ နှိပ်ပြီး အကူအညီတောင်းရမယ့် ခလုတ်မျိုး ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင်လုပ်နိုင်ရဲ့သားနဲ့ ခဏခဏနှိပ်ပြီး ခေါ်ကာ ဟိုဟာလေးလုပ်ပေးပါဦး ဒီဟာလေးလုပ်ပေးပါဦးဆိုပြီး အလုပ်လုပ်နေတဲ့သူကို အနှောင့်အယှက်ပေးတာမျိုးက တကယ်ကို မလုပ်သင့်တဲ့ အပြုအမူမျိုးပါ။

Ringing the flight attendant button

လေယာဉ်ပေါ်ရှိပစ္စည်းတွေထည့်လို့ရတဲ့နေရာကို မောင်ပိုင်စီးထားခြင်း
လေယာဉ်စီးတဲ့အခါ ခရီးအတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ ပျောက်ဆုံးနိုင်ခြေရှိတဲ့ ပစ္စည်းတွေကို ကိုယ်နဲ့တစ်ပါးတည်း သယ်ဆောင်ချင်ကြလို့ လေယာဉ်ပေါ်ကို ယူဆောင်လာတတ်ကြတာ သဘာဝပါ။ ယူလာပြီးရင်လည်း လေယာဉ်ပေါ်ရှိပစ္စည်းတွေထည့်လို့ရတဲ့နေရာလေးမှာ စုပြုံပြီး ကိုယ်ပစ္စည်းတွေကိုပဲ နေရာအပြည့်ယူပြီး ထည့်တဲ့အတွက် နောက်လူထည့်ဖို့ နေရာမကျန်တာမျိုး အမြဲလိုလို ဖြစ်တာကို တွေ့ရပါတယ်။ ကိုယ်ထိုင်ခုံရဲ့ အပေါ်မှာရှိတဲ့ ပစ္စည်းထည့်တဲ့နေရာက ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်သလို ကိုယ်ပဲပိုင်တာမျိုးလည်း မဟုတ်ပါဘူး။ အဲ့ဒီတော့ ကိုယ်မပိုင်တဲ့နေရာမှာ ကိုယ်အဆင်ပြေအောင်ဆိုပြီး ပစ္စည်းတွေ အပြည့်ထည့်ထားလိုက်ရင် နောက်လူအတွက် ဘယ်လိုမှ အဆင်ပြေစေမှာ မဟုတ်ပါဘူး။ အဲဒီနေရာဟာ ခရီးသည်တွေတိုင်းနဲ့ သက်ဆိုင်လို့ သူဘက်ကိုယ်ဘက်ကြည့်ပြီး မျှဝေသုံးလိုက်ရင် ခရီးလမ်းတစ်လျှောက်လုံးဟာ အဆင်ပြေချောမွေ့သွားမှာပါ။ ကိုယ်ကမေ့လျောပြီး ပစ္စည်းတွေအပြည့်တင်ထားမိလို့ လေယာဉ်ဝန်ထမ်းတွေ လာပြောရင်လည်း အသာတကြည် ရွေ့ပေးဖို့ မမေ့ပါနဲ့နော်။

Hogging the overhead bins

တစ်ကိုယ်ရည်သန့်ရှင်းရေးကိုဂရုမစိုက်ဘဲလေယာဉ်စီးခြင်း
ကိုယ်ခန္ဓာကိုယ်ဖြစ်လို့ တစ်ကိုယ်ရေးသန့်ရှင်းရေးကို လုပ်ရင်လည်း လုပ်မယ် မလုပ်ရင်လည်း မလုပ်ဘူးဆိုတာ ကိုယ်ရဲ့ ရွေးချယ်မှုပါ။ ဒါပေမယ့် သေချာတာကတော့ ဘယ်သူမှ အနံ့ဆိုးတွေထွက်နေတဲ့သူနားမှာ ကြာကြာ မထိုင်ချင်ကြပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုလူနား မထိုင်ချင်ဘူးဆိုရင် ကိုယ်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးကိုတော့ အနည်းအကျဉ်းဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်အနံ့အသက်၊ ပါးစပ်အနံ့အသက်တွေကို ဂရုစိုက်ပေးပါ။ ပါးစပ်အနံ့အသက် မကောင်းတာမျိုး ဖြစ်တတ်တဲ့သူဆို ပီကေဆောင်ထားတာမျိုး လုပ်သင့်သလို လေယာဉ်မစီးခင် ရေမိုးချိုး၊ ခေါင်းလျှော်တာမျိုး လုပ်ပြီးမှ စီးတာမျိုး လုပ်ပေးပါ။

အခုဖော်ပြထားတဲ့အထဲက တချို့အရာလေးတွေက တမင်တကာရည်ရွယ်ပြီး လုပ်မိတာမျိုး မဟုတ်ပေမယ့် မသိလိုက်ဘဲ လုပ်မိလို့ လူတွေဆီကနေ လူယဉ်ကျေးမှုမသိတဲ့လူဆိုပြီး ထင်ခံရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို မေ့လျောပြီး လုပ်မိတာမျိုးကြောင့် လူတွေ ငြိုငြင်ခံရတာမျိုး မဖြစ်စေဖို့ ဒီနေ့ ဒီအချိန်ကစပြီး သတိထားပြီး ပြုမူနေထိုင်လိုက်ကြရအောင်နော်။ ပရိသတ်ကြီးအနေနဲ့ လေယာဉ်ပေါ်မှာ ဘယ်လိုအပြုအမူဆိုးတွေ ကြုံတွေ့ဖူးလဲဆိုတာကို စိတ်ပေါ့ပါးသွားအောင် ဒါလေးကို ဖတ်ပြီး ရင်ဖွင့်ပြောကြည့်လို့လည်း ရပါတယ်နော်။ ခရီးသွားတိုင်း စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ ခရီးသွားနိုင်ကြပါစေ။

H.H(Akhayar)