ကောင်မလေးရဲ့မိဘတွေနဲ့ တွေ့တဲ့အခါ အမှတ်ပြည့်ရအောင် ဘယ်လိုလုပ်ကြမလဲ

ကောင်မလေးရဲ့မိဘတွေနဲ့ တွေ့တဲ့အခါ အမှတ်ပြည့်ရအောင် ဘယ်လိုလုပ်ကြမလဲ

ယောကျာ်းလေးတွေရဲ့ဘဝမှာ စိတ်ဖိစီးမှုအဖြစ်ရဆုံးအချိန်နဲ့ စိတ်အလှုပ်ရှားရဆုံး အချိန်ကတော့ ကိုယ်ကောင်မလေးရဲ့ မိဘတွေနဲ့ တွေ့ရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ မိတ်ဆက်ပေးတဲ့အခါ ကောင်မလေးတွေရဲ့ မိဘတွေဆီကနေ အမှတ်ကောင်းကောင်းနဲ့ မျက်နှာရပြီး အကောင်းဆုံးတွေ့ဆုံမှုလေးဖြစ်ဖို့က ယောကျာ်းလေးတိုင်းရဲ့ အလိုချင်ဆုံးဆုတစ်ခုပါ။ အမှတ်ကောင်းကောင်းနဲ့ မျက်နှာရဖို့ဆိုရင်တော့ တွေ့ဆုံနေတဲ့အချိန်မှာ အမှားတွေမလုပ်မိဖို့ သေချာပေါက် လိုအပ်ပါတယ်။ အဲဒီလို မလုပ်မိဖို့အတွက်ဆိုရင် ပွဲမဝင်ခင် အပြင်ကကျင်းပဆိုတဲ့ စကားပုံလေးအတိုင်း ကောင်မလေးရဲ့ မိဘတွေနဲ့ မတွေ့ဆုံခင် သေချာပေါက် ဒီအချက်လေးတွေကို ကြိုတင်ပြင်ဆင်သွားပါနော်။

ကောင်မလေးမိဘတွေရဲ့အချစ်ပုံပြင်ကို အနည်းအကျဉ်း သိအောင်လုပ်သွားပါ
ကိုယ်ကောင်မလေးရဲ့ မိဘတွေ ဘာတွေကို ကြိုက်ပြီး ဘာတွေကို မကြိုက်ဘူးလဲဆိုတာကို လေ့လာပြီးသွားပြီဆိုရင်တော့ သူတို့ရဲ့ အချစ်ပုံပြင်ကို အနည်းအကျဉ်းလေးသိအောင်လုပ်ထားဖို့ လိုပါလိမ့်မယ်နော်။ သူတို့ရဲ့ အချစ်ပုံပြင်ကို သိထားခြင်းဟာ စကားပြောတဲ့အခါ အကူအညီကြီးကြီး ရစေပါလိမ့်မယ်။ သူတို့က လူငယ်သဘာဝ ချစ်ကြိုက်ပြီးတော့ယူတာလား အိမ်ကပေးစားလို့ ယူတာလားဆိုတာမျိုးကို သိထားရင် ဘဝကြီးကို ဘယ်လိုတည်ဆောက်မှာလဲ အချစ်ပေါ် ဘယ်လိုခံယူထားလဲဆိုတဲ့ မေးခွန်းတွေ မေးရင် သူတို့အကြိုက်လိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် ဖြေဖို့ လွယ်ကူသွားပါလိမ့်မယ်။

အဝတ်အစားကို ကြိုတင်ပြင်ဆင်ပါ
ဘယ်လိုကိစ္စမျိုးကိုပဲလုပ်လုပ် First Impression ကောင်းဖို့က အရေးကြီးပါတယ်နော်။ First Impression ကောင်းတဲ့အပေါ် မူတည်ပြီး ပြောင်းလဲမှုတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးတွေ့တဲ့အခါ စကားမပြောခင် လူကို အရင်မြင်တတ်ကြတာမို့ ပြောရမယ့်စကားတွေပဲ စဉ်စားသွားမယ့်အစား ပထမဦးဆုံးမြင်တဲ့အခါ အမှတ်ပြည့်ရစေဖို့ ဝတ်စားဆင်ယင်မှုကိုလည်း ဂရုစိုက်သွားပါ။ ကောင်မလေးရဲ့ မိဘနဲ့တွေ့တဲ့အခါ Formal ကျလွန်းတဲ့ အဝတ်အစားမျိုးတွေနဲ့ ထသွားထလာအဝတ်အစားမျိုးတွေ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။ အကောင်းဆုံးကတော့ ကိုယ်ကောင်မလေးကိုမေးပြီး ကောင်မလေးရဲ့မိဘတွေ ကြိုက်တတ်တဲ့ပုံစံနဲ့ အရောင်မျိုးလေးတွေ ရွေးချယ်ဝတ်ဆင်ကာ သူတို့ကို အလေးအနက်ထားကြောင်း ပြသပေးတာက အမှတ်ပိုရစေပါတယ်။

လက်ဆောင်ယူသွားပါ
ကောင်မလေးအိမ်ကို သွားပြီး ကောင်မလေးရဲ့မိဘတွေနဲ့ တွေ့ဆုံရင် လက်ဆောင်ယူသွားဖို့ လုံးဝမမေ့ပါနဲ့။ လက်ဆောင်ယူသွားတဲ့အခါမှာလည်း သတိထားပြီး လက်ဆောင်ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဈေးအရမ်းကြီးလွန်းတဲ့ လက်ဆောင်မျိုးတွေနဲ့ လက်ခံတဲ့သူကို စိတ်ကျဉ်းကျပ်စေတဲ့ လက်ဆောင်မျိုးတွေကို မပေးမိအောင် ရှောင်ကြဉ်သင့်ပါတယ်။ အသီးလေးတွေ၊ စာဖတ်ဝါသနာပါတဲ့သူတွေအတွက်ဆို စာအုပ်ကောင်းကောင်းလေးတွေ၊ ပန်းလေးတွေ ယူဆောင်သွားပြီး ပေးခြင်းကတော့ အကောင်းဆုံးပါပဲ။

ဖေဖေ ၊ မေမေဆိုပြီး ချက်ချင်းမခေါ်မိပါစေနဲ့
ပထမဦးဆုံး စတွေ့တွေ့ချင်းမှာပဲ ဖေဖေ၊ မေမေဆိုပြီး ခေါ်မိတာဟာ အမျိုးသားတိုင်း လုပ်မိတတ်တဲ့ အကြီးမားဆုံး အမှားတစ်ခုပါပဲ။ သူတို့ဘက်က ကိုယ်ကို ဘယ်လိုသဘောထားလဲဆိုတာကို မသိသေးဘဲနဲ့ ဖေဖေ၊ မေမေလို့ တန်းခေါ်ခြင်းက အခေါ်ခံရတဲ့သူဘက်ကလည်း ကသိကအောင့်ဖြစ်သလို ရှော့ရသွားတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ စတွေ့တွေ့ချင်းမှာဆို ဦးဦး၊ဒေါ်ဒေါ်ဆိုပြီးပဲ ရိုရိုသေသေလေး ခေါ်ပေးပါ။ အဲဒီလို ခေါ်တာကိုမှ သူတို့မကြိုက်ဘူးဆိုရင် ဘယ်လိုခေါ်စေချင်လဲ မေးပြီး သူတို့ခေါ်စေချင်တဲ့ ပုံစံကို ပြောင်းလဲခေါ်ပေးပါ။

ဖုန်းပိတ်ထားတာပဲဖြစ်ဖြစ်၊ အသံပိတ်ထားတာပဲဖြစ်ဖြစ် လုပ်ထားပါ
တစ်ဘဝလုံးစာအတွက် အရေးကြီးတဲ့ တွေ့ဆုံမှုမျိုးလုပ်နေတဲ့အချိန်မှာ မလိုလားအပ်တဲ့ အသံကြောင့် အနှောင့်အယှက်ဖြစ်ပြီး အမှတ်လျော့ခံရတာမျိုး၊ မျက်မုန်းကျိုးခံရတာမျိုး မဖြစ်စေဖို့ ဖုန်းပိတ်ထားတာပဲဖြစ်ဖြစ်၊ အသံပိတ်ထားတာပဲဖြစ်ဖြစ် လုပ်ထားပါ။ ဒါမှသာ လူယဉ်ကျေးလေးဆိုပြီး ကောင်မလေးရဲ့မိဘတွေဆီကနေ အမှတ်တွေ အပြည့်သိမ်းယူနိုင်မှာ ဖြစ်ပါတယ်။

မိဘတွေဘက်က မောက်မောက်မာမာဆက်ဆံရင်တောင် ယဉ်ယဉ်ကျေးကျေး ပြန်ဆက်ဆံပါ
ပထမဦးဆုံးတွေ့ဆုံမှုကို ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်သူမှ ကြိုမသိကြပါဘူး။ မိဘတွေက သဘောမတူပေမယ့်လည်း ကိုယ်သားသမီးစိတ်ချမ်းသာအောင်ဆိုပြီး ခေါ်တွေ့ပေးတဲ့အခါ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောဆိုဆက်ဆံတတ်ကြပါတယ်။ အဲဒီလို ပြောဆိုခံရရင်တောင် ကိုယ်က သူတို့နဲ့ ပြိုင်ပြီး ရိုင်းတာမျိုးမလုပ်ဘဲ စိတ်ကို အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ထားပြီး ယဉ်ယဉ်ကျေးကျေး ပြန်လည်ပြုမူပါ။ အချစ်ပုံပြင်တွေအားလုံးဟာ မချောမွေ့တတ်ကြဘူးဆိုတာကို နားလည်သဘောပေါက်ထားပြီး ကိုယ်ချစ်တဲ့သူရဲ့ မိဘတွေဖြစ်တယ်ဆိုတာကို ပြန်သတိရလိုက်ပါ။ သူတို့ဘယ်လိုပဲ ဆက်ဆံ ဆက်ဆံ လေးစားသမှုနဲ့ ယဉ်ယဉ်ကျေးကျေး ပြန်ဆက်ဆံပေးရင် အနာဂတ်မှာ သူတို့ဆီကနေ ကျေးဇူးတင်တာကိုတောင် ပြန်လည်ရရှိလာပါလိမ့်မယ်။

ကဲ….ဒီအချက်တွေကိုသာ ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင် အမှတ်ပြည့်ရရုံတင်မကဘဲ သူတို့ဆီက အချစ်တွေကိုပါ သိမ်းပိုက်ရရှိနိုင်မှာမို့ ပြင်ဆင်ဖြစ်အောင် ပြင်ဆင်သွားဖို့ တိုက်တွန်းချင်ပါတယ်နော်။

H.H(Akhayar)