Marvel Studio ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ Avengers: Endgame (စံချိန်ချိုးနိုင်ခဲ့ပြီလေ)

Marvel Studio ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ Avengers: Endgame (စံချိန်ချိုးနိုင်ခဲ့ပြီလေ)

ကဲ…..အားလုံးလည်းသိကြတဲ့အတိုင်း Avengers: Endgame က ဝင်ငွေအများကြီးရတဲ့ကားဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးရုပ်ရှင် Avatar ဇာတ်ကားကို ကျော်ဖြတ်ဖို့ အသဲအသန်ကြိုးစားနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်မှာ Avatar ကို ကျော်မလားဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ၆ မိနစ်စာ အပိုအပိုင်းလေးထည့်ပြီး ထပ်မံရုံတင်ခဲ့ပါသေးတယ်။

ကြည့်ရတာတော့ Marvel Superhero ရုပ်ရှင်တွေကို တခဲနက်အားပေးခဲ့တဲ့ ပရိသတ်တွေရဲ့ ကြည့်ရှုမှုအားကောင်းလွန်းလို့ထင်ပါတယ်။ နောက်ဆုံးမှာ ရာဇဝင်တွင်တဲ့ Avatar ဇာတ်ကားကြီးရဲ့ ရုံဝင်ငွေကို ကျော်တက်သွားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိအချိန်မှာ Avengers: Endgame ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပါပြီ။

ဒီလိုအောင်မြင်မှုကြီးရခဲ့တာကို Marvel ရဲ့ တာဝန်ရှိသူ Kevin Feige နဲ့ အဖွဲ့သားတွေက ဆန်ဒီရေဂိုမှာ ဇူလိုင် ၁၈ ရက်နေ့ကနေ ၂၂ နေ့ထိပြုလုပ်တဲ့ Comic-Con မှာ စနေနေ့တုန်းက ကြေညာခဲ့တာဖြစ်ပါတယ်။ အစက ဒေါ်လာ ၂,၇၈၉.၂ ဘီလီယံရှိနေပြီဖြစ်တဲ့ Endgame ဟာ ဒေါ်လာ ၂,၇၈၉.၇ ဘီလီယံရှိတဲ့ Avatar ဇာတ်ကားကိုမီဖို့ ဒေါ်လာ ၅ဝဝ,ဝဝဝ လောက်လိုနေခဲ့တာပါ။ ဒါပေမယ့်လွန်ခဲ့တဲ့ရက်တွေမှာ ရုပ်ရှင်ရဲ့ကမ္ဘာလုံးဆိုင်ရာရုံဝင်ငွေတွေကို ပြန်ပေါင်းရင်းနဲ့ အပိုဝင်ငွေတွေထပ်ရတာကို Disney က တွေ့ရှိခဲ့ပါတယ်။ (Hollywood Reporter ရဲ့ သတင်းအရ Endgame ဟာ လွန်ခဲ့တဲ့အပတ်မှာ နောက်ထပ် ဒေါ်လာ ၂.၈ မီလီယံရှာပေးနိုင်ခဲ့ပါတယ်တဲ့)

ဆယ်နှစ်တာလုံး ရုံဝင်ငွေသမိုင်းကို ကြီးစိုးထားတဲ့ သူ့ခေတ်သူ့အခါက နာမည်အရမ်းကြီးခဲ့တဲ့ James Cameron ရဲ့ Sci-fi Avatar ဇာတ်ကားစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာကြောင့် Disney ရဲ့ Co-Chairman ဖြစ်တဲ့ Alan Horn က ဘာပြောခဲ့လဲဆိုတော့

“Marvel Studios နဲ့ Walt Disney Studios အဖွဲ့သားတွေအတွက် အကြီးအကျယ်ဂုဏ်ပြုပါတယ်။ ပြီးတော့ Avengers: Endgame ကို ဒီလိုသမိုင်းဝင်တဲ့ အမြင့်ဆုံးနေရာအထိ တွန်းတင်ပေးခဲ့တဲ့ ကမ္ဘာအနှံ့ကပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”

လို့ပဲဖြစ်ပါတယ်။ Avengers: Endgame က ရုံစတင်ကတည်းကိုက စံချိန်တွေအများကြီးချိုးနိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Sci-fi ကားကောင်းတစ်ကားဖြစ်တဲ့ Avatar ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပေမယ့် Avatar ရဲ့ သက်ရောက်မှုကလည်း ကျန်ရှိနေဦးမှာပါပဲ။ ဘယ်လိုနေနေ ဒီဇာတ်ကားနှစ်ကားလုံးကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖန်တီးသူတွေ ၊ ထုတ်လုပ်သူတွေရဲ့ အရည်အချင်းက ပြောင်မြောက်လွန်းတယ်ဆိုတာကိုတော့ ငြင်းဆန်လို့မရပါဘူး။

Photo Credit

Source: Hollywood Reporter, Variety

Piki (Akhayar)

www.akhayarmedia.com