ခရီးသွားနေတုန်း ဖျားနာခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ

ခရီးသွားနေတုန်း ဖျားနာခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ

ခရီးသွားတယ်ဆိုတာ Stress တွေ ပြေလျော့ဖို့၊ အနားယူဖို့ ဆိုပေမယ့် ခရီးသွားနေတုန်း ဖျားနာရင်တော့ Stress တွေ ပိုပြီး ပိတတ်ပါတယ်။ အထူးသဖြင့် အလုပ်နဲ့ ခရီးမကြာခဏသွားရတဲ့သူတွေဆိုရင် ပိုဆိုးပေါ့၊ အလုပ်က ရှိပါတယ်ဆိုမှ အိပ်ရေးပျက်လို့ ဖြစ်ဖြစ်၊ ဒေသစာတွေ မတည့်တာ ဖြစ်ဖြစ် ဖျားပြီ၊ နာပြီဆိုရင် သိပ်စိတ်အနှောက်အယှက်ဖြစ်ရပြီ။

ခရီးသွားနေတုန်းအဖြစ်များတာကတော့ အိပ်ရေးပျက်တာနဲ့ အအေးမိတာပါ။ ဒါတွေကို ကြိုတင်ကာကွယ်ဖို့ဆိုရင် လေဆိပ်၊ကားဂိတ်၊ သင်္ဘောဆိပ်ကစပြီး ဂရုစိုက်ရပါမယ်။ ခရီးမသွားခင် ကိုယ့်မှာ ရှိနေတဲ့ ရောဂါတွေနဲ့ ဖြစ်တတ်တဲ့ ဝေဒနာတွေကို ဆရာဝန်ကြိုပြထားသင့်ထားရပါမယ်။ ဆေးတွေကိုလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ လိုလိုမည်မည်ထည့်သွားပါ။

သမားတော် Dr.Navya Mysore ကတော့ “ခရီးသွားသူတွေဟာ အိမ်ကနေ ထွက်ပြီး နယ်အဝေးရောက်တာနဲ့ အပန်းပြေတယ်လို့ သဘောမထားဘဲ ခရီးသွားတဲ့အချိန်မှာလည်း ကောင်းကောင်းအိပ်စက်၊ ကောင်းကောင်းစား၊ လေ့ကျင့်ခန်းလေးဘာလေးလုပ်၊ လူမှုကွန်ရက်သုံးတာတွေ ဖြတ်၊ Digital Detox လုပ်မှ ဖိအားတွေလျော့ကျပြီး တကယ် စိတ်အပန်းပြေတယ်ခေါ်ရမှာ ဖြစ်ပါတယ်။”လို့ ပြောပြပါတယ်။ ဒီလို အလေ့အကျင့်လုပ်ပေးတာဟာ ကိုယ်ခံအားကို ကောင်းမွန်စေရုံတင်မဟုတ်ဘဲ ခရီးသွားတဲ့အခါမှာလည်း ပေါ့ပါးနေစေမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ရေလုံလုံလောက်လောက်သောက်ဖို့ပါပဲ။ ရေဓာတ်ပြည့်ဝနေလို့ ရှိရင်၊ အစာချေဖျက်မှုလည်း ကောင်းမွန်ပါတယ်။ လေယာဉ်တွေနဲ့ ဟိုတယ်ခန်းတွေထဲက လေဟာလည်း ရေဓာတ်ခန်းခြောက်စေတဲ့ အကြောင်းအချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာနေလို့ ရေတစ်လီတာကနေ နှစ်လီတာသောက်တယ်ဆိုရင် ခရီးသွားနေတဲ့အခါ လီတာဝက်ကနေ တစ်လီတာလောက်အထိ သောက်ပေးသင့်ပါတယ်။

“လက်ကို ခဏခဏဆေးပါ၊ သေချာဆေးပါ” လို့လည်း Dr.Mysore က အကြံပေးပါတယ်။ လူထူတဲ့ နေရာတွေ သွားလည်တာနဲ့ လေယာဉ် Transit စောင့်ဆိုင်းနေတဲ့အချိန်မှာ Mask တွေ သုံးဖို့လည်း အကြံပေးထားပါတယ်။ Mask တပ်ထားရင် နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့် ကိုယ့်ကျန်းမာရေးအတွက် လိုအပ်ရင်တော့ လုပ်ရမှာပဲ ဖြစ်ပါတယ်။

လမ်းခရီးကြမ်းတာ၊ အစားအသောက်လွတ်တာနဲ့ ခရီးသွားနေတုန်း ပေါက်ကရအစားအစာတွေ လျှောက်စားမိရင်လည်း မူးဝေအော့အန်တာ ဖြစ်တတ်တဲ့အတွက်လည်း သတိထားသင့်ပါတယ်။ ဒီလို ဖြစ်ရင်တော့ ဂျင်းလှီးထားတဲ့ အစလေးတွေနဲ့ သံပုရာသီးအခြမ်းလေးတွေကို အိတ်လေးနဲ့ ထည့်သွားပြီး ရှုပေးတာဟာ သဘာဝနည်းနဲ့ အကောင်းဆုံးကုသတာပါပဲ။

အိပ်စက်ခြင်းဟာလည်း ကိုယ်ခံအားကို အားကောင်းစေပြီး ခရီးသွားတွေအတွက်တော့ ခရီးသွားနေတုန်း အိပ်ရေးဝဝအိပ်ရဖို့ဆိုတာ စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ ဒါကြောင့် Melatonin လို ဆေးမျိုးကို ခရီးဆောင်အိတ်ထဲ ဆောင်သွားပြီး မအိပ်ခင် တစ်နာရီကနေ နှစ်နာရီကြိုသောက်ပေးပါ။

Vitamin C ဟာလည်း တချို့လူတွေအတွက် အလုပ်ဖြစ်ပြီး တစ်နေ့ကို Vitamin C ၁၀၀၀ မီလီဂရမ် သောက်ပေးရင် အလွယ်တကူဖျားနာတာကို ရှောင်ရှားနိုင်ပါတယ်။ ခရီးသွားရင်းလည်ချောင်းနာနေပြီဆိုရင်တော့ ရေနွေးနွေးထဲ ဆားထည့်ထားတဲ့ ဆားရေနဲ့ ပလုပ်ကျင်းရင် သက်သာပါလိမ့်မယ်။

စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အကြောင်းတွေကိုလည်း မဖြစ်အောင် ကြိုရှောင်ထားရပါမယ်။ ဥပမာ လေဆိပ်ကို အရောက်နောက်ကျတာ မဖြစ်ရအောင် အိမ်က စောထွက်တာတို့၊ ခရီးသွားခါနီးမှ ကပ်ပြီး ခရီးဆောင်အိတ်ထည့်တာတို့ မလုပ်ဘဲ စောစောတည်းက ပြင်ဆင်ထားသင့်ပါတယ်။

ဒီအချက်တွေကတော့ ခရီးသွားတဲ့အခါ ဖျားနာပြီး စိတ်မရှုပ်ရလေအောင် ကြိုတင်ကာကွယ်ဖို့ရော၊ ကုသဖို့ရော အသုံးဝင်မယ့် အချက်လေးတွေ ဖြစ်ပါတယ်။ ခရီးသွားတိုင်း စိတ်သွားတိုင်း ကိုယ်ပါ မဖျားမနာဘဲ ပျော်ရွှင်နိုင်ကြပါစေ။

Yoe Lu (Akhayar)