Supreme (သို့) ကမ္ဘာ့ဆင်တူယိုးမှားအတုလုပ်ခံရဆုံး Brand တွေထဲက ၁ ခု

Supreme (သို့) ကမ္ဘာ့ဆင်တူယိုးမှားအတုလုပ်ခံရဆုံး Brand တွေထဲက ၁ ခု

Supreme လို့ ပြောလိုက်တာနဲ့ ရန်ကုန်က လူငယ်တွေ အရမ်းလည်း Hype ကြသလို တချို့ဆိုရင်လည်း အတုတွေ များလွန်းလို့ မဝတ်ချင်ဘူးဆိုပြီး ဖြစ်တဲ့ Brand မှန်းသိပြီးသား ဖြစ်မှာပါ။ မြန်မာနိုင်ငံမှာ Supreme ကို အမှန်အကန်ရူးသွပ်တဲ့ လူတွေ ရှိသလို ကမ္ဘာတဝန်းမှာလည်း Supreme ကို အရူးအမူးအားပေးကြတဲ့ လူတန်းစားတစ်ရပ်ရှိပါတယ်။ ဒီလို ရူးသွပ်ခံရတဲ့ Supreme ဟာ အောင်မြင်သလောက် အတုလုပ်ခံရမှုလည်း များတဲ့၊ မူပိုင်ခွင့်ချိုးဖောက်မှုအခံရဆုံး Brand တွေထဲက တစ်ခုလည်း ဖြစ်တဲ့အကြောင်းကို ဒီနေရာမှာ ပြောပြချင်ပါတယ်။

၂၀၁၈ ခုနှစ်ကုန်ခါနီးက အဖြစ်အပျက်တစ်ခုကိုပဲ ကြည့်ပါလေ။ Samsung ဟာ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်နဲ့ US Streetwear Brand ဖြစ်တဲ့ Supreme တို့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုလုပ်မယ်လို့ အံ့သြဖွယ်ကြေညာချက်ထုတ်ခဲ့ပါတယ်။ အတိအကျဆိုရရင်တော့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ပြုလုပ်တဲ့ Samsung ရဲ့ Galaxy A8s Smartphone စတင်ဖြန့်ဖြူးရောင်းချတဲ့ အခမ်းအနားမှာ ကြေညာခဲ့တာပါ။

အဲဒီမှာပဲ Supreme ရဲ့ Executive လို့ ခေါ်တဲ့ လူနှစ်ယောက်က တရုတ်နိုင်ငံအတွက် သူတို့ မျှော်မှန်းထားတဲ့ အစီအစဉ်တွေကို ရှင်းပြထခဲ့ပြီး အဲ့ဒီမှာ အထပ်ခုနှစ်ထပ်ရှိတဲ့ Flagship Store ဖွင့်မယ့်အစီအစဉ်တွေအထိ ပါဝင်ပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူတွေဟာ မူလ Supreme (အတိအကျပြောရရင် နယူးယောက်အခြေစိုက် Supreme Brand)က မဟုတ်လို့ပါပဲ။ အဲဒီလူတွေဟာ Supreme Italia လို့ လူသိများတဲ့ Brand က ဖြစ်ပြီး ဒီကုမ္ပဏီဟာ အီတလီမှာ မြစ်ဖျားခံမွေးဖွားလာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်နေတဲ့ Company ကတော့ UK ကဖြစ်ပြီး စပိန်မှာတောင် စတိုးဆိုင် ၄ ခုဖွင့်ထားပြီး ဖြစ်ပါတယ်။

Supreme New York ကတော့ ဒီကိစ္စကို ‘အတုအယောင်အဖွဲ့အစည်း” လို့ လူသိရှင်ကြားရှုတ်ချခဲ့ပါတယ်။ ဒီလို ဖြစ်ပွားမှုအပြီး သိပ်မကြားခင်မှာတော့ Samsung ဘက်ကနေ ပူးပေါင်းလုပ်ဆောင်မှုကို ပြန်စဉ်းစားခဲ့ပြီး နောက်ဆုံးတော့ ဖျက်ပါ ဖျက်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် Supreme Italia ဘက်ကတော့ တရုတ်နိုင်ငံမှာ လုပ်ငန်းတွေ ဒီထက် ထပ်ချဲ့ဖို့ အစီအစဉ်တွေ ချထားပြီးသားတောင် ဖြစ်နေပါပြီ။ ဒီလို Supreme Italia ဆိုပြီး ပြုလုပ်ခံရလောက်အောင် ဖြစ်ခဲ့တဲ့ Supreme Brand ဘယ်လို မွေးဖွားခဲ့သလဲဆိုတာလေး တစ်ချက် ခြေရာပြန်ကောက်ကြည့်လိုက်ရအောင်။

Supreme Brand ဘယ်လို စတင်ဖြစ်ပေါ်ခဲ့သလဲ
ဗြိတိန်အမေရိကန် စွန့်ဦးစီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ James Jebbia ဟာ ၁၉၉၄ ခုနှစ်မှာ Supreme Brand ကို Manhattan Skate စတိုးတစ်ခုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ Private Equity Firm တစ်ခုဖြစ်တဲ့ The Carlyle Group က ၂၀၁၇ ခုနှစ်မှာ Supreme ရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ သန်း ၅၀၀ နဲ့ ဝယ်ယူပြီးတဲ့နောက်မှာတော့ ဒီ Label ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁ ဘီလီယံကျော်သွားခဲ့ပါတယ်။

Jebbia ဟာ Streetwear Brand တွေရဲ့စည်းမျဉ်းကို ပြန်လည်ပုံဖော်နိုင်ခဲ့သူ ဖြစ်ပြီး Supreme ရဲ့ အောင်မြင်မှုကို ရူးသွပ်အောင်၊ အရမ်းလိုချင်စိတ်ဖြစ်အောင် လူမှုကွန်ရက်တွေကနေ တစ်ဆင့် တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။  Supreme ရဲ့ အဝတ်အစားတွေကို Online ကနေ ဒါမှမဟုတ် ကမ္ဘာတဝန်းမှာ ရှိတဲ့ စတိုးဆိုင်ပေါင်း ၁၁ ဆိုင်ကနေပဲ ရောင်းချနေတာ ဖြစ်ပါတယ်။ စတိုးဆိုင် ၁၁ ဆိုင်ကတော့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ၂ ဆိုင်၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ၁ ဆိုင်၊ အမေရိကန် နယူးယောက်မှာပဲ စတိုးဆိုင် ၂ ဆိုင်နဲ့ ဂျပန်မှာ စတိုးဆိုင် ၆ ဆိုင်တည်ရှိတာ ဖြစ်ပါတယ်။

Supreme ရဲ့ ဂျပန်ပရိသတ်တွေကို ဆွဲဆောင်ထားတဲ့ အရောင်းဗျူဟာကလည်း ထူးခြားပါတယ်။ တစ်ပတ်မှာ တစ်ခါ အသစ်ထုတ်တဲ့ အဝတ်အစားတွေကို အရေအတွက်ကန့်သတ်ပြီး ရောင်းပေးတာ ဖြစ်ပါတယ်။ တစ်ရာသီစာ အများကြီး ထုတ်ပြီး ရောင်းတာမျိုးမဟုတ်ပါဘူး။ ဒီနည်းဗျူဟာ ဟာ အောင်မြင်ခဲ့ပြီး Supreme စတိုးဆိုင်တွေရှေ့မှာဆိုရင် ဝယ်ယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးနဲ့ ဈေးတွေကလည်း မိုးထိအောင် ထောင်တက်နေတော့တာပါပဲ။ ဒီလို အောင်မြင်လို့လည်း ရှိနှင့်ပြီးသား Fashion Brand တွေက Supreme ရဲ့ ဈေးကွက်ဗျူဟာကို လိုက်ပုံတူကူးကုန်ကြပါတော့တယ်။

Supreme ကို ဘာလို့ အလွယ်တကူလိုက်တုကြတာလဲ
အဓိကတော့ Supreme Logo ရဲ့ အရောင်နဲ့ စာလုံးပုံစံကြောင့်ပါပဲ။ အနီခံပေါ်မှာ အဖြူရောင်နဲ့ Futura Heavy Oblique Font နဲ့ ရေးသားထားတဲ့ Logo ဟာ ထင်ရှားပြီး အတုပြုလုပ်ရလည်း လွယ်ကူပါတယ်။  ဒါကြောင့်လည်း Supreme ဟာ အခုဆိုရင် အတုလုပ်တဲ့သူတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

Supreme ဘက်ကကြည့်ရင်လည်း ၂၀၁၂ ခုနှစ်မတိုင်ခင်အထိ US မှာ အမှတ်တံဆိပ် မှတ်ပုံတင်ရေးလုပ်ဆောင်ခဲ့တာ မအောင်မြင်ခဲ့ဘဲ နောက်ပိုင်းကျမှ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ Supreme ကို အကျီၤထုတ်တာထက် ပိုအလုပ်များစေတဲ့အရာက ကိုယ့် Brand ကိုယ် ကာကွယ်ရတာ ဖြစ်ပါတယ်။

Supreme ဟာ အခုဆိုရင် ကမ္ဘာမှာ အတုအပပြုလုပ်ခံရဆုံး Brand တွေထဲက တစ်ခုဖြစ်ပြီးတော့ အတုတွေထဲမှာလည်း အရှာဖွေခံရဆုံး Brand ဖြစ်လာခဲ့ပါတယ်။ အပေါ်မှာ ပြောပြခဲ့တဲ့ Supreme Italia ကိစ္စမှာဆိုရင် Trademark ရှေ့နေတွေကိုယ်တိုင်က တရားဝင်အတုဆိုပြီးကို ရည်ညွှန်းကြပါတယ်။ Supreme Italia ကို တရားစွဲဆိုတဲ့ ရှေ့နေ Giovanni Casucci ကတော့ “ဒီကိစ္စက သိပ်ကို ရယ်စရာကောင်းပါတယ်။ အတုပါဆိုတာ သေချာရင်တော့ ဘယ်လိုလုပ်တရားဝင်ဖြစ်နိုင်မှာလဲ” လို့ ပြန်လှန်ချေပခဲ့ပါတယ်။

Supreme Italia ဘက်ကတော့ Supreme ဆိုတဲ့ စကားလုံးဟာ ယေဘူယျဆန်လွန်းတဲ့အတွက် ဈေးကွက်ထဲမှာ ရှိတဲ့ ယှဉ်ပြိုင်ဘက်တွေအားလုံးအတွက် လွတ်လွတ်လပ်လပ်သုံးစွဲခွင့်ရသင့်တယ်လို့ လျှောက်လဲခဲ့ပေမယ့် အီတလီတရားရုံးကတော့ ပယ်ချခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ မူလ Supreme ဟာ အီတလီမှာလည်း လူသိပြီးသား ဖြစ်တဲ့အတွက် ယူငင်သုံးစွဲလို့ မရဘူးဆိုတဲ့ အချက်နဲ့ပါ။

Supreme ဟာ အခုလိုမျိုး မူပိုင်ခွင့်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေရတာ ဖြစ်ပြီး သာမန် တရုတ်နိုင်ငံဖြစ် အတုတွေတင်မဟုတ်ဘဲ ဥရောပနိုင်ငံကြီးတွေကပါ အခုလို ဆင်တူယိုးမှား ကူးချခံနေရတဲ့ အဖြစ်ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အတုတွေ ထွက်ထွက် Supreme ကတော့ Hype တဲ့ လူငယ်တွေကြားမှာတော့ ပန်းပန်လျက်ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle