သက်တံတွေရဲ့အဆုံးသတ်ကို ငါတို့ရောက်ရှိနိုင်မှာလား

သက်တံတွေရဲ့အဆုံးသတ်ကို ငါတို့ရောက်ရှိနိုင်မှာလား

သက်တံတွေဆိုတာ ဒီနောက်ပိုင်းမှာတွေ့ဖို့တောင် ခက်ရှားရှားဖြစ်လာပါပြီ။ ဒါပေမယ့် စာရေးသူတို့ ငယ်ငယ်ကဆိုရင် သက်တံ့တွေဆိုတာ ခဏခဏကိုတွေ့ရတယ်။ သက်တံတစ်စင်းထွက်လာပြီဆိုရင် အဲဒီသက်တံက ဘယ်ကနေပေါ်လာတာလဲဆိုတာ အရမ်းသိချင်ခဲ့တယ်။ ဒါကြောင့် သက်တံတစ်စင်းထွက်လာတိုင်း သူ့ရဲ့အဆုံးသတ် မဟုတ်ရင်လည်း အစပေါ့နော် ၊ အဲဒီကိုရောက်ဖို့ သက်တံနောက်ကိုလိုက်ခဲ့တာပေါ့။ ဒါပေမယ့် သက်တံတွေကလေ လိုက်လေ လိုက်လေ ၊ ဝေးလေ ဝေးလေပဲ။ ဘာလို့လဲဆိုတာကိုလည်း လုံးဝစဉ်းစားမရခဲ့ဘူး။ ဒါပေမယ့်အခုတော့ ဘာလို့လဲဆိုတာကို စာရေးသူသိသွားပြီဖြစ်တဲ့အတွက် စာဖတ်ပရိသတ်တွေကိုလည်း ပြန်ပြီးမ ျှဝေချင်ပါတယ်။

သက်တံတွေကို ဘယ်လိုမှထိတွေ့ကိုင်တွယ်လို့မရတာကို အရှင်းဆုံးပြောရရင်တော့ သက်တံတွေက ခန္ဓာကိုယ်ထုထည်ရှိပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အရာထက် မျက်စိကိုလှည့်စားမှုတစ်ခုသက်သက်ဖြစ်နေလို့ပါ။ သက်တံတွေက မိုးစက်လေးတွေက အလင်းတန်းတွေကို သက်တံရောင်ဖြာထွက်စေတဲ့ အလင်းပေါက်တဲ့ တြိဂံပုံ Prism တွေအဖြစ် လုပ်ဆောင်ပေးလို့ ပေါ်ပေါက်လာတာဖြစ်တယ်။

မိုးစက်လေးတွေက နေရဲ့အလင်းရောင်ကို အလင်းယိုင်စေပြီးတော့ ကိုယ်ကကြည့်နေတဲ့အချိန်မှာ အတွင်းကနေကိုယ့်ဆီကို အလင်းပြန်စေတယ်။ အလင်းရဲ့မတူညီတဲ့လှိုင်းအလျားတွေက မတူညီတဲ့ရှုထောင့်တွေကနေ အလင်းပြန်ကြတယ်။ ဒါကြောင့်မို့လို့ နေရဲ့အဖြူရောင်အလင်းတန်းက စာရေးသူတို့ သက်တံမှာ တွေ့ရတဲ့ အရောင်အစဉ်လိုက်ပြောင်းသွားတာဖြစ်တယ်။ ဒါကိုစိတ်ထဲမှာမှတ်ထားမိပြီဆိုရင် စာရေးသူတို့သိနိုင်တာက သက်တံတစ်ခုရဲ့ရှေ့ကိုတစ်ခါတိုးသွားလိုက်တိုင်း စာရေးသူတို့ဒီသက်တံကိုကြည့်နေတဲ့ရှုထောင့်ကပြောင်းသွားတယ်။

သက်တံ့ရောင်ကိုလူမြင်နိုင်ဖို့ဆိုရင် သက်တံကိုနေရောင်ဟပ်ပြီးတော့ဖြစ်စေတဲ့ ရေစက်လေးတွေကလည်း ကိုယ်နဲ့ဝေးတဲ့အကွာအဝေးတစ်ခုမှာရှိနေမှဖြစ်မယ်။ သဘောပြောရရင် သက်တံရောင်ကိုမြင်နိုင်ဖို့ဆိုရင် ကိုယ်နဲ့ဒီသက်တံ့ကြားမှာ မီတာ ၂ဝ လောက်ကွာရမယ်ပေါ့ကွာ။ သက်တံကမပြောင်းမလဲဘဲရှိနေဖို့ဆိုရင် နေရယ် ၊ ရေစက်ရယ်နဲ့ ကြည်တဲ့သူရဲ့ကြားက ရှုထောင့်က ၄၂ ဒီဂရီဖြစ်နေရမယ်တဲ့။ ဒီတော့ကိုယ်ကသက်တံ့ဆီသွားဖို့ ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ ဒီဂရီလည်းပြောင်းသွားပြီး သက်တံ့လည်း နေရာပြောင်းသွားတာပေါ့။ ဒါကြောင့်စာရေးသူတို့တွေ သက်တံရဲ့အဆုံးသတ်ကို ဘယ်တော့မှမရောက်နိုင်တာလေ။

အဲဒီမှာမေးစရာတစ်ခုရှိလာတာက သက်တံတွေရဲ့အနီးကိုသွားဖို့ မဖြစ်နိုင်တဲ့အတွက် သက်တံပေါ်ကို ကျော်သွားဖို့ဆိုတာ ပိုပြီးတောင်မဖြစ်နိုင်ဘူးပေါ့နော်။ ဒီတော့လေယာဉ်ကြီးကသက်တံပေါ်ကနေဖြတ်မောင်းသွားတာတို့ လေယာဉ်ပေါ်ကနေသက်တံပုံကို နီးနီးလေး ဓာတ်ပုံရိုက်နိုင်တာကရော ဘာကြောင့်လဲပေါ့။ ပြောရရင် လေယာဉ်ပေါ်ကနေ သက်တံကိုနီးနီးကပ်ကပ်မြင်နိုင်တာက လေယာဉ်တွေရဲ့ ပြတင်းပေါက်မှန်တွေမှာရှိတဲ့ Birefringence ဆိုတဲ့ဂုဏ်သတ္တိကြောင့်ပါတဲ့နော်။ Birefringence ဆိုတာ အမြင်ကိုှလှည့်စားနိုင်တဲ့ ဂုဏ်သတ္တိတစ်မျိုးဖြစ်ပြီးတော့ မျက်စိနဲ့ကြည့်လိုက်တဲ့အခါမှာ အလင်းတန်းနှစ်ကြောင်းကွဲထွက်သွားစေတယ်တဲ့။ ကွဲထွက်သွားတဲ့အလင်းတန်းနှစ်ကြောင်းမှာလည်း အရောင်တွေကမတူညီဘဲကွဲထွက်သွားတယ်တဲ့။

ဒီတော့လေယာဉ်ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တဲ့အခါမှာ မှန်ကနေပြီးတော့ မျက်လုံးဆီကို အလင်းတန်းနှစ်တန်းဝင်လာတယ်။ ဒီအလင်းတန်းနှစ်တန်းကတစ်ခုနဲ့တစ်ခုထိမိပြီး အရောင်စုံရောသွားကြတယ်။ ဒီရောသွားတဲ့အရောင်တွေက သက်တံမှာမြင်ရတဲ့အရောင်နဲ့တူနေတာပေါ့။ ဒါကြောင့်လေယာဉ်ပေါ်ကနေတွေ့ရတဲ့ သက်တံဆိုတာက သကတံ့အစစ်မဟုတ်ပဲ သက်တံ့လို့ထင်ရရုံရှိတဲ့ အမြင်လို့ ပြောလို့ ရပါတယ်။

အားလုံးကိုနိဂုံးချုပ်ရမယ်ဆိုရင် စာရေးသူတို့ဘဝမှာ ဘယ်သောအခါမှ သက်တံတွေရဲ့အဆုံးသတ်ကိုရောက်နိုင်မှာမဟုတ်ပါဘူး။ ဘယ်လောက်ပဲ ချစ်ချစ် မပိုင်ဆိုင်ရတဲ့ တိတ်တခိုးချစ်သူလိုပဲ သက်တံတွေဆီ မရောက်နိုင် အဝေးကနေပဲ မြတ်နိုးနေရမှာပဲ ဖြစ်ပါတယ်။

Ref: www.thefactsite.com

Piki(Akhayar)